သတင်း

အမှန်မြင်မှ အမြင်မှန်မည်

 

လှည်းကူးမြို့နယ် ထောက်ကြန့် ဘုရားသုံးဆူကွက်သစ် ရမ္မာဝတီဆရာတော်ကြီး ဘဒ္ဒန္တဣန္ဒကကို လူဆိုးသူခိုး ဖမ်းမိသလိုမျိုး ရိုက်နှက် နှိပ်စက်ကြတဲ့အပြင် အရက်သမားကြီးလုံးလုံးဖြစ်အောင် စွပ်စွဲခဲ့ကြသည့် ဝေဟင် မြေပြင် ပုဂ္ဂိုလ်အားလုံးတို့နှင့်ပတ်သက်ပြီး သတိသံဝေဂရစေချင်၍ ဤဆောင်းပါးကိုရေးပါသည်။

မြတ်စွာဘုရားရှင် သက်တော်ထင်ရှားရှိစဉ်အခါတုန်းက ရဟန်းတစ်ပါးရှိခဲ့ဖူးသည်။ ထိုရဟန်းသည် ရဟန်းခံသည့်နေ့မှစ၍ အမျိုးသမီးတစ်ယောက်၏ အရိပ်ပမာ မကွာထပ်ကြပ် နောက်မှကပ်ပါလာမှုနှင့် ကြုံရ၏။
သို့သော် ထိုရဟန်းကား လုံးဝမသိပေ။

သံဃာ့ပရိသတ်နှင့် မြို့သူမြို့သားအားလုံးကား ထိုရဟန်းကို အော့နှလုံးနာနေကြပေသည်။ ထိုရဟန်းသည် သံဃာတန်းကြီးထဲမှာ ဆွမ်းခံရသည့်အခါ ထိုရဟန်းအား ဆွမ်းလောင်းလှူသော သူများသည် “ဒါက အရှင်ဘုရာ့အတွက်ပါဘုရား၊ ဒါက အရှင်ဘုရားကောင်မလေးအတွက်ပါဘုရား”ဟု ပေါ်ပေါ်တင်တင်ပင် ပြောဆိုလျှောက်ထား၍ လှူဒါန်းလေ့ရှိကြ၏။

အရိပ်ကဲ့သို့ကပ်ပါလာသော ကောင်မလေးကိုအကြောင်းပြု၍ ထိုရဟန်းသည် အခြားရဟန်းတို့ထက် ဆွမ်းတစ်ဇွန်းပိုရနေလေတော့၏။

ထိုရဟန်းကိုအကြောင်းပြု၍ သံဃာများ စိတ်မချမ်းသာကြပါ။ ထို့ကြောင့် အနာထပိဏ်သူဌေးကြီးထံသို့ ကြွရောက်၍ တိုင်ကြားပါတော့၏။

“သူဌေးကြီး! ဒီဒုဿီလ-သီလမရှိသော ရဟန်းကို ကျောင်းတိုက်ထဲမှ နှင်ထုတ်ပေးပါ။ ကျန်တဲ့ရဟန်းတွေ နာမည်ပျက်ကုန်လိမ့်မယ်”ဟု နှင်ထုတ်ခိုင်းသည့်အခါ သူဌေးကြီးက “မြတ်စွာဘုရားရှိနေတာပဲ မြတ်စွာဘုရား သိတော်မူပါတယ်” ဟု ပြန်လျှောက်ထားလေ၏။

ရဟန်းတော်များသည် ကျောင်းဒါယိကာမကြီး ဝိသာခါထံသို့ ဆက်လက် သွားရောက် တိုင်ကြားပြန်ပါသည်။ ဝိသာခကလည်း အနာထပိဏ်နည်းအတိုင်းပင် ပြန်လည်လျှောက်ထားပါသည်။

ထို့နောက် ရဟန်းတော်များသည် ကောသလမင်းကြီးထံ သွားရောက်တိုင်ကြားပြန်ပါသည်။ သာဝတ္ထိပြည်မှ နှင်ထုတ်ပေးဖို့(ဝါ)ပြည်နှင်ဒဏ်ပေးဖို့ တိုင်ကြားခြင်းဖြစ်ပါသည်။ ကောသလမင်းကြီးလည်း ကောင်မလေးနှင့်သတင်းကြီးသော ရဟန်းတော်ကို စောင့်ဖမ်းပါတော့သည်။ ထိုရဟန်းတော်သီတင်းသုံးရာ ကမ္မဋ္ဌာန်းကျောင်းလေးက တစ်ပါးထိုင်ကျောင်းလေးဖြစ်ပါသည်။ လူအပိုထား၍ မရပါ။

လူသံကြားသည့်အခါ ထိုရဟန်းတော်က ကျောင်းအောက်ဆင်းလာပါသည်။ ထိုရဟန်းတော်နောက်မှာ ကောင်မလေးတစ်ယောက်ပါလာပါသည်။ ထိုရဟန်းတော်က ကျောင်းထဲပြန်ဝင်သွားသည့်အခါ ကောင်မလေးက ပျောက်သွားပါသည်။ ကောသလမင်းက ရှိမခိုးပါ။ ရဟန်းတော်ကျောင်းကိုလည်း စစ်သည်တော်များဖြင့် ဝိုင်းထားလိုက်ပါသည်။ ကျောင်းထဲဝင်စစ်ကြည့်သည့်အခါ လုံးဝမတွေ့ရပါ။ ညောင်စောင်း( ခုတင်) အောက်မှာလည်း မရှိပါ။

“အရှင်ဘုရား ကောင်မလေးကို ဘယ်မှာထားပါသလဲဘုရား၊ စောစောက တပည့်တော်မြင်ပါတယ်ဘုရား”ဟု လျှောက်ပါသည်။
ရဟန်းတော်ကား ရိုးသားသူဖြစ်သဖြင့် “ဒကာတော်မင်းကြီး ငါ့လည်း လူတိုင်းက အဲ့လိုပြောနေတာ ခံနေရတာပဲ။ ငါလည်းကောင်မလေးကို မမြင်ရဘူး”ဟု ညည်းတွားပါသည်။ ထိုအခါ ကောသလမင်းက မထေရ်ကို ဆင်းခိုင်းလိုက် တက်ခိုင်းလိုက်ဖြင့် ဆင်းချီတက်ချီ အကြိမ်ပေါင်းများစွာ လုပ်ခိုင်းပါသည်။ အပေါ်လှေကားထစ်မှ အောက်ဆုံးလှေကားထစ်အထိ ကောင်မလေးကပ်ပါလာသော်လည်း ကောင်မလေးကို ဖမ်းမမိပါ။ ကမ္မဋ္ဌာန်းကျောင်းဆောင်ထဲ ရောက်သည့်အခါ ကောင်မလေး လုံးဝမရှိတော့ပါ။

မင်းကြီးလည်း အကြပ်ရိုက်သွားပါသည်။ ၄င်းနောက် မထေရ်ကိုသနားသွားကာ “အရှင်ဘုရား ဒီလိုသာ ကောင်မလေးက တကောက်ကောက် လိုက်နေမယ်ဆိုရင် အရှင်ဘုရားကို ဆွမ်းလှူမည့်သူ ရှိတော့မှာမဟုတ်ဘူးဘုရား၊ ဒါကြောင့် တပည့်တော်ထံ အမြဲကြွပြီး ဆွမ်းအလှူခံတော်မူပါဘုရား”ဟု လျှောက်ထားကာ ပစ္စည်းလေးပါး ဒါယိကာအဖြစ် ခံယူသွားပါသည်။
တိုင်ကြားသူရဟန်းတော်တို့ကား ကောသလမင်းကြီးကို မကျေနပ်ကြပါ။ “ကြည့်ပါဦးကွာ ဒီဒုဿီလကြီးကို နှင်များထုတ်မလားလို့ အောက်မေ့ပါတယ် သူကဆွမ်းခံအိမ်တောင် ဖိတ်သွားသေးတယ်၊ ပစ္စည်းလေးပါးဒါယကာတောင် ခံယူသွားသေးတယ်”ဟု အချင်းချင်း ရင်ဖွင့်ကြပါသည်။

ဤသို့ဖြင့် အစွပ်စွဲခံရသူက တစ်ပါးတည်း။ စွပ်စွဲသူက ရဟန်းအများ အငြင်းပွားကြရာမှ မြတ်စွာဘုရားထံ ရောက်ရှိသွားကြပါတော့သည်။ မြတ်စွာဘုရားက စစ်ဆေးမေးမြန်းပြီးသည့်အခါ သူတို့စွပ်စွဲသည့် မာတုဂါမကို သင်မြင်သလော ဟု မြတ်စွာဘုရားက မေး၏။ မမြင်ပါဟု ရဟန်းတော်ကဖြေ၏။ မမြင်ဘဲလျက် အဘယ့်ကြောင့် သူတို့အား ခွန်းတုန့်ပြန်၍ ရန်တွေ့လေသနည်း”သင်သည် ဤဘဝမှာ မယုတ်မမာ ဖြူစင်ပါ၏။ အတိတ်ဘဝက ယုတ်မာခဲ့သောကြောင့်သာ ယခုကဲ့သို့ အထင်လွဲခံရခြင်းဖြစ်၏”ဟု အစချီကာ အစွပ်စွဲခံရသော ရဟန်းတော်၏ အတိတ်ဘဝကို ပြန်လည်ဟောကြားတော်မူပါသည်။

ကဿပမြတ်စွာဘုရားရှင်လက်ထက်က သူငယ်ချင်းရဟန်းနှစ်ပါး ညီအစ်ကိုအလား လွန်စွာ ညီညွတ်ကြပါသည်။ ထိုအခါ တာဝတိံသာမှ နတ်သားတစ်ပါးက ထိုရဟန်းနှစ်ပါးကို သွေးခွဲလို၍ အမျိုးသမီးတစ်ယောက်အဖြစ်ဖန်ဆင်းလျက် အထင်မှားအောင် လုပ်လိုက်ပါသည်။

မထေရ်တစ်ပါးက မလှမ်းမကမ်းမှာ မတ်တတ်ရပ်ပြီးစောင့်နေစဉ် ကျန်မထေရ်တစ်ပါးက ဆီးသွားပါသည်။ ဆီးသွားသောမထေရ် ပြန်ထွက်လာသည့်အခါ ထိုမထေရ်၏ကျောဘက်နံဘေးမှ အမျိုးသမီးတစ်ယောက်လည်း ကပ်ပါလာပါသည်။ ဆံပင်ကလည်း ဖို့ရို့ဖားလျား၊ အဝတ်အစားကလည်း ဘိုသီဘတ်သီဖြင့် အမျိုးသမီးတစ်ဦး ထိုမထေရ်နှင့် ရင်ပေါင်တန်း လမ်းလျှောက်လာသကဲ့သို့ မြင်လိုက်ရသော သူငယ်ချင်းဖြစ်သူမထေရ်က ခါးခါးသီးသီး ဆန့်ကျင်ပါတော့၏။

“ငါ့ရှင် မင်း သီလပျက်ပြီ၊ မင်းနဲ့ငါ အတူမသွားနိုင်တော့ဘူး” ဟု စွပ်စွဲသည့်အခါ စွပ်စွဲခံရသော ရဟန်းတော်သည် ဦးခေါင်းပေါ်သို့ မိုးကြိုးပစ်သကဲ့သို့ ခံစားလိုက်ရတော့၏။ “ငါ့မှာဘာအပြစ်ရှိလို့လဲ ငါဘာကျူးလွန်မိလို့လည်း”ဟု ငြင်းဆန်သည့်အခါ မယာ သာမံ အက္ခီဟိ ဒိဋ္ဌံ၊ ကိံ တဝ သဒ္ဒဟိဿာမိ (ငါကိုယ်တိုင် တတ်အပ် မြင်လိုက်ရပါလျက်နဲ့ မင်းလိမ်တာကို ငါဘယ်လိုယုံကြည်ရမလဲ?) ဟု ပြန်မေးပါသည်။
ဤသို့ဖြင့် မထေရ်နှစ်ပါး အငြင်းပွားပြီး ဥပုသ်အတူတူ မပြုကြတော့ပါ။ စွပ်စွဲခံရသူမထေရ်ကလည်း ငါ့မှာ ကိုယ်ကျင့်သီလနှင့်ပတ်သက်ပြီး မြူမှုံတစ်ခုမျှလောက်ပင် အမည်းစက်မရှိခဲ့ပါဟု ချေပသော်လည်း မယာ သာမံ ဒိဋ္ဌံ(ငါကိုယ်တိုင်မြင်ခဲ့ရတာ)ဟုသာ တတ်အပ်စွပ်စွဲခံရသည်နှင့် ကြုံသည်ချည်းဖြစ်ခဲ့ပါတော့၏။

ထိုအခါ ကြည်စားမိသောနတ်တစ်ပါးက “ငါတော့ ဝန်လေးတဲ့အမှုကို ကျူးလွန်မိပြီ” ဟု နောင်တရကာ ကိုယ်ထင်ပြလျက် ပြန်စေ့စပ်ပေးပါသည်။ “အရှင်ဘုရား ဒီမထေရ် သီလမပျက်ပါ ဒီမထေရ်၏ သီလကို စမ်းချင်သဖြင့်သာ အမျိုးသမီးအသွင် ဖန်ဆင်းခဲ့ခြင်းဖြစ်ပါသည်” ဤသို့ စေ့စပ်ပေးပါသော်လည်း အဖော်မထေရ်က လုံးဝလက်မခံပါ။ နောက်ဆုံးတွင် သွေးခွဲပေးသောနတ်သည် အဝီစိသို့ ကျရောက်ပြီး ဂေါတမမြတ်စွာဘုရားပွင့်သည့်အခါမှ ရဟန်းဘဝ ရရှိခဲ့ခြင်းဖြစ်ပါသည်။
ယခု မျက်မှောက်ဘဝမှာ ကောင်မလေးတစ်ယောက် တစ်ကောက်ကောက် ကပ်ပါလာသည်ဟု အထင်လွဲခံရသောရဟန်းသည် ယခင် ရဟန်းနှစ်ပါးကို ညီညွတ်မှုပျက်ပြားအောင် အမျိုးသမီးနှင့် ပုံမှားရိုက်ခဲ့သော နတ်သားဘဝမှ ရောက်ရှိလာသူ ဖြစ်ပါသည်။

မိန်းကလေးတစ်ယောက်နှင့် သတင်းကြီးနေသော အစွပ်စွဲခံရသည့် ရဟန်းတော်ကို မြတ်စွာဘုရားက ဤသို့ ဆုံးမတော်မူပါသည်။

မာဝေါစ ဖရုသံ ကဉ္ဇိ၊ ဝတ္တာ ပဋိဝဒေယျ တံ။
ဒုက္ခာ ဟိ သာရမ္ဘကထာ၊ ပဋိဒဏ္ဍာ ဖုသေယျ တံ။
မည်သူ့ကိုမျှ ကြမ်းတမ်းသောစကားကို မဆိုနှင့်၊ သင်က သူတစ်ပါးကို ကြမ်းတမ်းစွာ ဆိုလျှင် သူတစ်ပါးကလည်း သင့်ကို ကြမ်းတမ်းစွာပင် ပြန်လည် ပြောဆိုကြပေလိမ့်မည်။

သူတစ်ပါးကို စကားဖြင့် ချုပ်ချယ်ခြင်းသည် ဆင်းရဲကြောင်းတည်း။ သူတစ်ပါး၏ တုန့်ပြန်ဒဏ်ကိုသာ သင် ခံရပေလိမ့်မည်။
သစေ နေရေသိ အတ္တာနံ၊ ကံသော ဥပဟတော ယထာ။
ဧသ ပတ္တောသိ နိဗ္ဗာနံ၊ သာရမ္ဘော တေ န ဝိဇ္ဇတီတိ။
အနားရေး၌ပြတ်သော ကြေးခွက်ကဲ့သို့ မိမိကိုယ်ကိုယ် မည်သည့်အသံမျှမထွက်ဘဲ မတုန်မလှုပ် နေထိုင်နိုင်လျင် နိဗ္ဗာန်သို့ရောက်မည်၊ နိဗ္ဗာန်ရောက်သောသင့်အား မည်သူကမျှ စကားဖြင့် ချုပ်ချယ်၍ မရတော့ပေ။ (ဓမ္မပဒပါဠိတော်၊ ဒဏ္ဍဝဂ်၊ ကောဏ္ဍဓာနတ္ထေရဝတ္ထု။ ဓမ္မ။ ဋ္ဌ။ ၂။ ၃၇။)

ကြေးခွက်ဥပမာကား ဤသို့တည်း။ အပေါ်နှုတ်ခမ်းသားများ ကျိုးပဲ့ပျက်စီးနေသော ကြေးဖလားတစ်လုံးကို မည်သည့်အရာဝတ္ထုဖြင့် တီးခေါက်စေကာမူ ထိုကြေးဖလားစုတ်မှ အသံလုံးဝမထွက်နိုင်တော့သကဲ့သို့ မိမိကိုယ် ထိုးကြိတ် ကန်ကျောက် ရိုက်နှက်လာသည့်အခါမှာလည်း မကျေနပ်သည့်အသံမျိုး ပြန်လည်ဆဲဆိုသည့်အသံမျိုး လုံးဝမထွက်အောင် ကျင့်ရမည်ဟု ဆိုလိုပါသည်။ ရဟန်းအများက သင့်ကို ဒုဿီလဟု စကားဖြင့် ချုပ်ချယ်လာသည့်အခါ သင်က ရဟန်းအများကို သင်တို့လည်း ဒုဿီလတွေပဲဟု ပြန်လည် မချုပ်ချယ်သင့်ပါဟု ဆိုလိုပါသည်။ ဒေသနာတော်၏အဆုံး၌ ကောဏ္ဍဓာနမထေရ်သည် ရဟန္တာဖြစ်သွားခဲ့လေသည်။

ဒေသနာတော်၏ ဆိုလိုရင်းကိုပြောရလျင် ရဟန်းတော်များ အမြင်မှန်သော်လည်း အမှန်ကိုမမြင်ခဲ့ကြပါ။ ထို့ကြောင့် ငါကိုယ်တိုင်မြင်ခဲ့တာ ငါ့မျက်လုံးနဲ့ တပ်အပ်မြင်ခဲ့တာ ဟု အမြင်ကိုအားကိုးအားထားပြုပြီး သူတစ်ပါးကို စွပ်စွဲလျှင် မြင်သည့်အတိုင်းမဟုတ်ခဲ့သော် လွန်စွာအပြစ်ကြီးမားပါသည်။ ထို့ကြောင့် ဟိုဟိုသည်သည် အထောက်အထားလေးများကို ကိုးကား၍ သူတစ်ပါးကို အထင်အမြင်မျှဖြင့် မစွပ်စွဲသင့်ပါ။ စွပ်စွဲလျင် လွန်စွာအပြစ်ကြီးမားပါသည်။

အစွပ်စွဲခံရသောရဟန်းသည်လည်း ဒေါသအလျောက် မဟုတ်မခံ ခွန်းတုန့်ပြန်တာမျိုးကို ဘုရားမကြိုက်ပါ။ ကြေးဖလားစုတ်ကြီးကဲ့သို့ မည်သို့ပုတ်ခတ်ပုတ်ခတ် အသံမထွက်ဘဲ နေနိုင်ရမည်ဟု ဆိုလိုရင်းဖြစ်ပါသည်။

အတိတ်ဘဝက ရဟန်းနှစ်ပါးကို အထင်အမြင်လွဲမှားအောင် ပြုစားခဲ့သော အကုသိုလ်ကံကြောင့် ယခုဘဝမှာ ဖြူစင်သော်လည်း စွပ်စွဲခံရသည်ကို သင်္ခန်းစာယူကာ သူတော်ကောင်းအပေါ် ကံသုံးပါးဖြင့် မပြစ်မှားမိကြဖို့ မေတ္တာကရုဏာအပြည့်အဝဖြင့် သတိပေးအပ်ပါသတည်း။

ဝီရသူ(မစိုးရိမ်)
5.12.2017
PM 10:41