Uncategorizedဆောင်းပါး

“အာဏာထိန်းတပ်မတော်နှင့် ကယ်တင်ရှင်တပ်မတော်”

“အာဏာထိန်းတပ်မတော်နှင့် ကယ်တင်ရှင်တပ်မတော်”

သင်္ဃန်းဖြူဆရာတော်

(14.10.2021 ရက်နေ့ထုတ် အတွဲ(၂) အမှတ်(၄၃) Golden Hand ဂျာနယ်မှ ကူးယူဖော်ပြသည်။)

ဖေဖော်ဝါရီလ ၁ ရက် အာဏာထိန်းသည့်သတင်း ကြားသိရချိန်၌ စာရေးသူတစ်ပါးတည်း စာရေးသားနေချိန်ဖြစ်၏။ ရေးလက်စစာ အဆုံးသတ်ပြီးမှ ၎င်းသတင်းကို ပြန်လည်ဆင်ခြင်မိ၏။

          ၂၀၁၀ ပြည့်နှစ် လူထုခေါင်းဆောင်မေမေ နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်သည့်သတင်း ကြားရစဉ်ကလည်း စာရေးသူ အိုးဘိုထောင်မှာ ရှိနေ၏။ FM ရေဒီယိုမှတစ်ဆင့် တိတ်တဆိတ် သိရှိရသော်လည်း ပီတိအဟုန်ကြောင့် မိမိစိတ်ကို မထိန်းချုပ်နိုင်တော့ပေ။ အခန်းသားတွေသိလျှင်လည်း သိပါစေတော့ဟု သဘောထားကာ ၀မ်းသာအားရ သီချင်းတွေဆိုမိသွား၏။ ထိုသီချင်းကို စာရေးသူကိုယ်တိုင် ရေးသားခဲ့ခြင်းဖြစ်၏။ သီချင်းအမည်က “အောင်ဆန်းသွေးဇာနည်”ဟူ၏။ ၅(ည) များနှင့် အခြားအကျဉ်းသားများ အားအပေးဆုံး သီချင်းဖြစ်၏။ စာရေးသူက သီဆို၊ ကပ္ပိယလေးက တီးလုံးလိုက်၊ ဘေးခန်းများက လက်ခုပ်တီး၍ အားပေးကြ၏။ ပျော်စရာအတိပင်။ ယခုအထိ ပြန်တွေးမိတိုင်း လွမ်းမောပျော်ရွှေင်နေသေး၏။ “မြန်မာ့ဒီမိုကရေစီခေါင်းဆောင် လွတ်ပြီဟေ့၊ မြန်မာ့နိုင်ငံရေး အရုဏ်ဦးလင်း ရောင်ခြည်လေး သန်းလာပြီဟေ့”ဟု စိတ်ထဲမှာတွေးကာ ၀မ်းအသာကြီးသာနေရာမှ ရင်ထဲမဆံ့ ပွင့်အန်ထွက်ကျသွားခဲ့သည်ကား “အောင်ဆန်းသွေးဇာနည်” မြန်မာသံစဉ်တေးသီချင်းပင်တည်း။

          ယခု ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက် အာဏာရပါတီနှင့် အာဏာပိုင်အစိုးရ အာဏာထိန်းခံလိုက်ရသည့် အခါ၌ကား စာရေးသူ အင်းစိန်တောရ သီးသန့်ရိပ်သာတွင် သီတင်းသုံးနေခိုက်ဖြစ်သော်လည်း စာရေးမပျက်ခဲ့ပေ။ အဘယ့်ကြောင့်ပါနည်း။ သူလွတ်မြောက်စဉ်က ပျော်ခဲ့သည့်အလျောက် သူအဖမ်းခံရသည့်အခါ ကိုယ့်မဟုတ်သကဲ့သို့ နေတတ်သွားခြင်း၊ နေနိုင်သွားခြင်းကား အဘယ့်ကြောင့်  ဖြစ်ပါသနည်း။  ခေတ်ကာလကြောင့်လော၊ အတွေးအခေါ်၊ အသိအမြင်များကြောင့်လော စောကြောရန်တော့ လိုအပ်နေပေသည်။ ယေဘုယျအဖြေပေးနိုင်သည်မှာ အတွေ့အကြုံ ရင့်ကျက်နေပြီဖြစ်သော နိုင်ငံရေးသမာဓိကြောင့်ဟုပြောလျှင် လွန်အံ့မထင်ပေ။ မှန်၏။ ယခင်အရွယ်နှင့် ယခုအတွေးအမြင် ဆိုရပါလျှင် သီချင်းထဆိုပစ်လိုက်မည်လော၊ ကျွမ်းထပစ်လိုက်မည်လော၊ တစ်နည်းနည်းဖြင့် အောင်ပွဲခံမိမည်မှာ သေချာသလောက်ပင်။ ယခင်ကဲ့သို့ ပရိသတ်အများအပြားနှင့် နေရပါမူ ကျွမ်းပစ်လိုက်မည်မှာ ပို၍သေချာလေ၏။ ယခုမူ စာရေးသူမှာ ၂၄ နာရီ တစ်ပါးတည်းနေရ၏။ အခန်း ၁၂ ခန်းရှိသော တိုက်ဆောင်ကြီးတွင် အမှတ် ၄ အခန်း ၌ တစ်ပါးတည်းနေရသော တကယ့်တစ်ပါးတည်းဖြစ်၏။ အခြားအခန်းများ၌ မည်သည့်ယောဂီမျှမရှိသော ဧကစာရီ တစ်ပါးတည်းဖြစ်သဖြင့် တည်ငြိမ်ရင့်ကျက် စာရေးမပျက်ခြင်း ဖြစ်လေသတည်း။

          သတင်းများ၌ နိုင်စီမံ ဖွဲ့စည်းပုံကို ဆက်လက်ဖတ်ရှုရ၏။ မိမိသိသူများလည်းပါ၏။ မသိသူများလည်းပါ၏။ မိမိသိသူများတွင် လူချင်းဆုံဖူးသူလည်းပါ၏၊ မဆုံဖူးသူလည်းပါ၏။ ဖဒိုမန်းငြိမ်းမောင်၊ ဦးသိန်းညွန့်၊ ဦးခင်မောင်ဆွေ၊ ဒေါ်အေးနုစိန်တို့ ပါဝင်သည်ကိုတွေ့မြင်ရ၍ ၀မ်းသာသွား၏။ ဒေါ်သက်သက်ခိုင်ကို ပြည်ထောင်စုဝန်ကြီး ခန့်လိုက်သည့်သတင်းက အပျော်ဆုံးဖြစ်စေပါမည်။ ထို့ပြင် ၀ါရင့်စာရေးဆရာကြီးများဖြစ် သည့် ဦးကိုကို (ကို-စစ်တက္ကသိုလ်)၊ ဦးချစ်နိုင် (ချစ်နိုင်-စိတ်ပညာ)၊ ဦးကိုကိုလှိုင် (ကိုကိုလှိုင်) တို့ကို တွေ့မြင်လိုက်ရသည့်အခါ လူမှန်၊ နေရာမှန် ရွေးချယ်တတ်သော နိုင်စီမံ ဥက္ကဋ္ဌကြီးကို မချီးကျူးဘဲ မနေနိုင်တော့ပေ။

          အခြားတစ်ဖက်၌မူ တောင်းပွဲ၊ တိုက်ပွဲများ၊ မှောက်ပွဲ၊ ခြောက်ပွဲများ ပြုလုပ်နေကြ၏။ အားလုံးကို စာနာမိလေသည်။ ၈၈ အာဏာသိမ်း ဖြစ်စဉ်ကမူ စာရေးသူကိုယ်တိုင် စစ်သားများကို လောက်လေးခွဖြင့် လိုက်ပစ်ခဲ့ဖူး၏။ ဂျင်ဂလိများလည်း အမြဲဆောင်ထားခဲ့ဖူး၏။ ဟွန်းဖြင့် လိုက်လံကြေညာနေသော စစ်ကားကို ဂျင်ဂလိနှင့်ပစ်၏။ သစ်ပင်ကွယ်ကာ ကင်းပုန်းဝပ်နေသော စစ်သားလေးကို စေတီပေါ်တက်၍ လေးခွဖြင့်ပစ်၏။ သေနတ်ကိုင်ထားသော စစ်သားလေးက ပြန်မပစ်ဘဲ လောက်စာလုံးကိုရှောင်ကာ မော့၍သာ ပြန်ကြည့်နေရှာ၏။ လက်ပစ်ဗုံးအဟောင်းများကို လွယ်အိတ်ထဲထည့်ကာ စစ်ကားများကို ဗုံးဖြင့်ပစ်ရန်အထိ ကြံစည်ခဲ့ဖူး၏။ သို့သော် စစ်အစိုးရနှင့် စစ်တပ်၊ စစ်အာဏာရှင်နှင့် စစ်သား ခွဲခြားတတ်လာသောအခါ၌ကား နိုင်ငံရေးဝိပလ္လာသ ခေါ် နိုင်ငံရေးအထင်အမြင်လွဲမှားမှု တိမ်သလ္လာများ ကွာကျသွားခဲ့လေတော့၏။ ထိုအခါ ကင်းပုန်းဝပ်နေသော စစ်သားလေးကို သနားနေမိ၏။ ပြန်မြင်ယောင်မိတိုင်း နောင်တရနေတတ်၏။ သူတို့သည် ရန်သူများမဟုတ်ကြပါ။ သူတို့သည် တိုင်းပြည်ကို ကာကွယ်နေသော လုံခြုံရေးဝန်ထမ်းများ ဖြစ်ကြပါသည်။ တစ်နည်းအားဖြင့် ပြည်သူလူထု၏ အသက်အိုးအိမ် စည်းစိမ်ကို ကာကွယ်စောင့်ရှောက်နေသော ကျေးဇူးရှင်များ ဖြစ်ကြပါသည်။

          အင်းစိန်တောရသည် လူ့ပြည်နှင့်နီး၏။ ထို့ကြောင့် လူ့ပြည်မှအသံများကို အမြဲကြားနေရ၏။ အသံချဲ့စက်ဖြင့် နိုင်ငံရေးသီချင်းဖွင့်သံများ၊ ကြွေးကြော်သံတိုင်ပေးသံများ အတိုင်းသားကြားရ၏။ နောက်ကလိုက်ဆိုသော လူစုအသံများကိုမူ သဲကွဲစွာမကြားရပေ။ ၂၀၀၇ ရွှေဝါရောင်အရေးအခင်းကြီးကို သတိရမိ၏။ ထိုစဉ်က မန္တလေးတိုင်း  ကြံ့ခိုင်ရေးခေါင်းဆောင်တစ်ဦး အိုးဘိုထောင်သို့ရောက်လာကာ စာရေးသူကို အကူအညီတောင်းဖူး၏။ ရွှေဝါရောင်တွင် ပါဝင်သော သူငယ်ချင်းများ၊ တပည့်များကို စာရေးသား မေတ္တာရပ်ခံပေးရန် လာရောက်လျှောက်ထားခြင်းဖြစ်၏။ “အကျဉ်းသားက အကူအညီတောင်းရမည်ကို တိုင်းအဆင့်ရှိသူတစ်ဦးက အကူအညီတောင်းနေ၏”ဟု စိတ်ထဲ၌ ကျိတ်တွေးနေမိ၏။ အကယ်၍  “အရှင်ဘုရားကို လွှတ်ပေးပါမည်။  ရွှေဝါရောင်ရပ်တန့်ရေး  မေတ္တာရပ်ခံစာလေးတစ်စောင်  ရေးပေးပါ”  ဆိုလျှင်ပင်  “မလွတ်လျှင်နေပါစေ ၊ ရေးမပေးနိုင်”ဟု  ခံယူထားသူဖြစ်၏။ အကြောင်းမှာ နိုင်ငံရေးအသေမခံနိုင်သောကြောင့်တည်း။ ရွှေဝါရောင်ကာလ၌ စာရေးသူက အိုးဘိုအကျဉ်းသား၊ ယခုက အင်းစိန်အချုပ်သား။ ထိုစဉ်ကလည်း စစ်အစိုးရ၊ ယခုလည်း စစ်အစိုးရ။ ထိုစဉ်ကလည်း ငြိမ်းချမ်းစွာဆန္ဒပြ၊ ယခုလည်း ငြိမ်းချမ်းစွာဆန္ဒပြ။ သို့ပါလျက် ရွှေဝါရောင်တွင် ၀မ်းအသာကြီး ပျော်မြူးခဲ့ပြီး ယခုမူ အဘယ့်ကြောင့် ရင်မခုန်ရသနည်း။ အမေစုဒီမိုကရေစီကို စိတ်ကုန်သွားသောကြောင့်ဖြစ်၏။ မှန်၏။ အမျိုးသားဒီမိုကရေစီ အမည်နှင့်အညီ အမျိုးသားရေးနှင့် ဒီမိုကရေစီရေးကို ဟန်ချက်ညီစွာ ဖော်ဆောင်ပေးလိမ့်မည်ဟု ထိုသူ့အပေါ် ယုံကြည်အားထားမိခဲ့၏။ အမျိုးသားရေးကို ရန်သူကဲ့သို့သဘောထား၊ ဒီမိုကရေစီ ဗန်းပြပြီး ထာဝရအာဏာ တည်မြဲရေးသာ လုပ်လာသောကြောင့်ဖြစ်၏။ စာဖွဲ့ရမည်ဆိုလျှင် “ပြောမဆုံးပေါင်၊ တောသုံးထောင်”ပင်။ မည်သို့ဆိုစေ ယခုအခါ နေရာအနှံ့ ဆူပူဆန္ဒပြနေသော လူစုများကို စာနာမိသည်ကား အမှန်ပင်။ ထိုလူစု ငြိမ်းချမ်းစွာ ဖွင့်ဟနေသည်ကို လွှတ်ပေးထားသည်ကလည်း ကျေးဇူးတင်စရာပင်။ အကယ်၍များ ထိုသို့မလွှတ်ထားလျှင်ဖြင့် “အမေသေ၍မှ ငိုခွင့်မရသည့် ကလေးပမာ တက်သေသွားပေလိမ့်မည်”ဟုလည်း စာနာစိတ်ဖြင့် တွေးနေမိပေသည်။ ခက်သည်ကား တော်တန်ရုံ မငိုခြင်းပင်။ အမေသေ၍ ငိုသည်ပင်ထားပေဦးတော့ မိသားစု အလုပ်ပျက်အကိုင်ပျက် ဖြစ်စေသည်အထိတော့ ငိုရန်မသင့်ပေ။ ယခုမူကား စိတ်ပျက်စရာ။ စိတ်မရှည်သည့် မိဘမျိုးဆိုလျှင် နားရင်းပါးရင်းအုပ်ကာ အငိုတိတ်အောင် လုပ်ပစ်လိုက်ကြပေလိမ့်မည်။ စီးပွားပျက်စေသည်အထိ ငိုသည်ကလည်း မကောင်းပေ။ စီးပွားဖြစ်ငိုသည်ကလည်း မကောင်းပေ။ ငိုသူက စီးပွားဖြစ်သော်လည်း တိုင်းပြည်က စီးပွား ပျက်နိုင်သောကြောင့်ဖြစ်၏။ ထို့ကြောင့် “ငိုလိုလျှင်ငိုပါ၊ သို့ပေမဲ့ အလွန်အကျွံကြီးတော့ မငိုပါနှင့်”ဟု သတိပေးလိုက်ခြင်း ဖြစ်ပါ၏။

          ဆူပူသတင်းအပြင် ခြောက်၊ မှောက် သတင်းများလည်း ဖတ်ရ၏။ ခြိမ်းခြောက်သည်၊ သပိတ်မှောက်သည်။ ခြိမ်းခြောက်မှုကား အနည်းငယ်မျှသာ ဖြစ်သော်လည်း သပိတ်မှောက်သူကား များပြားလှ၏။ ထိုတွင် ဆေးရုံသပိတ်က ပို၍ကြီး၏။ အကြီးဆုံးသပိတ် “ဥက္ကဋ္ဌုက္ကဋ္ဌ”ဟုပင် ဆိုနိုင်၏။ အထိနာသူကား ပြည်သူများဖြစ်နေ၏။ စိတ်မကောင်း ဖြစ်ရ၏။ လုံးဝစိတ်မကောင်း ဖြစ်ရ၏။ ကျင့်ဝတ်ဆိုသည်ကို ထားဘိဦး။ ၀န်ထမ်းအဓိပ္ပာယ်ကိုပင် နားလည်ကြပါ၏လော။ ၀န်ထမ်းဟူသည် အဘယ်သူ၏ ၀န်ထမ်းနည်း။ အဘယ်ဝန်ကို ထမ်းသူများကို ခေါ်သနည်း။ ကုမ္ပဏီဝန်ထမ်းလော၊ နိုင်ငံ့ဝန်ထမ်းလော၊ အစိုးရ၀န်ထမ်းလော၊ ပြည်သူ့ဝန်ထမ်းလော မိမိကိုယ်ကို စောကြာရန်လိုအပ်၏။ နိုင်ငံ့ဝန်ထမ်း သို့မဟုတ် ပြည်သူ့ဝန်ထမ်းဟု ခံယူထားလျှင် မည်သည့်အစိုးရတက်တက် နိုင်ငံ့ဝန်ကို အမြဲတမ်း ထမ်းနေရမည်။ ပြည်သူ့ဝန်ကို အမြဲတမ်း ထမ်းနေရမည်။ ယုတ်စွအဆုံး ကိုလိုနီလက်အောက် ရောက်နေလျှင်ပင် ပြည်သူ့ဝန်ကို ထမ်းနေရမည်။ ပြည်သူကို ပစ်ထား၍မရ။ ပြည်သူကို ပစ်ထားရန်မသင့်။ ယခုမူကား မိမိပါတီအစိုးရဆိုလျှင် ၀န်ကိုထမ်းမည်။ မိမိပါတီ အစိုးရမဟုတ်လျှင် ၀န်ကိုမထမ်းဟု ဆိုလိုရာရောက်နေ၏။ ပြည်သူ့ဝန်ထမ်း မဟုတ်တော့ပြီ။ ပါတီဝန်ထမ်း ဖြစ်သွားချေပြီ။ နိုင်ငံ့ဝန်ထမ်း မဟုတ်တော့ပြီ။ အစိုးရ၀န်ထမ်း ဖြစ်သွားချေပြီ။ မိမိလစာယူနေသည့်ငွေက ပါတီ၏ငွေလည်းမဟုတ်၊ အစိုးရ၏ငွေလည်းမဟုတ်။ ပြည်သူ့ဘဏ္ဍာ၊ ပြည်သူ့ငွေများဖြစ် နေလေ၏။  ပြည်သူ့ထမင်းစားကာ ပြည်သူ့ဝန်ကို မထမ်းဘဲ ပါတီ၏၀န်ကို ထမ်းနေသည်ဆိုကတည်းက ထိုသူသည် လူကောင်းသူကောင်း မဟုတ်တော့ပြီ။ ထမင်းအမြဲကျွေးသည့် အိမ်ဖော်ကိုသာ သခင်ထင်၍ အိမ်ရှင်အစစ်ကို ရန်သူထင်နေသော ခွေးကလေး၊ ကြောင်ကလေးမျှသာ ဖြစ်ချေ၏။ ထို့ကြောင့် ၀န်ထမ်းများ မိမိဘ၀ကိုမိမိ ပြန်လည်ဆင်ခြင်စေလို၏။ သခင်စစ်ကို မထိခိုက်သော နည်းဗျူဟာ၊ တစ်နည်းအားဖြင့် ပစ်မှတ်ကို တည့်တည့်ထိသော နည်းဗျူဟာမျိုးကိုသာ  ရွေးချယ်၍ ပြည်သူထံမှ တစ်ဆင့်သွားသော နည်းဗျူဟာများကို လုံးဝမသုံးမိရန်လို၏။

          နိုင်စီမံအစိုးရနှင့် ပူးပေါင်းသည့် ပါတီများလည်းရှိ၏။ မပူးပေါင်းသည့် ပါတီများလည်းရှိ၏။ ပူးပေါင်းဆောင်ရွက်ခြင်းကိုပင် လူမိုက်အားပေးလုပ်ရပ်အဖြစ် ရှုမြင်နေကြသူများလည်းရှိ၏။ ထိုသို့ ၀ိုင်းဝန်းထိန်းကျောင်းမှုမရှိသောကြောင့် အာဏာထိန်းအစိုးရမှ စစ်အာဏာရှင်အစိုးရအဆင့်ထိ  ရောက်ရှိသွားကာ အာဏာရှင်သက်ဆိုး (ဇိုးဝ်) ရှည်ခဲ့ရသည့် သမိုင်းဖြစ်ရပ်ဆိုးကို သင်ခန်းစာယူသင့်လှပေသည်။

          ၂၀၁၂ ခုနှစ် ထောင်မှလွတ်သည်မှစ၍ လွှတ်တော်ပြင်ပနိုင်ငံရေးဟုဆိုကာ တစ်သက်လုံး ဇိမ်ခံစားသောက်၍ စည်းစိမ်ယစ်မူးနေခဲ့ကြသော ဂျော့ဆိုးရော့၏ မွေးစားသားကြီးများ တစ်စခန်းပြန်ထလာသည်ကိုလည်း တွေ့ရ၏။ ၎င်းတို့လည်း သခင်အားရစေရန် နည်းမျိုးစုံဖြင့် လှုံ့ဆော်ဖန်တီးနေ၏။ သို့သော် အကွက်ဟောင်းကြီးပင်။ “ဗျူဟာသစ်လေးဘာလေး ထွင်ကြပါဦးလား”ဟု အားမလိုအားမရ ပြောထည့်လိုက်ချင်သေး၏။ ပြည်သူများ သမိုင်းကိုသင်ခန်းစာယူတတ်ရန် လိုအပ်နေပေပြီ။ မြန်မာ့နိုင်ငံရေး၌ အာဏာရှင်သက်ဆိုးရှည်ရခြင်း၏  အဓိကတရားခံသည် နိုင်ငံရေးသမားများပင်တည်း။ မှန်၏။ ၎င်းတို့၏ နိုင်ငံရေးဝိသမလောဘကြောင့် အာဏာရှင်စနစ် စတင်ပေါ်ပေါက်လာခြင်း၊ အာဏာရှင်စနစ် သက်ဆိုးရှည်များနှင့် ကြုံခဲ့ရခြင်းဖြစ်၏။ ယခုလည်း ထိုသူတို့သည် အာဏာထိန်းအစိုးရမှ အာဏာရှင် အစိုးရအဆင့် ရောက်ရှိစေနိုင်မည့် ဗျူဟာဟောင်းများကို  ပြန်လည်ကျင့်သုံးနေကြပေ၏။

          အာဏာထိန်းအစိုးရအတွက် အခြေခံဥပဒေက ပေးထားသည့်အခွင့်အရေးကား နှစ်နှစ်ဖြစ်၏။ ပထမတစ်နှစ်၊ ဒုတိယခြောက်လ၊ တတိယခြောက်လတို့ ဖြစ်၏။ ယခု နိုင်စီမံ ဥက္ကဋ္ဌက နိုင်ငံတော်ကို အရေးပေါ်ကာလ တစ်နှစ်ကြေညာထားပြီး အရေးပေါ်ကာလပြီးဆုံး၍ လုပ်ဆောင်သင့်၊ လုပ်ဆောင်ထိုက်သည်များ ဆောင်ရွက်ပြီးစီးပါက သန့်ရှင်းသောရွေးကောက်ပွဲကို ကျင်းပပေးမည်ဟု အကြိမ်ကြိမ်ကတိပေးထား၏။ ထိုကတိတည်မြဲခိုင်မာစေရန် ပါတီများ၊ ပြည်သူများက ၀ိုင်းဝန်းထိန်းကျောင်းသွားရမည်သာဖြစ်၏။ တောင်းပွဲ၊ တိုက်ပွဲများလုပ်နေကာ ဆက်လက်ဆန့်ကျင် နေဦးမည်ဆိုလျှင် ပထမတစ်နှစ်မှ ဒုတိယခြောက်လသို့လည်း  ရောက်ရှိသွားနိုင်၏။  တတိယခြောက်လသို့လည်း ရောက်ရှိသွားနိုင်၏။  နောက်ဆုံးအနေဖြင့် စစ်အာဏာရှင်ဘ၀သို့လည်း လုံးလုံးကြီး ပြန်ရောက်သွားစေနိုင်၏။ အစိုးရကတိတည်ရေးသည် ပထမ၊ သန့်ရှင်းသောရွေးကောက်ပွဲသည် အဓိက၊ စစ်မှန်သော ပါတီစုံဒီမိုကရေစီစနစ် ပေါ်ထွန်းလာရေးသည် ပဓာနဟူသော မူဝါဒများဖြင့် ပန်းတိုင်ကို လှမ်းကိုင်နိုင်ရန်သာ ကြိုးစားသင့်လှပေသည်။

          အာဏာထိန်းသည်ဆိုတိုင်းလည်း ရန်သူဟု သတ်မှတ်၍မရ။ အကြောင်းကား ကောင်းသော အာဏာထိန်းခြင်း၊ အာဏာသိမ်းခြင်းမျိုးလည်း ရှိသေးသောကြောင့်တည်း။ ဥပမာ-အိမ်နီးချင်းထိုင်းနိုင်ငံ၌ မကြာခဏ အာဏာသိမ်းမှု ဖြစ်ပွားလေ့ရှိ၏။ စစ်တပ်က အာဏာသိမ်းသည့်အခါများကို ကြည့်မည်ဆိုလျှင် ရှပ်နီနှင့် ရှပ်ဝါ ရန်ဖြစ်နေကြချိန်ချည်း ဖြစ်နေ၏။ ထို့ကြောင့် အာဏာသိမ်းလျှင် ထိုင်းပြည်သူများက  ကျေနပ်၏။  ကျေနပ်မည်ဆိုလျှင်လည်း ကျေနပ်စရာပင်။  မည်မျှပင် အာဏာသိမ်းစေကာမူ ဒီမိုကရေစီ နောက်ပြန်မကျော့သွားခြင်းဖြစ်၏။ စီးပွားရေးမကျဆင်းသည့်အပြင် တည်ငြိမ်အေးချမ်းရေးအနှစ်သာရကိုပါ ခံစားရသောကြောင့်ဖြစ်၏။ ထို့ကြောင့် အာဏာသိမ်းတိုင်းလည်း သိမ်းသူကို လူဆိုးဟုဆို၍ မရပေ။

          မြန်မာ့တပ်မတော်ကြီး နိုင်ငံရေးအထိနာခဲ့ဖူးသော သမိုင်းတစ်ရပ်ရှိခဲ့ဖူး၏။ ကမ္ဘာတွင် လူဆိုးအဖြစ် ပုံဖော်ခံရသည်အထိ သမိုင်းနစ်နာခဲ့ဖူးခြင်းဖြစ်၏။ အကြောင်းရင်းမှာ စစ်အာဏာရှင်သက်ဆိုးရှည်ခဲ့မှုပင်။ ယခုတစ်ဖန် အာဏာထိန်းခြင်း၌  မြန်မာ့တပ်မတော်ကို ပြန်လည်၍  အဖတ်ဆယ်ခွင့် ရနိုင်၏။ မင်းမှာသစ္စာ လူမှာကတိ ဟူသည်နှင့်အညီ ကတိတည်စွာ အကောင်အထည် ဖော်ဆောင်ပေးလိုက်လျှင် အားလုံးအမြင်ရှင်းသွားမည်ဖြစ်၏။  နောင်အခါ အာဏာရပါတီ အသုံးမကျလျှင်ဖြစ်စေ၊ နိုင်ငံရေးပါတီများ ရန်ဖြစ်လျှင်ဖြစ်စေ တပ်မတော်ကို ပြည်သူများက  ပြန်လည်တမ်းတနေရမည့်  ခေတ်တစ်ခုဆီသို့၊ တစ်နည်းအားဖြင့် အာဏာထိန်းတပ်မတော်မှ ကယ်တင်ရှင်တပ်မတော်၊ ကျေးဇူးရှင်တပ်မတော်အဆင့်သို့ ရောက်ရှိသွားနိုင်သော အခွင့်အလမ်းများ နိုင်စီမံ ဥက္ကဋ္ဌကြီးလက်ထဲသို့ ရောက်ရှိ၍နေပေပြီ။  အာဏာရပါတီ သို့မဟုတ် နိုင်ငံရေးပါတီများ ကြောက်ရမည့်သူရှိနေပါမှ မြန်မာ့နိုင်ငံရေးက ဖြောင့်ဖြူးနိုင်မည်ဖြစ်၏။  ကြောက်ရမည့်သူမရှိလျှင် အာဏာရပါတီနှင့် အာဏာရအစိုးရ ထာဝရဗိုလ်ကျနိုင်၏။ အာဏာရပါတီနှင့် အတိုက်အခံပါတီတို့ ရန်ဖြစ်နေသည်နှင့်လည်း အချိန်ကုန်သွားနိုင်ပေသည်။ ထို့ကြောင့် ၎င်းတို့ ကြောက်ထိုက်သည့်သူ သို့မဟုတ် ကြောက်ရမည့်အဖွဲ့အစည်း မဖြစ်မနေပင် ရှိနေရမည်သာတည်း။ သို့မှသာ ထင်ရှာမစိုင်း၊ ထင်တိုင်းမကြဲနိုင်တော့မည် ဖြစ်၏။

          နိဂုံးချုပ်အနေဖြင့် ပြောလိုသည်ကား မြန်မာ့တပ်မတော်၏ လှပသောသမိုင်းသစ်ကို  မွေးဖွားပေးနိုင်သူမှာ အာဏာထိန်းအစိုးရခေါင်းဆောင် နိုင်စီမံ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်  ဖြစ်သတည်း။ ၎င်းကိုယ်တိုင် သမိုင်းလှလှ ဖန်တီးနိုင်ရန်အတွက် ပါတီများ ပူးပေါင်းရန်လိုအပ်၏။ ၀န်ထမ်းများ ပြည်သူ့ဝန်ကို ပြန်ထမ်းရန်လိုအပ်၏။ ပြည်သူများ နိုင်ငံရေးအသုံးချခံဘ၀မျိုး ထပ်မံမရောက်စေရန် လိုအပ်၏။ အားလုံးသော အလွှာအသီးသီးသည် သန့်ရှင်းသော ရွေးကောက်ပွဲကိုသာအားခဲကာ မိမိယုံကြည်ရာကို လွတ်လပ်မျှတ မှန်ကန်စွာ  ရွေးကောက်တင်မြှောက်ရန်သာ အရေးတကြီး လိုအပ်လျက်ရှိခြင်းဖြစ်၏။ ထို့ကြောင့် အစစအရာရာ အဆင်သင့် ပြင်ထားကြစေချင်၏။

          ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် မြန်မာ့တပ်မတော်ကို သမိုင်းလှအောင် ဖန်တီးနိုင်ပါစေသော်။  ။

သင်္ဃန်းဖြူဆရာတော်

၁၄-၂-၂၀၂၁

(ပထမဦးဆုံးရေးသားသည့် စာမူဖြစ်ပါလျက် နောက်ဆုံးမှ တင်ပြခွင့်ရသည့်အတွက် Golden Hand ပရိသတ်အား အနူးအညွတ် တောင်းပန်အပ်ပါသည်။ စာရေးသူ)