အာဏာယစ်မူးတဲ့သူတွေက အမျိုးသားရေးသမားတွေကို ရန်သူလိုမြင်လာပြီးတော့ မဖြစ်မနေနှိမ်နင်းမှရတော့မယ်ဆိုပြီး အနိုင်ကျင့်ခဲ့ကြတာ (၁)
(ဆရာတော်ဦးဝီရသူနှင့် မေးသမျှ၊ ဖြေသမျှ)
=====================================================
မေး – လွတ်လပ်ရေးနေ့မှာ နိုင်ငံရေးအကျဉ်းသားတွေ လွတ်ငြိမ်းချမ်းသာခွင့် မပြုတာနဲ့ပတ်သက်လို့ နိုင်ငံရေးလေ့လာသုံးသပ်ကြသူတွေရော၊ နိုင်ငံရေးအကျဉ်းသားကူညီစောင့်ရှောက်သူတွေကရော စိတ်ပျက်ပြီး ဝေဖန်ကြတာတွေရှိတယ်ပေါ့ဘုရား။ အဲဒီအပေါ်မှာရော ဘာကြောင့်လို့ထင်လဲ။
ဖြေ – အရင်တုန်းကလည်း ပြောခဲ့ပြီးသားပါ၊ ဦးသန်းရွှေနောက်ကို တဖြည်းဖြည်းလိုက်နေတာလို့။ ဦးသန်းရွှေလက်ထက်တုန်းက သူတို့ကို ကိုင်တွယ်တဲ့နည်းတွေနဲ့ နိုင်ငံရေးသမားနှင့် အမျိုးသားရေးသမားတွေကို ကိုင်တွယ်သွားမှာလေ။ ဦးသန်းရွှေလက်ထက်က ပြည်သူတွေကို ကိုင်တွယ်တဲ့ ပုံစံမျိုးနဲ့ပဲ ပြည်သူတွေကို ဆက်လက်ကိုင်တွယ်သွားမည့်သဘောပါ။
တခြားသောအကျဉ်းသားတွေကိုရွေးပြီး လွတ်ငြိမ်းချမ်းသာခွင့် ပေးလိုက်မယ်၊ နိုင်ငံရေးအကျဉ်းသားတွေ သို့မဟုတ် အမျိုးသားရေးအကျဉ်းသားတွေကို ချန်ထားမယ်ဆိုရင် လက်ညှိုးထိုးခံရမှာလေ။ အဲဒီတော့ မသိချင်ယောင်ဆောင်ပြီး ဒီအတိုင်းနေသွားတာပေါ့။ ဦးသန်းရွှေနည်းစနစ်ကို ကျင့်သုံးတယ်လို့သာမှတ်လိုက်ပါတော့။
မေး – နောက်တစ်ခုက စာအုပ်တစ်အုပ်ပေါ့လေ၊ ၀ီရသူနဲ့ ၀ိုင်ရသူ ဆိုပြီး သရော်စာအမည်ခံပြီး ရေးထားတဲ့စာအုပ်တစ်အုပ်တွေ့ပါတယ်။
အဲဒါနဲ့ပတ်သက်ပြီး ဘာပြောချင်လဲ၊ ဘာလုပ်ဖို့ ရှိမလဲဘုရား။
ဖြေ – ဘာလုပ်ဖို့ရှိမလဲဆိုတာကတော့ ပြောလို့မရဘူးပေါ့နော်။ ဘာဖြစ်လို့လဲဆိုတော့ အကုန်လည်း စေ့စေ့ငငမဖတ်ရသေးဘူးလေ။
ဝီစကီနဲ့ဝိုင်ကို ရည်ရွယ်ပုံတော့ရတာပေါ့။ ဒါပေမယ့် စာနယ်ဇင်းလောကနဲ့ စာပေလောကမှာရော၊ နိုင်ငံရေးလောကမှာပါ ၀ီရသူဟာ သူတို့ရဲ့ အမုန်းကောင်ကြီးဖြစ်နေတယ်ဆိုတာတော့ ပေါ်လွင်သွားတာပေါ့။
အဲဒီတော့ ၀ီရသူကပဲ မှန်သလား၊ အဲဒီ သုံးလောကသားတွေကပဲ မှန်သလားဆိုတာကို ငွေရောင်ပိတ်ကားပေါ်မှာ ဆက်ပြီးစောင့်ကြည့်ရမှာပေါ့။
မေး- အဲဒီစာအုပ်က သရော်စာလို့ဆိုထားပေမယ့် အဓိကကတော့ အရှင်ဘုရားကိုပဲ လှောင်ပြောင်သရော်ဖို့ ရည်ရွယ်ပုံရတယ်ပေါ့ဘုရား။
ပုဂ္ဂိုလ်ရေးတိုက်ခိုက်မှုဆန်တဲ့ ရေးသားအမည်ပေးမှုနဲ့ပတ်သက်လို့ကော ဘာများပြောချင်ပါသလဲ။
ဖြေ – သူတို့ပစ်မှတ်လွဲနေတာပေါ့နော်။ သခင်ကိုယ်တော်မှိုင်းတို့ ချဉ်ပေါင်ရွက်သည်မောင်မှိုင်းတို့လို သရော်စာရေးတယ်ဆိုတာ အင်္ဂလိပ်အစိုးရကို သရော်ချင်လို့ နာမ်နှိမ်ပြီးရေးတာကိုး။ သူတို့တွေက ရဟန်းတစ်ပါး၊ ဘုန်းကြီးတစ်ပါး၊ စာချဆရာတော်တစ်ပါး၊ ဓမ္မကထိကတစ်ပါးကို ရည်ရွယ်ပြီး ဒီလိုရေးတယ်ဆိုတော့ သူတို့ရဲ့ စာလုံးတိုင်း၊ စာလုံးတိုင်းမှာ ရဟန်းသံဃာကို ပြစ်မှားစော်ကားလိုတဲ့ အကုသိုလ်စိတ်တွေ တသီတတန်းကြီး ဥပါဒ်နေတာပေါ့။ သူတို့ပဲ ပြန်ထိခိုက်မှာပါ။
တစ်ခါတစ်လေကျတော့လည်း တနင်္သာရီတိုင်းဝန်ကြီးချုပ်လုပ်တာခပ်ကောင်းကောင်းလို့ တွေးမိတာပေါ့လေ။ ကိုယ်ကသာ စာသမားအချင်းချင်းဘက်ကနာပြီး တနင်္သာရီတိုင်းဝန်ကြီးချုပ် ဒီလောက်လေးမှ သည်းမခံရကောင်းလားဆိုပြီးတော့ စာပေသမားဘက်က နာနေတာပေါ့။ ဒီလိုလူမျိုးတွေနဲ့တွေ့လာတဲ့အခါကျတော့လည်း သြော် တနင်္သာရီတိုင်းဝန်ကြီးချုပ် လုပ်တဲ့ပုံစံက ခပ်ကောင်းကောင်းလို့ တွေးမိသွားတာပေါ့နော့။ ပြောရရင်တော့ ရန်သူကို မိတ်ဆွေဖြစ်အောင် မစည်းရုံးနိုင်တဲ့အပြင် မိတ်ဆွေကိုပါ ရန်သူဖြစ်အောင်လုပ်တဲ့ စာပေသမားတွေလို့ သတ်မှတ်ရမှာပေါ့။
မေး – ဒီလိုရေးတာနဲ့ပတ်သက်ပြီး ဒီမိုကရေစီရဲ့အသီးအပွင့်တစ်ခုဖြစ်တဲ့ စာပေလွတ်လပ်ခွင့် ထိခိုက်လာနိုင်စရာတွေ ရှိလာနိုင်မလားဘုရား။
ဖြေ – စာပေလွတ်လပ်ခွင့်ကတော့ ရှိကိုရှိသင့်တာပေါ့။ လွတ်လပ်တာနဲ့ ရမ်းကားတာနဲ့ မတူဘူးလေ။ ခုဟာက လွတ်လပ်တာထက်ပိုတယ်။ လွတ်လပ်မှုကို အခွင့်ကောင်းယူပြီးတော့ စော်ကားတဲ့အဆင့်ကိုရောက်သွားတာပေါ့နော့။
အခြားလူတွေလည်းရေးပါတယ်။ ဥပမာ ဆိုကြပါစို့ မယ်မင်းကြီးမတို့၊ မတင်ရွှေတို့ပေါ့။ သူတစ်ပါးအမည် တပ်ထားပေမယ့် အတွင်းထဲရေးထားတာ ဖတ်ကြည့်တဲ့အခါကျတော့ ဘယ်သူ့ကိုရည်ရွယ်တယ်ဆိုတာ ပေါ်လွင်တယ်လေ။ အဲဒီပုံစံမျိုးမရေးဘဲနဲ့ ကလောင်နာမည်ကို ဝီရသူလို့ တိုက်ရိုက်ကြီး ယူသုံးပစ်လိုက်တယ်ပေါ့။ သုံးပစ်လိုက်သောအားဖြင့် ဒီစာအုပ်နာမည်နဲ့ နာမည်ကြီးအောင်၊ အရောင်းသွက်အောင် အသုံးချလုပ်စားသွားတာလည်းပါတယ်။ အဓမ္မဝါဒီဆိုတဲ့ ဟိုတစ်ယောက် လှုပ်ရှားသလို ဝီရသူကို မုန်းသူတွေရဲ့ အင်အားကို စုစည်းချင်တဲ့ အပိုင်းလည်း ပါမှာပေါ့နော်။
ဘာကြောင့်ပဲလုပ်လုပ် မသမာဘူး၊ မရိုးသားဘူးဆိုတဲ့စိတ်ကတော့ အခြေခံနေတာ ငြင်းလို့မရဘူးလို့။
မေး- နောက်တစ်ခုကတော့ မွန်ပြည်နယ်ဝန်ကြီးချုပ်ရဲ့ ဟင်းတစ်မယ်နဲ့စားဆိုတဲ့ စကားက ဒီတစ်ပတ်အတွင်းမှာ တော်တော်လေး လူပြောများပါတယ်ဘုရား။ အုပ်ချုပ်နေတဲ့ အစိုးရဟာ ပြည်သူတွေရဲ့ တကယ့်ဘ၀ကို နားလည်ရဲ့လားဘုရား။
ဖြေ – ပြောရမယ်ဆိုရင်တော့ နှစ်ပိုင်းပေါ့။ တစ်- နားလည်တယ်၊ ဒါပေမယ်လို့ မစာနာဘူး။ ဘာကြောင့်လဲ။
စာနာလိုက်ရင် ၀န်ခံရာရောက်သွားမယ်၊ ကိုယ်မဟုတ်တာ ပေါ်လွင်သွားမှာပေါ့။
နှစ်- နားလည်တယ်။ နားလည်ပေမယ့် နားမလည်ချင်ယောင်ဆောင်တယ်။ အကြောင်းကတော့ သူတို့ အသုံးမကျတာ ဘူးပေါ်သလိုပေါ်သွားမှာစိုးလို့။ အဲတော့ သူတို့က အမှားတစ်ခုကို အမှားတစ်ခုနဲ့ ဖုံးကွယ်ချင်တဲ့သဘောမျိုး လုပ်လိုက်တာပေါ့နော်။ ပြည်သူလူထုက သူတို့ခံစားရတာတွေကို အရှိအမှန်အတိုင်းတင်ပြပါလျက်နဲ့ သက်သက်သာသာပြောရမှာ၊ နှစ်သိမ့်ရမှာ၊ ဖြေသိမ့်ရမှာပါ။ နှစ်သိမ့်ရမှာ၊ အားပေးရမှာ၊ စာနာရမှာ၊ ကူညီရမှာ၊ ဖေးမရမှာကို အခုလို နင်ပဲငဆ အပေါ်စီးက လှိမ့်ဟောက်တဲ့ ပုံစံမျိုးက ရိုင်းလွန်းတာပေါ့နော်။ ပြည်သူနဲ့အတူတို့ ပြည်သူ့အစိုးရတို့နဲ့ လုံးဝ မအပ်စပ်တဲ့ အပြုအမူပေါ့ကွာ။
နောက်တစ်ခုက ၀န်ကြီးတစ်ဦးဖြစ်နေပြီးတော့ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ကုန်ဈေးနှုန်းကြီးမားတာ မကွဲဘူး။ သူပြောတာက ခြိုးခြံချွေတာရေးပဲ။ ခြိုးခြံချွေတာရေးက ဖွံ့ဖြိုးတိုးတက်ရေးနဲ့ပဲဆိုင်တယ်။
ကုန်ဈေးနှုန်းကျဆင်းရေးနဲ့ မဆိုင်ဘူးလေ။ ကုန်ဈေးနှုန်းကျဆင်းဖို့အတွက် ဘာတွေလိုအပ်ပါတယ်၊ ကျွန်တော်တို့ ဘာတွေပြင်ဆင်နေပါတယ်၊ ကျွန်တော်တို့ ဘယ်လိုကြိုးစားနေပါတယ်၊ သည်းခံကြပါဆိုတာမျိုးလောက်ဆိုရင်တော့ တော်တော်ကောင်းတာပေါ့နော်။
နောက် အများပြည်သူတွေကလည်း အခုလို ရုရှားတို့က ဘာဖြစ်တယ်၊ ဗိုလ်ချုပ်အောင်ဆန်းက ဘာပြောခဲ့တယ်၊ ခြိုးခြံချွေတာကြတပါ၊ ကျွန်တော်တို့ အတတ်နိုင်ဆုံး ကုန်ဈေးနှုန်းများကျအောင် ကြိုးစားပေးပါ့မယ်၊ ဆောင်ရွက်ပေးပါ့မယ်၊ ဒီလိုလာရမှာလေ။ ဒါကြောင့်မို့လို့ ပြည်သူတင်တဲ့ မင်းတွေက ပြည်သူကို ပြန်နင်းနေတာ ဘယ်လိုမှကို ကြည့်မရဘူးကွာ။
မေး – အမျိုးသားရေးလှုပ်ရှားမှုထဲမှာ ပြည့်ပြည့်စုံစုံပြောရရင် အမျိုး ဘာသာ သာသနာခေါင်းစဉ်အောက်က ပါဝင်လှုပ်ရှားမှုတွေထဲမှာ အားမရတာတွေရှိလားဘုရား၊ ဘယ်အဖွဲ့ကို ဘယ်လိုမျိုးတော့ လုပ်စေချင်တယ်၊ ဘာလေးတော့ ဘယ်လိုဖြစ်စေချင်တယ်ဆိုတာမျိုး။
ဖြေ- အားမရတာတွေကတော့ အများကြီးပေါ့နော်။ အားမရတဲ့အထဲမှာ မိမိကိုယ်တိုင်ကိုက ပါနေတာပေါ့နော့။
ဘာဖြစ်လို့လဲဆိုတော့ ကိုယ့်ဆီရောက်လာတဲ့အမှုတွေကို ကိုယ်ကိုယ်တိုင် အပြည့်အ၀အကူညီမပေးနိုင်ဘဲနဲ့ပဲ စားပွဲပေါ်မှာ ပျောက်ပျက်သွားတာတွေ ရှိတာပေါ့နော်။
နှစ်တွေကြာမှ ဒါတွေအကူအညီလာတောင်းတယ်၊ ဒါလုပ်မပေးလိုက်ရဘူး ဆိုပြီးတော့ ဖုန်းဆက်ပြီး တောင်းပန်ရတဲ့ ပုံစုံမျိုးထိဖြစ်သွားတာပေါ့။ ဒါကလည်း ရုံးပုံစံအပြည့်အ၀မလုပ်နိုင်လို့ ဖြစ်ရတာပေါ့နော်။
အဲဒါမျိုးကတော့ မဘသဗဟိုမှာလည်း အားနည်းချက်ရှိတယ်။ မန်း မဘသမှာလည်း အားနည်းချက်ရှိတယ်။ သို့သော် အဲဒီ အားနည်းချက်တွေကို ကိုယ်က နားလည်ပေးလို့ရတယ်။ ဘာကြောင့်လဲဆိုတော့ နှစ်ပေါင်း ၃ဝ လောက် ရပ်တည်လာခဲ့တဲ့ NLD ပါတီကြီးတောင်မှ အခုအချိန်ထိ စည်းစနစ်ကျကျ မရှိခဲ့သေးဘူးပေါ့။ တချို့ဆိုရင် NLDကို ၀တ်အသင်းသာသာလို့တောင် ပြောကြတယ်လေ။ ဒါကြောင့်မို့ သူတို့နဲ့ ယှဉ်လိုက်တဲ့အခါ ငါတို့တတွေက နှစ်နှစ်သုံးနှစ်ပဲရှိတယ်။ အဲဒီအတိုင်းအတာအတွင်း ငါတို့ရဲ့ဆောင်ရွက်ချက်တွေက တော်တော်ပေါက်မြောက်ခဲ့တယ်။ ဒါလေးနဲ့ပဲ ကျေနပ်နေရတာပေါ့။
(ဆက်လက်ဖော်ပြပါမည်)
12.1.2018 မြန်မာ့ဥဒါန်းဂျာနယ် အမှတ်(၁၅)