သတင်း

အာဒိကမ္မိက အဂ္ဂါဘိဓဇ မစိုးရိမ်တိုက်သစ် ဆရာတော်ကြီး ဘဒ္ဒန္တသိရိန္ဒာဘိဝံသ၏ ဘဝပုံရိပ်(၁၂)

ကျေးဇူးတော်ရှင် မစိုးရိမ်တိုက်သစ်ဆရာတော်ကြီး ဘဒ္ဒန္တသိရိန္ဒာဘိဝံသ ဘဝနတ်ထံ ပျံလွန်တော်မူသည်မှာ လာမည့် တန်ခူးလကွယ်နေ့ဆိုရင် (၁၅)နှစ်ပြည့်တော့မည်ဖြစ်သည်။ ဆရာတော်ကြီး မရှိတော့သော်လည်း ဆရာတော်ကြီး အုတ်မြစ်ချခဲ့သော မစိုးရိမ်တိုက်သစ်ကြီးကား ဆရာတော်ကြီးလက်ထက်မှာကဲ့သို့ပင် အရှိန်အဟုန်ဖြင့် တိုးတက်ထွန်းကားလျက် ရှိပါ၏။
ဆရာတော်ကြီး အပင်ပန်းခံ စိုက်ပျိုးခဲ့သော သာသနာ့ဥယျာဉ်တော်ကြီး စည်ပင်ပြန့်ပြူး စိမ်းလန်းသာယာလျက်ရှိသည်ကို အများပြည်သူတို့ မျက်မြင်ကိုယ်တွေ့ ခံစားကြရသော်လည်း ဆရာတော်ကြီး၏ သာသနာပြုစိတ်ဓာတ်နှင့် ဘဝပုံရိပ်ကိုကား လူသိနည်းလှပေသည်။

လွန်တော်မူခြင်း (၁၅)နှစ်ပြည့် နှစ်ပတ်လည်ပူဇော်ပွဲ၌ကား လူသိနည်းသော ဆရာတော်ကြီး၏ သာသနာရေးဆောင်ရွက်ချက်များ၊ သာသနာပြုစိတ်ထားများ၊ ကြည်ညိုဖွယ်ဂုဏ်ပုဒ်များ၊ ကြီးမားဖွယ်ရာ ဂုဏ်ကျေးဇူးများကို ဘဝပုံရိပ်တစ်ခုအဖြစ် အထူးထုတ်မဂ္ဂဇင်း ဖြန့်ချီမည် ဖြစ်ပါသည်။ စာမူများလည်း တောင်းခံထားပါသည်။ ရောက်ရှိလာသော စာမူများမှ ကောင်းနိုးရာရာများကို Hight Light (ကောက်စာ)အဖြစ် အခန်းဆက် တင်ပြပေးသွားပါမည်။

စာမူများပေးပို့လိုပါက
ဘဒ္ဒန္တနန္ဒာဘိဝံသ
ဓမ္မပါကဋကျောင်း
မစိုးရိမ်တိုက်သစ်
မဟာအောင်မြေမြို့နယ်
မန္တလေး
092035013 သို့ ပေးပို့နိုင်ပါသည်။
————————————————————-

“မစိုးရိမ်အမှတ်တရ အလွမ်းပြေ ရွှေစကားသြဝါဒစာစုများ”
အရှင်တေဇောဘာသ(မစိုးရိမ်ကျောင်းသားဟောင်း)
“ဘုန်းကြီး ဦးသီရိန်က နွားနို့ကြိုက်တယ်။ ကျောင်းထဲမှာ နွားမကြီးသားအမိနှစ်ကောင်မွေးမြူထားတယ်။ တပည့် တော်နဲ့ ကပ္ပိယဒကာက နွားမကြီးအား အမြဲတန်းအစာကျွေး ရေတိုက်ရတယ်။ ဆွမ်းခံစောစောထွက် စာဝါမှန်မှန်လိုက်ရတယ်။ ကပ္ပိယဒကာကလည်း ဆရာတော်ကို နို့ညှစ် နွားနို့ကြိုပြီး နံနက်တိုင်း နိစ္စဓူဝ နွားနို့ကပ်ရတယ်။ တစ်နေ့ နွားမ သားလေးဟာ ပျောက်ခြင်းမလှ ပျောက်သွားတယ်။ မိခင်နွားမကြီးဟာ သားပျောက်တာသိတော့ တဘဲဘဲနဲ့ ကရုဏာသက်စွာ အော်မြည်နေတယ်။ အဲသည်အခါမှာ ကပ္ပိယကြီးက ထုံးစံအတိုင်း နို့ကိုညှစ်မယ်လုပ်တယ်။ ဒါပေမယ့် နွားမ မိခင်ကြီးက အညှစ်မခံဘူး ချီတိုင်က ကြိုးကို ရုန်းနေတယ်။ သခင်ကိုရန်ပြုမဲ့တကဲကဲလုပ်နေတယ်။ ခြေထောက်နှစ်ချောင်းသာ ကြိုးချီမထားရင် နွားမကြီးက ဝှေ့ကန်မယ့်သဘောပေါ့။ နာရီဝက်ခန့်ကြာတော့ ဒိုင်းဝန်ကျောင်းဝင်းထဲက နွားမသားငယ်ကို ရှာတွေ့တယ်။ မိခင်နွားမကြီးဆီပို့လိုက်တယ်။ နွားမကြီးဟာ နွားလေးသားငယ်ကိုမြင်ရော ဝမ်းသာပီတိ ကရုဏာအဖြစ် မျက်ရည်စို့ကျလာတယ်။ နွားလေးကို သူ့လျှာကြီးနဲ့ လျှက်တယ်။ တင်းနေတဲ့ နို့သီးခေါင်းကို နွားမလေးက တပြွတ်ပြွတ်စို့လေရဲ့။ နွားမမိခင်ကြီးရဲ့ အကြင်နာမေတ္တာစွမ်းအားကြောင့် နို့တွေ ဒလဟောထွက်လာတယ်။ နွားလေးနို့စို့ရပ်မှ ကပ္ပိယကြီးက နို့အုံချောင်းကို ညှစ်တယ်။ ကြိုပြီး ဆရာတော်ကို သွားကပ်တယ်။”
ဘုန်းကြီးဦးသိရိန်က “ဟဲ့ကောင်ကပ္ပိယ မင်းဒီနေ့နွားနို့ကပ်တာ နောက်ကျပါလားကွ”လို့ ကရုဏာဇောနဲ့ အပြစ်တင်ဆူတယ်။ သည်တော့မှ ကပ္ပိယက စောစောကအကြောင်း ဖြစ်ကြောင်းကုန်စင် လျှောက် ထားတယ်။
“အေး နွားမကြီးရဲ့ မိခင်မေတ္တာစွမ်းရည် ငါသိသွားပြီ၊ နောင် ငါလုံးဝ နွားနို့မဘုဉ်းပေး မသုံးဆောင်တော့ဘူး၊ သည်နွားမသားအမိကို ဘေးမဲ့လွှတ်လိုက်တော့ကွာ” ဒါက ဆရာရှင်ရဲ့ ရွှေစကားအမှတ်တရပါ။
အရှင်တေဇောဘာသ(မစိုးရိမ်ကျောင်းသားဟောင်း)