အာဒိကမ္မိက အဂ္ဂါဘိဓဇ မစိုးရိမ်တိုက်သစ် ဆရာတော်ကြီး ဘဒ္ဒန္တသိရိန္ဒာဘိဝံသ၏ ဘဝပုံရိပ်(၆)
“ဆရာကောင်းတပည့် ရှိကားရှိ၏”
၁၃၆၅ ခုနှစ်၊ ဦးတန်ခူးလပြည့်ကျော်(၁၄)ရက်(၃၀-၄-၂၀၀၃)ဗုဒ္ဓဟူးနေ့ နံနက်(၁၀)နာရီအချိန်တွင် မစိုးရိမ်တိုက်သစ် ဓမ္မကာယကျောင်း၌ ဆရာတော်ကြီး ပျံလွန်တော်မူပြီဟူသော သတင်းစကားကို ပထမပြန်စာမေးပွဲ (တိုင်း)စာစစ်တာဝန်ပြီးလုလုအချိန်တွင် ကြားသိရသည်။
ထိုအခိုက် “ဘဝစည်းစိမ် ခန္ဓာ အိမ်ကား တိမ်တစ်ခဲနက် ကြည့်ရင်းပျက်သို့……ကြည့်ရင်း….ပျက်….သို့ ရှေ့ဆက်မဆင်ခြင်နိုင်တော့ပေ”
“တရားဟောမယ့်ဘုန်းကြီးက ကွမ်းယာလေးတောင်မဖြတ်နိုင်ရင် သဘာဝမကျဘူးနော်၊ ဆင်ခြင်မှပေါ့ ဘုရား”ဟူသည့် ဆွမ်းဒါယိကာမကြီးတစ်ဦး၏ သတိပေးစကားကို ပြန်လည်ကြားယောင်မိခဲ့သည်၊ “ဆင်ခြင်ပေမယ့် ပုထုဇဉ်သဘာဝဆိုတော့ မလွယ်လှဘူးလေ ဒကာမကြီးရဲ့”ဟူသည့် မိမိစကားက လက်ရှိ အချိန်ထိ ပဲ့တင်ထပ်ဆဲပင်။
ဘဝလမ်းညွှန် သြဝါဒအနှစ်ချုပ် မှတ်ချက်များသည်ကား ဟိုတစ်စ သည်တစ်စ၊ ပေါ်တစ်ခါ ပျောက်တစ်လှည့်။
နာယကဘုန်းကြီးများအပေါ် ဆရာတော်၏ သဘောထားပုံ(ယုံကြည်မှု)ကို ပေါ်လွင်စေသည့် သြဝါဒကိုကား ထင်ထင်ရှားရှားပင် ဤသို့ အမှတ်ရမိပါသည်၊ “နာယကဘုန်းကြီးတွေကို အထူးဆုံးမစရာ မလိုတော့ဘူးနော်၊ ရှေ့မှာ(ငါတို့)နေပြထားပြီပဲ၊ ကြည့်ပြီး သိကြပေါ့”။
ဤသို့လျှင် နာယကများအပေါ် ဆရာတော်၏ ယုံကြည်မှုကား စစ်မှန်သည်နှင့်အမျှ ခိုင်မာလှပါဘိ။
ထို့ကြောင့်ပင် မိမိစာသင်သားဘဝ စာသင်တန်းဖြေနေစဉ် မကြာခဏပင် ကိုရင်လေးများကိုလွှတ်၍ ခေါ်ခိုင်းပြီး အခြေအနေစုံစမ်းတတ်သော် လည်း စာမေးပွဲပြီး၍ နာယကဖြစ်သောအခါ မခေါ်ခိုင်းတော့ပေ။
နာယကဘုန်းကြီးများကို မိမိနှင့်ထပ်တူပြု၍ ယုံကြည်လေးစား အရေးထားသည့်အလျောက် ကိုယ်တိုင်စံပြ အဖြစ် နေထိုင်ကျင့်သုံးသွားမှုမှာလည်း လေးစားလိုက်နာ အတုယူဖွယ်ရာများလှပါ၏။
သာသနာရေးကိစ္စဖြစ် စေ ကျောင်းတိုက်အရေးကိစ္စဖြစ်စေ မည်သည့်အရာမဆို အသေးအဖွဲဟု သဘောမထားဘဲ တလေးတစား အလေးထားတတ်မှုကား တကယ်ပင် စံထားထိုက်ပါပေသည်၊ ထိုအရာနှင့်ပတ်သက်၍ ကိုယ်တွေ့ကြုံခဲ့ ရသည်ကို တင်ပြရပါလျှင် မိမိစာသင်သားဘဝက ရန်ကုန်စေတိယင်္ဂဏစာမေးပွဲ စာသင်တန်းအောင်ပြီး နောက်နှစ်၌ ပါရာဇိကဏ်ကျမ်းစွဲခဲ့ရာ တွန်းအားပေးသည့်အနေဖြင့် ဆွမ်းခံပြန်ရောက်ချိန်တွင် နေ့စဉ်ခေါ်၍ တစ်ပါးတည်း စာချပေးလေ၏။
ထိုစာသင်ချိန်၌ အကယ်၍ အလုပ်ကိစ္စရှိမည်ကို ကြိုတင်သိခဲ့လျှင် စာရေးပြီး အကြောင်းကြားထားလေ့ရှိ၏။
ထို့အတူပင် ကမ္ဘာအေးသို့ သာသနာရေးကိစ္စဖြင့်ကြွခြင်းစသည့် ခရီးပေါ်ပေါက်တိုင်းပင် နာယကဘုန်းကြီးများထံ ကြိုတင်စာရေး၍ အသိပေးတတ်သည်ကား အဓိပတိ မဟာနာယကဆရာတော်ကြီးတစ်ပါး၏ အလေးထားအတုယူထိုက်သော စံနမူနာကောင်းများစွာမှ တစ်ခုပင် ဖြစ်ပါ၏။
စာပေကြည့်ရှုလေ့လာမှုအတွက် “ကိုယ့်ကိုယ်ကို အထင်ကြီးပြီး စာမကြည့်ဘဲမနေရဘူး၊ စာကြည့်မှ စာတတ်မယ်”ဟူ၍လည်းကောင်း၊ နေထိုင်ကျင့်သုံးမှုအတွက် “ဘာမဆို ရိုးရိုးတွေး၊ ရိုးရိုးလုပ်၊ ရှင်းရှင်းလေးပဲ”ဟူ၍လည်းကောင်း၊ “ယထာ ဝါဒီ၊ တထာ ကာရီ”သြဝါဒများကို အမြဲလိုလိုပင် နာယူရလေ့ ရှိပါ၏။
ဤသို့လျှင် ခြင်္သေ့မင်း၏အဆီကိုရပါလျက် သိင်္ဂီရွှေခွက်မပါခဲ့သော တောသားပမာ ဆရာ့လမ်းစဉ်၌ ခရီးနှင်နေရပါလျက် ဆရာ့ခြေရာကို မနင်းနိုင်ရှာသော မိမိအတွက်မူကား ဆရာတော်ဘုရားသာ သက်တော်ထင်ရှားရှိနေပါလျှင် “တပည့်ကောင်းဆရာ၊ ရှိခဲစွာတည်း”ဟူ၍များ မှတ်ချက်ပြုတော်မူလိမ့်မည် လားဟု အတွေးဝင်လျက် မိမိကိုယ်ကို အားမလိုအားမရ ဖြစ်မိပါတော့သည်။
(ဓမ္မေ ဟောန္တ သဂါရဝါ။)
========================================================
ကျေးဇူးတော်ရှင် မစိုးရိမ်တိုက်သစ်ဆရာတော်ကြီး ဘဒ္ဒန္တသိရိန္ဒာဘိဝံသ ဘဝနတ်ထံ ပျံလွန်တော်မူသည်မှာ လာမည့် တန်ခူးလကွယ်နေ့ဆိုရင် (၁၅)နှစ်ပြည့်တော့မည်ဖြစ်သည်။
ဆရာတော်ကြီး မရှိတော့သော်လည်း ဆရာတော်ကြီး အုတ်မြစ်ချခဲ့သော မစိုးရိမ်တိုက်သစ်ကြီးကား ဆရာတော်ကြီးလက်ထက်မှာကဲ့သို့ပင် အရှိန်အဟုန်ဖြင့် တိုးတက်ထွန်းကားလျက် ရှိပါ၏။
ဆရာတော်ကြီး အပင်ပန်းခံ စိုက်ပျိုးခဲ့သော သာသနာ့ဥယျာဉ်တော်ကြီး စည်ပင်ပြန့်ပြူး စိမ်းလန်းသာယာလျက်ရှိသည်ကို အများပြည်သူတို့ မျက်မြင်ကိုယ်တွေ့ ခံစားကြရသော်လည်း ဆရာတော်ကြီး၏ သာသနာပြုစိတ်ဓာတ်နှင့် ဘဝပုံရိပ်ကိုကား လူသိနည်းလှပေသည်။
လွန်တော်မူခြင်း (၁၅)နှစ်ပြည့် နှစ်ပတ်လည်ပူဇော်ပွဲ၌ကား လူသိနည်းသော ဆရာတော်ကြီး၏ သာသနာရေးဆောင်ရွက်ချက်များ၊ သာသနာပြုစိတ်ထားများ၊ ကြည်ညိုဖွယ်ဂုဏ်ပုဒ်များ၊ ကြီးမားဖွယ်ရာ ဂုဏ်ကျေးဇူးများကို ဘဝပုံရိပ်တစ်ခုအဖြစ် အထူးထုတ်မဂ္ဂဇင်း ဖြန့်ချီမည် ဖြစ်ပါသည်။
စာမူများလည်း တောင်းခံထားပါသည်။
ရောက်ရှိလာသော စာမူများမှ ကောင်းနိုးရာရာများကို Hight Light (ကောက်စာ)အဖြစ် အခန်းဆက် တင်ပြပေးသွားပါမည်။
စာမူများပေးပို့လိုပါက
ဘဒ္ဒန္တနန္ဒာဘိဝံသ
ဓမ္မပါကဋကျောင်း
မစိုးရိမ်တိုက်သစ်
မဟာအောင်မြေမြို့နယ်
မန္တလေး
092035013 သို့ ပေးပို့နိုင်ပါသည်။