အာဒိကမ္မိက အဂ္ဂါဘိဓဇ မစိုးရိမ်တိုက်သစ် ဆရာတော်ကြီး ဘဒ္ဒန္တသိရိန္ဒာဘိဝံသ၏ ဘဝပုံရိပ်(၇)
ကျေးဇူးတော်ရှင် မစိုးရိမ်တိုက်သစ်ဆရာတော်ကြီး ဘဒ္ဒန္တသိရိန္ဒာဘိဝံသ ဘဝနတ်ထံ ပျံလွန်တော်မူသည်မှာ လာမည့် တန်ခူးလကွယ်နေ့ဆိုရင် (၁၅)နှစ်ပြည့်တော့မည်ဖြစ်သည်။
ဆရာတော်ကြီး မရှိတော့သော်လည်း ဆရာတော်ကြီး အုတ်မြစ်ချခဲ့သော မစိုးရိမ်တိုက်သစ်ကြီးကား ဆရာတော်ကြီးလက်ထက်မှာကဲ့သို့ပင် အရှိန်အဟုန်ဖြင့် တိုးတက်ထွန်းကားလျက် ရှိပါ၏။
ဆရာတော်ကြီး အပင်ပန်းခံ စိုက်ပျိုးခဲ့သော သာသနာ့ဥယျာဉ်တော်ကြီး စည်ပင်ပြန့်ပြူး စိမ်းလန်းသာယာလျက်ရှိသည်ကို အများပြည်သူတို့ မျက်မြင်ကိုယ်တွေ့ ခံစားကြရသော်လည်း ဆရာတော်ကြီး၏ သာသနာပြုစိတ်ဓာတ်နှင့် ဘဝပုံရိပ်ကိုကား လူသိနည်းလှပေသည်။
လွန်တော်မူခြင်း (၁၅)နှစ်ပြည့် နှစ်ပတ်လည်ပူဇော်ပွဲ၌ကား လူသိနည်းသော ဆရာတော်ကြီး၏ သာသနာရေးဆောင်ရွက်ချက်များ၊ သာသနာပြုစိတ်ထားများ၊ ကြည်ညိုဖွယ်ဂုဏ်ပုဒ်များ၊ ကြီးမားဖွယ်ရာ ဂုဏ်ကျေးဇူးများကို ဘဝပုံရိပ်တစ်ခုအဖြစ် အထူးထုတ်မဂ္ဂဇင်း ဖြန့်ချီမည် ဖြစ်ပါသည်။
စာမူများလည်း တောင်းခံထားပါသည်။ ရောက်ရှိလာသော စာမူများမှ ကောင်းနိုးရာရာများကို Hight Light (ကောက်စာ)အဖြစ် အခန်းဆက် တင်ပြပေးသွားပါမည်။
စာမူများပေးပို့လိုပါက
ဘဒ္ဒန္တနန္ဒာဘိဝံသ
ဓမ္မပါကဋကျောင်း
မစိုးရိမ်တိုက်သစ်
မဟာအောင်မြေမြို့နယ်
မန္တလေး
092035013 သို့ ပေးပို့နိုင်ပါသည်။
————————————————————-
အားကိုးရာအစစ်
****************
ဆရာတော်၏ သြဝါဒအပြည့်အစုံမှာ
နိုင်ငံတော်သံဃမဟာနာယကဆရာတော်အရှင်မြတ်တို့ဘုရား
ရဟန်းတော်တို့၏ မှီခိုအားထားရာ တရား(၁၀)မျိုးကို
အံ။ ၃။ ၂၇၅-၆။ ၅၃၈-၄၀။ တို့မှာ ဟောကြားတော်မူခဲ့ ပါသည်ဘုရား။
၎င်း(၁၀)မျိုးတို့မှာ-
၁။ သီလ – ပါတိမောက္ခ သံဝရသီလနှင့် ပြည့်စုံခြင်း။
၂။ ဗဟုသုတ – ပရိယတ္တိစာပေ၊ သာသနာတော်ဆိုင်ရာ ဗဟုသုတရှိခြင်း။
၃။ ကလျာဏမိတ္တ – သပ္ပုရိသူပနိဿယစက်နှင့် ပြည့်စုံခြင်း။
၎။ သုဝစ – ဆုံးမလွယ်သော စကားရှိခြင်း။
၅။ ဒက္ခ – သီတင်းသုံးဖော်တို့၏ အမှုကိစ္စ၌ လိမ္မာကျွမ်းကျင်ခြင်း။
၆။ ဓမ္မကာမ – ဓမ္မဝိနယကို မြတ်နိုးသူဖြစ်ခြင်း။
၇။ အာရဒ္ဓဝီရိယ – အကုသိုလ်ကိုပယ်ရန် ကုသိုလ်ကို ပြည့်စုံစေရန် အားထုတ်ခြင်း။
၈။ သန္တုဋ္ဌ – ရရသမျှသော ပစ္စည်းတို့ဖြင့် ရောင့်ရဲခြင်း။
၉။ သတိမာ – ရင့်ကျက်သော သတိရှိခြင်း။
၁၀။ ပညဝါ – အဖြစ်အပျက်ကို သိသော ဝိပဿနာပညာနှင့် ပြည့်စုံခြင်းတို့ ဖြစ်ပါသည် ဘုရား။
နိုင်ငံတော်သံဃမဟာနာယကဆရာတော်အရှင်သူမြတ်တို့ဘုရား-
အဆိုပါ တရားဆယ်ပါးသည် လဇ္ဇီပေသလ သိက္ခာကာမဖြစ်သော ရဟန်းတော်တိုင်း မှီးငြမ်းပြုပြီး နေထိုင်ကြရမည့် တရားများ ဖြစ်ပါသည်ဘုရား။
ယခုမျက်မှောက်ခေတ်၌ အဆိုပါတရားများကို ဗျတိရေက = ပြောင်းပြန်ကျင့်သုံးစပြုလာသည်ကို ဆရာတော်များကိုယ်တိုင် သိရှိတော်မူကြပြီး ဖြစ်ပါသည်ဘုရား။
သာသနာတော်၌ ရှေ့ဆောင်လမ်းပြ နည်းလမ်းညွှန်ပြသော နေရာ၌ ရပ်တည်တော်မူကြသော မဟာနာယကဆရာတော်တို့သည် ဘုရားရှင်ချမှတ်ထားသော လမ်းကြောင်းကို မတိမ်းစောင်းစေရဘဲ နောင်လာနောက်သားတို့ နယဂ္ဂါဟ=နည်းယူရလောက်အောင် ကျင့်ဆောင်တော်မူကြသော သာသနာရေးရာများကို ဆောင်ရွက်ကြပါရန် လျှေုာက်ထားပါသည်ဘုရားဟူ၍ပင် ဖြစ်သည်။
ဘုရားကြီး
(ဆရာတော်ကြီး ဘဒ္ဒန္တသိရိန္ဒာဘိဝံသ ကိုယ်တော်တိုင် ပေးထားသော အမည်ဖြစ်ပါသည်။)
အရှင်မေဓင်္ကရာနန္ဒ
တိုက်အုပ်ဆရာတော်
ဆုတောင်းပြည့်ကျောင်းတိုက်