ဉေယျဓမ်တောရသို့ (၁၄)
ဉေယျဓမ်တောရသို့ (၁၄)
===============
တပေါင်းလပြည့်နေ့ မနက်အစောကြီး နိုးနေပါတယ်။ နာရီကြည့်လိုက်တော့ ၃း၀၀နာရီ။ ကျောင်းရှေ့လှမ်းကြည့်လိုက်တော့ ကုသိုလ်ရှင်တွေ ဥဒဟိုသွားလာနေကြတာကို တွေ့မြင်လိုက်ရပါတယ်။ အတော်ဝီရိယကောင်းတဲ့ ကုသိုလ်ရှင်တွေပါ။ သံဃဒါန ဆွမ်းလောင်းရမှာမို့ နိုးကြားတက်ကြွနေပုံရပါတယ်။
စာရေးသူလည်း ပြန်မအိပ်တော့ဘဲ ဘုရားဝတ်တက် အနေကဇာတင်ကာ မဟာသမယပရိတ်တော်များ ရွတ်ဖတ်နေလိုက်ပါတယ်။ အမျှအတန်းပေးဝေ မေတ္တာပို့အပြီးမှာ အရုဏ်ဆွမ်းလာကပ်ကြပါတယ်။ အလှူဟင်းဖြစ်နေလို့ မတည့်တာက များနေပါတယ်။ နည်းတာလေးပဲ ရွေးစားလိုက်ရပါတယ်။
ဆွမ်းလောင်ဖို့ ပြင်ဆင်ထားပုံတွေကို လိုက်ကြည့်ဖို့ နတ်တလူဆရာတော်လေးက လာပင့်ပါတယ်။ ဒီမနက် လှည့်ပတ်ကြည့်ရာမှာတော့ နှာခေါင်းစီး မတပ်တော့ပါဘူး။ အင်အားက မနည်းပါဘူး။ ကိုဗစ်နဲ့ ခေတ်နဲ့တွက်ကြည့်ရင် များပြားလွန်းလို့ ကြောက်စရာတောင် ကောင်းနေပါတယ်။
မနက် ၈း၀၀နာရီမှာ ဓမ္မာရုံပေါ် ကြွရပါတယ်။ သံဃာစင်ပေါ်မှာ သံဃာတော်များ နေရာယူထားကြပါပြီ။ စာရေးသူလည်း လက်အုပ်ချီ အရိုအသေပြုကာ သံဃာစင်ပေါ် ဝင်ထိုင်လိုက်ပါတယ်။ ရှေ့ဆုံးမှ ဆရာတော်ကြီးတွေက သိရှိထားပုံရပါတယ်။ နေရာချထားပေးဖို့ပြောပြီး နှုတ်ဆက်တော်မူကြပါတယ်။
အခမ်းအနားအပြီးမှာ ဆွမ်းလောင်းကြွဖို့ တစ်ပါးချင်း ပင့်ပါတယ်။ ထုံးစံအတိုင်း ဇီးကုန်းဆရာတော်၊ ထန်းတစ်ပင်ဆရာတော်၊ ကျောင်းကြီးဆရာတော် စသည် ကျောင်းတိုက်အမည်နှင့်တွဲပြီး ပင့်သွားကြတာပါ။ စာရေးသူကိုတော့ မစိုးရိမ်တိုက်သစ်၊ ဓမ္မသဟာယကျောင်းလို့ စာရင်းသွင်းထားကြတာပါ။
သံဃာစင်မှဆင်း၊ ဓမ္မာရုံအပြင်ဘက်မှစပြီး သပိတ်လွယ်ကာတန်းစီကြွရပါတော့တယ်။ ထီးတော်မိုးနှင့် ပီနံအိပ်ကိုင် ကပ္ပိယများကလည်း မနည်းပါဘူး။ နယ်ခံဆရာတော်များက ကိုယ်စီကျောင်းသားများ ခေါ်လာကြပေမယ့် စာရေးသူတို့ကျတော့ အာဂန္တု(ဧည့်)သံဃာများ ဖြစ်နေလို့ ဂေါပကအဖွဲ့က စီစဉ်ပေးထားတာ ဖြစ်ပါတယ်။
ဆွမ်းလောင်းတန်းက အရှည်ကြီးပါ။ လောင်းလှူသူတွေကလည်း မနည်းပါ။ မနက် ၈း၀၀နာရီကျော်မှစပြီး ကြွလိုက်တာ ၁၀း၀၀နာရီကျော်မှ ပြီးပါတယ်။ စာရေးသူသာ ပြီးသွားတာပါ။ စာရေးသူရဲ့နောက် သံဃာတော်တွေက ကိုးဆယ်ကျော် တစ်ရာခန့် ကျန်နေပါသေးတယ်။ အားလုံးပေါင်း ၁၀၈ပါး ပင့်တာပါ။ လောင်းတဲ့သူတွေကလည်း မောနေအောင် လောင်းရပါတယ်။ ကြွတဲ့သူတွေကလည်း ညောင်းနေအောင် ကြွရပါတယ်။
ရေကပ်တဲ့သူ၊ အအေးကပ်တဲ့သူရှိလို့ တော်သေးတာပေါ့နော်။ နေပူထဲ ခြေပူပူနဲ့ ကြွနေရတာ တစ်နာရီကျော်လာတဲ့အခါ ရေမသောက်ဘဲ အောင့်မနေနိုင်တော့ပါဘူး။ သံပုရာရည်လည်းကပ် ရေလည်းကပ်တော့ ဟန်မဆောင်နိုင်တော့ဘဲ တစ်ကြိုက်တည်း မော့ပစ်လိုက်ပါတော့တယ်။
စာရေးသူ ထိုင်းနိုင်ငံ မဟာချိုင်မှာ အခုလိုပဲ ဆွမ်းလောင်းလှူတာနဲ့ ကြုံခဲ့ဖူးပါတယ်။ အဲဒီတုန်းက ၄၅မိနစ် လမ်းလျှောက်ရတာကိုပဲ များလှပြီထင်နေတာ။ အခုတော့ နှစ်နာရီကျော်တောင် ကြာတာပါ။ အကြာဆုံး ဆွမ်းလောင်းပွဲ၊ အစည်ဆုံး ဆွမ်းလောင်းပွဲ၊ အရဆုံး ဆွမ်းလောင်းပွဲကြီးပေါ့။
သံပုရာရည်နှင့် ရေကပ်လှူတာကတော့ ဉေယျဓမ်ဂေါပက ဥက္ကဋ္ဌကြီးပါ။ စာရေးသူ ဉေယျဓမ်မှာ တည်းတုန်းကလည်း လာဖူးပါသေးတယ်။ အခုလည်း အညောင်းပြေ အမောပြေ သံပုရာရည်လေး အချိန်ကိုက် ကပ်လှူရှာပါတယ်။ သံဃာတော်များနှင့် နောက်ပါကပ္ပိယများအားလုံး လိုအပ်နေတဲ့ အချိန်အခါလေးမှာ အချိန်ကိုက် လှူဒါန်းလိုက်တာပါ။ ဆရာဝန်ပီသတယ်လို့ ဆိုရပါမယ်။
နောက်ဆုံးဂိတ်မှာ မဲနှိုက်ရပါတယ်။ စာရေးသူရှေ့မှာ အမှတ်(၁) ပဒေသာပင် ပေါက်သွားလို့ ဝမ်းသာအားရ အော်ဟစ်သံတွေ ကြားလိုက်ရပါတယ်။ စာရေးသူကတော့ အမှတ်(၅၂) ပေါက်တာပါ။ ပီနံအိတ်နဲ့ ကပ်တာဆိုတော့ စောင်တွေ ခေါင်းအုံးတွေ ဖြစ်ပုံရပါတယ်။
သပိတ်ကို ကပ္ပိယပေးကာ ဆွမ်းစားကျောင်းတန်းကြွပြီး ဆွမ်းစားပါတယ်။ ဆွမ်းဒကာ ဒကာမတွေကလည်း မန္တလေး စိန်ပန်းထဲကပါပဲ။
ဆွမ်းစားပြီးတာနဲ့ နတ်တလူဆရာတော်လေးကားနဲ့ ပြန်ကြွပါတော့တယ်။ ပစ္စည်းတွေလည်း ထားခဲ့ပါတယ်။ တပည့်နှစ်ပါးအလှည့်က အဝေးကြီးဆိုတော့ သူတို့ပြီးမှ တစ်ပါတည်းယူဆောင်လာဖို့ပါ။
ဒီနေ့ ဆွမ်းလောင်းပွဲမှာ စာရေးသူကို အထူးအဆန်းဖြစ်နေကြမှာ အမှန်ပါပဲ။ သိတဲ့လူလည်း ရှိတယ်။ မသိတဲ့လူလည်း ရှိတယ်။ ကြည့်တဲ့လူလည်း ရှိတယ်။ မကြည့်တဲ့လူလည်း ရှိတယ်။ ဝမ်းသာတဲ့လူလည်း ရှိတယ်။ ဝမ်းမသာတဲ့သူလည်း ရှိတယ်။ ကြည်တဲ့သူလည်း ရှိတယ်။ မကြည်တဲ့သူလည်း ရှိတယ်။ ပရိသတ်ကတော့ အမျိုးမျိုးပေါ့နော်။
ဟုတ်လောက်၏၊ မဟုတ်လောက်၏။
ဖြစ်နိုင်၏၊ မဖြစ်နိုင်၏။
ထင်မြင်ချက်ပေးကြသူတွေလည်း ရှိနေပါတော့တယ်။
စာရေးသူနှင့်အတူ မန်းမှပါလာတဲ့ ကားဆရာနဲ့ ကားဒကာက အတွင်းစည်း အပြင်စည်း ဝဲယာမှာ မသိမသာလေး လိုက်လာတာကြောင့် ဘယ်သူတွေက ဘယ်လိုအမူအရာရှိတယ်၊ ဘာစကားပြောတယ်ဆိုတာကအစ အကုန်ကြားသိနေရတာပါ။
စာရေးသူကို မြင်လိုက်ရတာနဲ့
“ဆရာတော်ကြီးတော့ လာဘ်ပိတ်ပါပြီကွာ”တဲ့။
“လုပ်ပုံကကြည်ဦး၊ သပိတ်မဖွင့်ဘဲ ခံနေတယ်။ လာဘ်တိတ်တယ်”
“ဘယ်သူက ပင့်တာကျလို့ “
“ဘယ်သူက ပင့်လို့ကြွလာတာပါလိမ့် “
စသည်စသည်
ဤမည် ဤမည်သော မကြည်ဖြူသောပရိသတ်များကလည်း လောင်းလှူရင်တော့ ချန်မထားဘူးဗျ။
စာရေးသူကတော့ အစမှ အဆုံးထိ မေတ္တာပို့ရင်း အလှူခံတာပါ။
“သုခိတာ ဟောထ၊ ဒုက္ခာ မုစ္စထ- ချမ်းသာကြပါစေ၊ ဒုက္ခမှ လွတ်မြောက်ကြပါစေ“မေတ္တာပို့စာသားလေး မပို့သဖြစ်တဲ့အချိန်ကတော့ ခပ်ရှားရှားပါ။
သပိတ်မဖွင့်ဘဲ ခံတာကတော့ ဆွမ်းမပါလို့ပါ။ လောင်းလှူတာတွေက ကော်ဖီမစ်၊လဘက်ခြောက်၊ ဆပ်ပြာ၊ သွားတိုက်ဆေး၊ သင်္ကန်း၊ အသုံးအဆောင်တွေ ဖြစ်နေလို့ သပိတ်ထဲ ထည့်စရာမလိုဘူးလေ။ သပိတ်ဖုံးပေါ်တင်ရုံနဲ့ ရတယ်မဟုတ်လား။ ဆွမ်းဆန်ကို ပန်းကန်လုံးနဲ့ လောင်းတဲ့နေရာကျတော့ သပိတ်ဖုံး ဖွင့်ပေးလိုက်တယ်လေ။ သပိတ်ဖုံးပေါ်တင်လို့ ဘယ်ဖြစ်မလဲ။
စာရေးသူရဲ့ ပစ္စည်းဝတ္ထုတွေကို ဒိုင်ခံလဲလှယ်ပေးသူကတော့ ဆရာငြိမ်းချမ်းသာပါ။ သပိတ်ပေါ် ရောက်လာသမျှတွေရော သပိတ်ပေါ်တင်လို့မရတဲ့ ခေါင်းအုံး စောင် စတာတွေကိုပါ ဆရာငြိမ်းချမ်းသာက ယူပေးပြီး အကူတွေထံ အပ်နှံပေးတာပါ။
ဆွမ်းလောင်းလှူသူအားလုံး အယုတ် အလတ် အမြတ်မရွေး ကျန်းမာချမ်းသာ ဘေးရန်ကွာ၍ လိုရာဆန္ဒ ပြည်ဝကြပါစေသော်ဝ်။
ဦးပဉ္စင်း
ဝီရသူ(မစိုးရိမ်)
31.3.2022