သတင်း

ဉေယျဓမ်တောရသို့ … (၁၆)

ဉေယျဓမ်တောရသို့ … (၁၆)
==================

စာရေးသူက ကျောင်းမြေရေစက်ချပွဲသို့ ခရီးဆက်ခဲ့ပါတယ်။ ကျောင်းပြန်ရောက်တော့ ဆွမ်းလောင်းပွဲ လှူဖွယ်ဝတ္ထုတွေကို တူရာတူရာစုပြီး အိတ်တွေနဲ့ ထည့်ထားပြီးပါပြီ။ တပည့်တွေက လုပ်ပေးထားတာပါ။ တစ်ကြိမ်တစ်ခါမျှ မရဖူးတဲ့ လာဘ်လာဘကြီးပါ။ ငွေကြေးအရ တန်ဖိုးဖြတ်လို့ရပေမယ့် ဒီလိုပစ္စည်းစုံအောင် ဝယ်လှူဖို့ဆိုတာ ဘယ်နည်းနဲ့မှ မဖြစ်နိုင်ဘူးလေ။

လှူဖွယ်အားလုံးကို ငါးပုံ ပုံလိုက်ပါတယ်။ တစ်ပုံက သဟာယသံဃာ၊ တစ်ပုံက သဟာယကျောင်းသား၊ သုံးပုံက မန်းမဟော်သဓာ၊ လောကအလင်း၊ မင်းကွန်းအကယ်ဒမီကျောင်း ဖြစ်ပါတယ်။ မင်းကွန်းအကယ်ဒမီကျောင်းက အင်အားအများဆုံးမို့ နှစ်ပုံစာ ပိုရပါတယ်။
ကော်ဖီမစ်၊ ဆပ်ပြာမှုန့်၊ ဆပ်ပြာမွှေး၊ ဆပ်ပြာကြမ်း၊ လဘက်ခြောက်၊ သွားတိုက်ဆေး၊ သွားတိုက်တံ၊ တိုင်းရင်းဆေး၊ တိုင်းဖျားဆေး စုံနေအောင်ပါပဲ။

နတ်တလူဆရာတော်လေးက နဝကမ္မ ၃သိန်းကျပ် လှူလိုက်ပါသေးတယ်။ စာရေးသူကို တိုက်ရိုက်လှူရင် အားနာနေမှာစိုးလို့ တပည့်တွေနဲ့ ထည့်လှူလိုက်ပုံ ရပါတယ်။ ဖုန်းဆက်မေးကြည့်တော့ လုပ်ငန်းကြီးမှန်း၊ စပွန်ဆာမရှိမှန်း သိလို့ပါတဲ့။ မြင်တတ်လိုက်တာနော်။

စာရေးသူတို့ ငယ်စဉ်ဘဝက ကျောက်ဆည်မှာ ပြောလေ့ရှိတဲ့ စကားပုံတစ်ခု “နာမည်ကြီးတော့ ဖိုးစိန်ကြီး၊ ကောင်းစားတော့ ငချယ်”တဲ့။ စာရေးသူလည်း အဲဒီစကားပုံလိုပါပဲ။ နာမည်ကြီး ထမင်းငတ်လို့ ပြောရင် ရိုင်းနေမလား မသိ။ ခရိုနီတွေက ဘယ်လိုလှူထားတာ၊ ကြံဖွံ့က ဘယ်လို၊ ကာချုပ်က ဘယ်သို့၊ ဘယ်သူက ဘယ်ဘဏ်မှာ သိန်းပေါင်းဘယ်နှစ်သောင်း အပ်ပေးထားတာ စသဖြင့် လိုင်းပေါ်မှာတော့ နာမည်တွေကိုကြီးလို့။ အထင်ကြီးခံလိုက်ရတာလည်း မောလို့။ တကယ့်အဖြစ်ကျ ဘယ်သူမှလည်း မရှိ၊ ဘယ်ဝါမှလည်း မလာ၊ ဘာတွေမှလည်း မလှူ၊ ဘယ်ကိုမှလည်း မအပ်။ စာရေးသူကို တိုက်ရိုက်လှူဖို့ ထောက်ပံ့ဖို့မပြောနှင့် စာရေးသူထူထောင်ထားတဲ့ လောကအလင်း ပညာဒါန၊ မန်းမဟော်သဓာ ပညာဒါန၊ မင်းကွန်းပညာရေးအကယ်ဒမီပရဟိတတွေကိုတောင် ဆန်တစ်စေ့ မလှူဖူးကြပါ။
ဒါပေမဲ့ ကိုနီ မနီတို့ ပါးစပ်ဖျားမှာတော့ ခရိုနီဘုန်းကြီး၊ ကြံ့ဖွံ့ဘုန်းကြီး၊ ကာချုပ်ဘုန်းကြီး အို.. စုံနေတာပါပဲ။
အင်း … ဒါပေမဲ့လည်း .. ပေါ့လေ။

ဉေယျဓမ်ခရီစဉ် ကနဦးရည်ရွယ်ချက်ကတော့ တပေါင်းလဆန်း ၁၂ရက်နေ့ ညသွားအိပ်၊ ၁၃ရက်နေ့ မနက်အစော ဖူးမြော်ပြီး ပြန်လာ၊ တပည့်နှစ်ပါးကို ကိုယ်စားထားခဲ့၊ တပေါင်းလပြည့်နေ့ ဆွမ်းလောင်းပွဲပြီးမှ ပြန်လာဖို့ မှာကြားထားခဲ့ဖို့ပါ။ ဒါပေမဲ့ ဆရာတော်ကြီးက ဆွမ်းလောင်းပွဲကို ကိုယ်တိုင်ကြွစေချင်တာကြောင့် တပေါင်းလပြည့်နေ့ ကျောင်းမြေရေစက်ချပွဲကို နောက်ဆုတ်လိုက်ကာ နတ်တလူသို့ အရောက်လာခဲ့ရတာ ဖြစ်ပါတယ်။

ညီတော်မောင် နတ်တလူဆရာတော်လေးကို တိုင်ပင်ကြည့်တော့လည်း “ဆရာတော်ကြီးက ဘာဖြစ်လို့စီစဉ်မှန်းမသိ။ ဆရာတော့်ကို သိဒ္ဓိတင်ပေးတာလည်း ဖြစ်နိုင်တယ်။ ကြွဖြစ်အောင် ကြွပါ”လို့ အားရဝမ်းသာ ပြောလာပါတယ်။

စာရေးသူက တပေါင်းလပြည့် ကျောင်းမြေအလှူပွဲနဲ့ တိုက်ဆိုင်နေလို့တင် မဟုတ်ပါဘူး၊ စာရေးသူကို အကြောင်းပြုပြီး ဖြစ်ပေါ်လာမည့် အပြစ်အနာအဆာတွေကြောင့်ပါ ဆွမ်းလောင်းပွဲ မသွားချင်ခဲ့တာပါ။
ဆရာတော်ကြီးက သွားစေချင်တာက တိုင်းရင်းသားတွေ စုံလင်လို့လည်း ပါပါတယ်။ “ပြည်ထောင်စု ငြိမ်းချမ်းရေးပွဲသဘင်ကြီးဗျ”လို့လည်း မိန့်တော်မူပါတယ်။

ဆရာတော်ကြီးကိုယ်တိုင်က လိုလိုလားလား ချီးမြှောက်တာဆိုတော့ မကြွမဖြစ် ကြွခဲ့ရတာပေါ့။ ဒါကိုပဲ မကြည်လင်သူများက ဂေါပကရုံးအထိသွားပြီး ရန်တွေ့ကြတယ်လို့ သိရပါတယ်။ ဂေါပကတွေလည်း မသိရှာပါဘူး။ ဆရာတော်ကြီးကိုယ်တိုင် စီစဉ်တော်မူတာပါ။

စာရေးသူကိုယ်တိုင်လည်း မကြည်ညိုတဲ့သူတွေဆီက အလှူမခံချင်ပါဘူး။ နှမြောစေးနဲသူတွေကို ရှင်မောဂ္ဂလာန်လို တန်ခိုးဣဒ္ဓိပါဒ်နဲ့ ခြွေချွတ်ရလောက်အောင်လည်း စာရေးသူမှာ ဘာတန်ခိုးမျှ မရှိပါဘူး။
အနီတွေကို ချီးကျူးလိုတာက အတိုက်အခံလုပ်တဲ့နေရာ၊ ရန်လိုရန်ထောင်တဲ့နေရာမှာ လုံးဝ မပိန်းတာပါပဲ။
ဂေါပကရုံးထိ သွားရန်တွေ့တာ ကြည့်လေဗျာ။
ကုသိုလ်တစ်ပဲ ငရဲတစ်ပိဿာ ဖြစ်မနေပေဘူးလား။

လူသားအားလုံး ကောင်းမှုပြုတိုင်း ကုသိုလ်အပြည့်အဝ ရနိုင်ကြပါစေ …။

ဦးပဉ္စင်း
ဝီရသူ(မစိုးရိမ်)
3.4.2022