ဉေယျဓမ်တောရသို့ … (၈)
===============
ကိုခင်မောင်ဝင်းတို့အဖွဲ့ နေ့ဆွမ်းလာကပ်ကြပါတယ်။ အရိုးအကြောဆိုင်ရာ ကျန်းမာရေးအခြေအနေကြောင့် စာရေးသူက အမဲ၊ ဝက်၊ ငါး၊ ပုစွန်၊ ပြောင်းဖူး၊ မျှစ်၊ ပဲပုတ်၊ ငှက်ပျောသီး၊ ဆီကြော်အစားအစာများ ရှောင်နေရကြောင်း သူတို့ကို ပြောမထားပါ။ တောထမင်း တောဟင်း စာလိုသောကြောင့် ဖြစ်ပါတယ်။
တောထဲတောင်ထဲဆိုပေမယ့် ဆရာတော်ကြီးရဲ့ ဘုန်းကံကြောင့် အစစအရာရာ ပြည်စုံပါတယ်။ ဆွမ်း ဆွမ်းဟင်းလည်း လိုလေသေးမရှိ၊ အချိုပွဲအတွက် သစ်သီးဝလံလည်း လိုလေသေးမရှိ ပြည့်စုံလှပါတယ်။
ဆွမ်းစားပြီး စကားတွေပြောဖြစ်ပါတယ်။ ကိုခင်မောင်ဝင်းတို့အဖွဲ့က လူပျံတော်တွေများတာကြောင့် အနာဂတ်သာသနာမှာ အောင်းကောင်ကြီးတွေ မကြီးစိုးအောင် တယ်လူးသာသနာထူထောင်လိုကြောင်း စာရေးသူက အဆိုပြုတာပါ။
သာသနာမှာ ငယ်ဖြူ၊ တောင်ပြန်၊ တောထွက်၊ တယ်လူးဆိုပြီး ဘုန်းကြီးရဟန်း သတ်မှတ်ချက်တွေ ရှိခဲ့ပါတယ်။
ငယ်ဖြူဆိုတာ- ကိုရင်ဘဝကတည်းက သာသနာ့ဘောင်ဝင်ခဲ့သူ။
တောင်ပြန်ဆိုတာက- အသက် ၂၀ကျော် လူပျိုကြီး အရွယ်ကြီးမှ ရဟန်းဝတ်ခဲ့သူ။
တောထွက်ဆိုတာက- သာမယားရပြီးမှ ရဟန်းဝတ်ခဲ့သူ။
တယ်လူးဆိုတာကတော့- ငယ်ဖြူရဟန်းတော်ဘဝနဲ့ လူထွက်၊ ကြီးမှ ပြန်ဝတ်၊ အိမ်ထောင်ကျသူလည်းရှိ၊ မကျသူလည်းရှိ၊ သားသမီး ထွန်းကားသူလည်းရှိ၊ မထွန်းကားသူလည်းရှိတယ်ပေါ့။
ငယ်ဖြူဘဝမှာ ပျော်သလောက်နေ၊ နေတုန်းအခိုက် ဖြူဖြူစင်စင်ရှိပါစေ။ လူထွက်ဖြစ်ရင်လည်း ရဟန်းအချင်းချင်းထံ သိက္ခာချပြီးမှ ထွက်ရင်ထွက်၊ ဒါမှမဟုတ် အနိမ့်ဆုံး မာတုဂါမထံ သိက္ခာချပြီးမှ ထွက်ရင်ထွက်။ ဒီနှစ်ခုထဲက တစ်ခုခုကိုတော့ လိုက်နာရမယ်။ ဒါမှ ပြန်ဝတ်လို့ ရမှာ။
ငယ်ဖြူဘဝနဲ့ လူထွက်ပြီး ကြီးမှပြန်ဝတ်ကြတဲ့ တယ်လူးဆရာတော်တွေဆို ဒကာ ဒကာမတွေက ယုံကြည်စိတ်ချကြတာများတယ်။ ခိုးကြောင်ခိုးဝှက် မကျူးလွန်ကြတော့ဘူး။ ခိုးမစားတော့ဘူးပေါ့။ အခုဟာက ခိုးစားသူတွေကများလာ၊ အတင့်ရဲသူတွေကပေါလာ၊ အချို့က သားလည်းရှိ၊ မယားလည်းရှိ၊ မဟာယာနအတိ ဖြစ်နေပြီ။ သိသာသိစေ မမြင်စေနဲ့ အဆင့်နဲ့ပဲ ရဟန်းသံဃာအဖြစ် အသိအမှတ်ပြုနေကြရတာ။ သာသနာက မသန့်ရှင်းတော့ဘူး။ အကြောင်းရင်းက တယ်လူးသာသနာ မရှိသေးလို့ပဲ။ တယ်ဘူးသာသနာသာရှိရင် ငယ်ဖြူဘဝနဲ့ ဖူးစာလည်း ကြော်ငြာလို့ရတယ်။ စည်းစိမ်ဥစ္စာတွေနဲ့လည်း တင်တောင်းသူတွေ ပေါ်လာနိုင်တယ်။ သားမယားအတွက် တာဝန်ကျေလို့ ပြန်ဝတ်လာရင်လည်း သာသနာတော်မှာ စိတ်ချရပြီ။ စာသင်တိုက်ပြန်လုပ်မလား၊ ရိပ်သာပြန်ဖွင့်မလား၊ ပရဟိတလုပ်ငန်း ဦးဆောင်မလား၊ မျိုးဆက်သစ်လေးတွေအတွက် ဘာသာရေးဆိုင်ရာ သင်တန်းတွေကို ဦးစီးဦးဆောင်မလား ကြိုက်ရာရွေးလို့ရတယ်။ အောင်မြင်မှာက တောက်လျှောက်ပဲ။ အိုဇာတာကောင်း သံသရာကောင်း အားလုံးကောင်းမည့် နည်းလမ်းပါ။
မသန့်ရှင်းမှန်း ကိုယ့်ကိုကိုယ်သိပါလျက် မထွက်ဘဲ အောင်းပြီးနေတဲ့ အောင်းကောင်ကြီးငယ်တွေကတော့ တစ်လောကလုံးကို အကုသိုလ်ပေးသလို ဖြစ်နေပြီး ကိုယ်တိုင်လည်း ငရဲလက်မှတ်ရရှိထားကာ ငရဲသွားရမည့်အရေး အမြဲတွေးနေရတဲ့ပုံစံကြီး ဖြစ်နေတော့တာပေါ့။
တယ်လူးသာသနာ ကျယ်ပြန့်လာရင် ကိုရင်လည်းမရှားတော့ဘူး။ ငယ်ဖြူတွေလည်း မျှော်လင့်ချက်အပြည့်နဲ့ ရှိတယ်။ ပြန်မထွက်ဘဲ မြဲသူတွေလည်း အတိုင်းထက်အလွန် ဖြူစင်ပြီး ဘုန်းတန်ခိုးကြီးလာမယ်။ ဒါ စိတ်ကူးမိတာလေးပါ။
မဟာဗောဓိမြိုင်ဆရာတော်ကြီးကတော့ ဝိပဿနာသမားပီပီ အပြစ်ဖြစ်မည့်အရေး မတွေးခိုင်းဘူး။
“သူတို့ကမှ ရှက်စိတ်ရှိသေးတယ်။
မင်းတို့လူတွေက အခမ်းအနားတွေနဲ့ ကြော်ငြာပြီး အိမ်ထောင်ပြုကြတာ”လို့ မိန့်တော်မူကြောင်း ကိုခင်မောင်ဝင်း လျှောက်ထားလို့ သိလိုက်ရပါတယ်။
လူထွက်ပေမယ့် ခိုးကြောင်ခိုးဝှက် နေနေတာကမှ အရှက်ရှိသေးတယ်။ မင်္ဂလာဆောင်ပွဲမှာ လူတွေဖိတ်ကြားပြီး ကြော်ငြာတာက ရှက်စရာကြီးလို့ ဆိုလိုတဲ့သဘောပါ။
အဂ္ဂိက္ခန္ဓောပမသုတ္တန်ကိုကြည့်ပါ။
ဘုရားရှင် ကိုယ်တိုင် သာသနာသန့်ရှင်းရေးတရား ဟောခဲ့တာပါ။
မြတ်စွာဘုရား နောက်ဆုံးတက်ရောက်ခဲ့တဲ့ ပါတိမောက်ပြပွဲမှာဆို ရှင်မဟာမောဂ္ဂလာန်ကိုယ်တိုင် ဒုဿီလကို သိမ်ထဲမှ ဆွဲထုတ်ခဲ့တာပါ။
အများကြီးပါပဲနော်။
သန့်ရှင်းတဲ့ ထေရဝါဒကို ကြိုက်သလား။
ရောနှောတဲ့ မဟာယာနကို ကြိုက်သလား။
မိုက်ဖမ်း ကြိုက်လမ်းကို ရွေးပေါ့နော် …။
ဦးပဉ္စင်း
ဝီရသူ(မစိုးရိမ်)
24.3.2022