သတင်း

ဉေယျဓမ်တောရသို့ … (၁၀)

ဉေယျဓမ်တောရသို့ … (၁၀)

===============

ဒီနေ့လည်း ဆရာတော်ကြီးစွန့်ကြဲတော်မူတဲ့ လှူဖွယ်ဝတ္ထုတွေ ထပ်မံရောက်ရှိလာပါတယ်။ သုံးပါးလုံးအတွက် စိတ်တိုင်းကျ ရွေးချယ်စွန့်ကြဲတော်မူပုံပါပဲ။ သင်္ကန်းဆိုရင်လည်း အဝါရောင်၊ ဖိနပ်ဆိုရင်လည်း သင့်တော်မည့်နံပါတ်ပေါ့။ စာရေးသူက နံပါတ် ၉စီးမှ ကြည့်ကောင်းတာပါ။ စာရေးသူနဲ့ သင့်တော်မည့် နံပါတ် ၉ဖိနပ်ပါလာတာ အံ့သြစရာ။ ဒါ့အပြင် ဖောင်တိန်ပတ်ကား ပါကင်တစ်ဘူး၊ လက်သည်းညှပ်နှင့် ဆက်စပ်ကိရိယာလေးတွေပါတဲ့ ပါကင်တစ်ဘူး စုံနေတာပါပဲ။

နှုတ်တော်မှ ထုတ်ဖော်လို့ မှာတော်မူလိုက်သေးတာက “ရေနွေးဘူးကို မန္တလေးယူသွားပါ။ မထားခဲ့ပါနဲ့”ဆိုတာပါပဲ။

ဂရုစိုက်ရှာတယ်နော်။

ညနေမှာ ဘုရားသောက်တော်ရေကပ်၊ ဆီးမီးထွန်း၊ နံ့သာမွှေးပူဇော်ပြီး ဘုရားဝတ်တက် ပဋ္ဌာန်းရွတ်ပြီးတဲ့အခါ အပြင်ဘက်မှာပဲ ပက်လက်ထိုင်ခုံလေးနဲ့ တရားမှတ်နေလိုက်ပါတယ်။ တောရိပ်တောင်ရိပ်ရဲ့ အရသာကို အပြည့်အဝ ခံစားချင်လို့ပါ။ လကသာ၊ လေကအေး၊ ပန်းရနံ့ကမွှေးနဲ့ ပျော်မွေ့စရာ တောရကလေး ဖြစ်နေပါတော့တယ်။

ပါလာတဲ့ ဒကာတွေမှာ ပျင်းစရာ၊ မူလရည်ရွယ်ချက်က လဆန်း ၁၂ရက် ညလာအိပ်၊ ၁၃ရက် မနက်အစောဖူးမြော်၊ လပြည့်နေ့ ဆွမ်းလောင်းအတွက် တပည့်နှစ်ပါးထားခဲ့ဖို့ပါပဲ။ ဆရာတော်ကြီးက ကမ္ဘာကျော်မပါလို့ မဖြစ်ဘူး မိန့်တော်မူမှ ဆက်နေရဖို့ စီစဉ်လိုက်ရတာပါ။ ဒါကြောင့် တစ်ညအိပ်လိုက်လာတဲ့ ကားဒကာရော ကားဆရာပါ အဝတ်အစား အပိုမပါကြသလို အိမ်ကိုလည်း တစ်ညအိပ်ပဲလို့ ပြောလာခဲ့ရတာပါ။ သူတို့နှစ်ဦးလည်း မြို့ထဲသွား အိမ်ကိုအသိပေးကြ၊ ကွန်ပျူတာဆရာလေးလည်း ရွှေဘိုကားဂိတ်ထိ လိုက်ပို့ကြပါတယ်။ ရက်ကြာနေမှာဖြစ်လို့ ကွန်ပျူတာဆရာလေးကို ပြန်လွှတ်လိုက်ရတာပါ။ အကြီးတန်းပဋ္ဌာန်းကျမ်းစာအုပ်က ပုံမနှိပ်ရသေးတာကြောင့် စာမေးပွဲအမီ ထုတ်နိုင်အောင် ဆက်လုပ်နိုင်ဖို့ရည်ရွယ်ပြီး ပြန်လွှတ်ရတာပါ။

ဆရာသွေးတို့ပြန်သွားပြီးနောက် စာရေးသူတို့လည်း သစ်ပင်ရေလောင်းရင်း နမောတဿ ရွတ်ဆိုကြပါတယ်။ နမောတဿရွတ်လိုက် သစ်ပင်ရေလောင်းလိုက်ပေါ့။

မြို့ထဲမှာ မီးအမြဲပျက်ပေမယ့် ဉေယျဓမ်မှာ မပျက်ပါဘူး။ ဆိုလာမီးဖြစ်လို့ပါ။ သာသနဝုဍ္ဎိကျောင်းတစ်ဆောင်လုံး မီးလုံးများစွာ ထိန်နေအောင်ထွန်းထားတဲ့အပြင် ရေနွေးတည်ရင်တောင် ရပါသတဲ့။ ကပ္ပိယအဖွဲ့လာပို့ထားတဲ့ ရေနွေးနဲ့တင် ပြည့်စုံနေတာကြောင့် ရေနွေးတော့ မတည်ဖြစ်ပါဘူး။

စာရေးသူဟာ ပရိတ်ပဋ္ဌာန်း ရွတ်ဖတ်ပူဇော်မှု ဝတ်မြဲသူဖြစ်ပါတယ်။ ရဟန်းသိက္ခာ တစ်ဝါအရွယ်မှစ၍ ပစ္စယနိဒ္ဒေသပါဠိတော်ကို အမြဲရွတ်လာခဲ့ရာ ၂၀၂၁ ခုနှစ် ဇန်နဝါရီလ ၁ရက်နေ့မှစပြီး ပဉှာဝါရပါဠိတော်များကို မြှင့်တင်ရွတ်ဆိုလာခဲ့ပါတယ်။

မဟာသမယသုတ် ပရိတ်တော် ခုနစ်သုတ်ကို ၂၀၀၅ ခုနှစ် အိုးဘိုထောင်မှ စတင်ရွတ်ဆိုလာရာ ယနေ့အထိပါပဲ။

ပရိတ်ပဋ္ဌာန်းမရွတ်ခင် နတ်ဒေဝါတွေကို ဖိတ်ကြား၊ ရွတ်ပြီးတဲ့အခါ အမျှဝေ၊ မေတ္တာပို့ အမြဲလုပ်ပါတယ်။ အကြပ်အတည်း အခက်အခဲများ တွေ့ကြုံလာတဲ့အခါမှာတော့ အထူးအလေးအနက်ထား ရွတ်ဆိုကာ နတ်ဒေဝါတွေကို တိုင်တည်ကာ သစ္စာဆို ဆုတောင်းလေ့ရှိပါတယ်။

တောလည်း ပရိတ်ပဋ္ဌာန်း၊ မြို့လည်း ပရိတ်ပဋ္ဌာန်း၊ ကျောင်းလည်း ပရိတ်ပဋ္ဌာန်း၊ အိမ်လည်း ပရိတ်ပဋ္ဌာန်း၊ ထောင်လည်း ပရိတ်ပဋ္ဌာန်း၊ ဆေးရုံလည်း ပရိတ်ပဋ္ဌာန်း၊ အမြဲတန်း ပရိတ်ပဋ္ဌာန်းပေါ့နော်။

ကားပေါ်၊ ရထားပေါ်၊ လေယာဉ်ပေါ်၊ သင်္ဘောပေါ်လည်း ပရိတ်ပဋ္ဌာန်းပါပဲဗျာ။

စာရေးသူ ရောက်ရာအရပ်တိုင်းမှာ နတ်ဒေဝါတွေကို ဖိတ်ကြားပြီး ပရိတ်ပဋ္ဌာန်းရွတ်ဆိုပူဇော်တော့တာပါပဲ။

ဒီ သမာဓိတွေကြောင့်ထင်ပါတယ်။ ဖိအားဒဏ်တော့ ခံနိုင်သဗျ။ ကမ္ဘာကြီးက ဝိုင်းဖိလည်း မမှု၊ မီဒီယာတွေ၊ နိုင်ငံရေးသမားတွေ၊ အမြင်မတူသူတွေ၊ မကြည်ဖြူသူတွေ၊ မလိုလားသူတွေ၊ ဆန့်ကျင်ဘက်အားလုံးရဲ့ ဖိအားဒဏ်ကို တည်တည်ငြိမ်ငြိမ် ရင်ဆိုင်ရင်း ကိုယ်မူနဲ့ကိုယ် ကိုယ့်လမ်းနဲ့ကိုယ်လျှောက်ပြီး ကိုယ့်ပန်းတိုင် အရောက်လှမ်းနိုင်ခဲ့တာ ဂုဏ်တော်သမာဓိ၊ ပရိတ်ပဋ္ဌာန်းတော်သမာဓိတို့ကြောင့်လို့ ယုံကြည်နေပါတယ်။

မဟာဗောဓိမြိုင်ဆရာတော်ကြီးကတော့ သိဒ္ဓိ၊ မဟိဒ္ဓိ၊ ဣဒ္ဓိဆိုပြီး သရုပ်သုံးပါး ခွဲပြတော်မူပါတယ်။ ဂုဏ်တော်ပွားရင် သိဒ္ဓိဓာတ်ရသလို ပရိတ်ပဋ္ဌာန်းရွတ်ရင်လည်း သိဒ္ဓိဓာတ် ရပါတယ်။

သိဒ္ဓိဆိုတာကတော့ ပြီးစီးခြင်းပါ။ လိုအင်ဆန္ဒ ပြည့်ဝတာ ကြံတိုင်းအောင် ဆောင်တိုင်းမြောက်တာကို ဆိုလိုတာပါ။

မဟိဒ္ဓိဆိုတာကတော့ တန်ခိုးကြီးခြင်းပါ။ ဝိဇ္ဇာအဆင့်ထိ ရောက်လာတဲ့သဘောပေါ့။ ဝိဇ္ဇာတစ်ယောက်က မိစ္ဆာတစ်ထောင်ကို နိုင်တယ်လို့လည်း မိန့်တော်မူပါတယ်။

ဣဒ္ဓိကိုတော့ တန်ခိုးလို့ ဆိုလိုပါတယ်။ မြေလျှိုးမိုးပျံရုံတင်မက လူရောင်ဖန်ဆင်းတာ၊ ဘီလူးရောင်ဖန်ဆင်းတာ၊ ကိုယ်ပွားတွေ ရာထောင်မက ဖန်ဆင်းတာ၊ ရေပေါ်လမ်းလျှောက်တာ စတာတို့ပါပဲ။

စာရေးသူလည်း သိဒ္ဓိအဆင့်လောက်တော့ ရောက်နေပြီ ထင်တာပါပဲ။ ဆရာတော်ကြီးမိန့်သလိုဆို သိဒ္ဓိဓာတ်တွေ ရနေပြီပေါ့။ ဟုတ်နိုင်စရာတွေလည်း ရှိပါတယ်။ တစ်ခါတလေ ကိုယ့်ကိုကိုယ်တောင် လန့်လာပါတယ်။ ဂိလာနသုတ် ပရိတ်တော်ရွတ်တာနဲ့တင် အသက်သခင် ကျေးဇူးရှင်အဖြစ် ယုံကြည်ကြလောက်အောင် သဒ္ဓါတရားတိုးပွားလာတဲ့ ဖြစ်ရပ်သာဓကတွေ မကြာခဏ ကြုံနေရလို့ပါပဲ။

အခုတော့ ဆရာတော်ကြီးက ဝိပဿနာသမားစစ်စစ်ကြီး ဖြစ်သွားပြီမို့ စာရေးသူရဲ့ ပရိတ်ပဋ္ဌာန်းသမာဓိကို “ပျင်းစရာကြီးဗျာ”ဟု မိန့်တော်မူရှာပါတယ်။

ဝိပဿနာဉာဏ် ရင့်သန်သူတွေဟာ သမထ(သမာဓိ)လုပ်ငန်းကို ပျင်းစရာကြီးလို့ ရှုမြင်နိုင်သွားကြတော့တာပါ။

တစ်နည်းအားဖြင့်ပြောရရင် ပညာသမားတွေအတွက် သမာဓိက ပျင်းစရာကြီးပေါ့နော်။

အချို့ဆရာတော်ကြီးများက “အရွတ်ဆိုတာ အသားလောက်တော့ မကောင်းဘူးဟဲ့”တဲ့။

ဟုတ်ရှာမှာပါပဲ။

ဒါပေမဲ့

စာရေးသူက အရွတ်စား အရွတ်ဝါးအဆင့်ပဲ ရှိပါသေးတယ်။ တစ်ချိန်ချိန်တော့ အသားစားဖြစ်အောင် စားရမှာပေါ့နော်။

စာရေးသူ အရွတ်ပဲ စားချင်နေတာက ကိုယ့်အတွက်အဓိကမဟုတ်ပါဘူး။ လောကလူသားတွေ ကျန်းမာရေးအတွက်ပါ။

လောကလူသားများ ကိုယ်ကျန်းမာ စိတ်ချမ်းသာကြပါစေသော်…ဝ်။

ဦးပဉ္စင်း

ဝီရသူ(မစိုးရိမ်)

27.3.2022