ဉေယျဓမ်တောရသို့ … (၉)
==============
နေ့ဆွမ်းစားပြီးတဲ့အခါ ကပ္ပိယကိုခင်မောင်ဝင်းတို့အဖွဲ့ ပြန်သွားကြပါတယ်။ နေ့ဘက် ခဏမကျိန်းခင်လေးမှာ စာရေးသူတို့တည်းခိုရာ သာသနဝုဍ္ဎိကျောင်းဝင်းအတွင်း လှည့်လည်ကြည့်ရှုကာ လေ့လာစူးစမ်းမိပါတယ်။ ကျောင်းပုံစံ၊ ကျောင်းဝင်းအကျယ်အဝန်း၊ သစ်ပင်ပန်းမာလ်စိုက်ပျိုးပုံ၊ စင်္ကြံလမ်း၊ စောင်းတန်း၊ မီးဖို၊ ရေကန် တည်ဆောက်ပုံများကို သဘောကျမိပါတယ်။
မီးဖိုချောင်ဆိုပေမယ့် ကုဋီ(အိမ်သာ)လို့ ထင်ရတဲ့ ဆောက်အဦးလေးပါ။ ဖွင့်ကြည့်မှ မီးဖိုမှန်း သိရတာပါ။ တစ်ပါးတည်း တောရဆောက်တည်နေလို့ ချက်ပြုတ်စရာမလိုပေမယ့် အရေးအကြောင်းဆို ရေနွေးတည်နိုင်အောင်လို့ စီမံပေးထားပုံရပါတယ်။ မီးဖိုရယ်၊ ရေနွေးအိုးရွယ်၊ ခွဲစိပ်ပြီးသားထင်းတုံးလေးတွေရယ်၊ ထင်းရှူးဆီသားလေးတွေရယ်၊ မီးခြစ်ရယ် ဒါပဲတွေ့ရတာပါ။
ခေါင်းရင်းမှာ ဘုရားဆောင်(ဂန္ဓကုဋိ)ကို အပြင်ထုတ်ဆောက်လုပ်ထားပြီး ဘုရားဆောင်နောက်ကျော အပြင်နံရံမှာ ညောင်ရွက်နှင့် ဓမ္မစကြာပုံ ပန်းချီရေးဆွဲထားမှုကလည်း အဓိပ္ပါယ်တစ်မျိုးပါပဲ။ ညောင်ရွက်လေးကြည့်ပြီး ဆရာတော်ကြီးရဲ့အာဘော်ကို ဖမ်းယူမိကာ ကိုယ့်အတွေးနှင့်ကိုယ် ကြည်ညိုနေမိပါတော့တယ်။
ကျောင်းနှင့် ကျောင်းမြေရေစက်ချပွဲက တပေါင်းလပြည့် (16.3.2022)ရက်နေ့မှာ စီစဉ်ထားခဲ့ပေမယ့် ဆရာတော်ကြီးက တပေါင်းလပြည့် ဆွမ်းကြီးလောင်းပွဲထိ နေစေချင်တာကြောင့် ကျောင်းရေစက်ချပွဲကို တစ်ရက်နောက်ဆုတ်လိုက်ရပါတော့တယ်။ ဖုန်းလိုင်းမမိတဲ့နေရာရောက်နေတဲ့အပြင် ဝင်လိုက်ထွက်လိုက်လုပ်ဖို့ မသင့်တော်တဲ့ တောရဝိဟာဖြစ်နေတာကြောင့် တပည့်တွေရဲ့ဖုန်းနဲ့ပဲ ကျောင်းဒကာ ဒကာမတွေဆီ ဆက်သွယ်ရပါတော့တယ်။
ကျောင်းရေစက်ချပွဲ အနုမောဒနာတရားအတွက် စာရှာ၊ စာကြည့်၊ စာရေး၊ ကဗျာစပ် လုပ်နေချိန်မှာပဲ ဆရာသွေး(ဆရာမောင်သွေးချွန်)တို့အဖွဲ့ ရောက်ရှိလာပါတယ်။ ဆရာသွေးနှင့်အတူ သားတော်မောင် ငြိမ်းချမ်းသာနှင့် ဝိုင်းတော်သားတွေကို နတ်တလူဆရာတော်လေး ဦးဇဋိလာလင်္ကာရာဘိဝံသက ဦးဆောင်လိုက်ပို့လာတာ ဖြစ်ပါတယ်။
ဆရာသွေးက ထောင်ထဲအဝင် စာရေးသူက တောထဲအရောက်၊ ဆရာသွေးက ထောင်အထွက် စာရေးသူက ထောင်ထဲအဝင် ဖြစ်နေလို့ ဆရာသွေးနှင့် မတွေ့ရတာ လေးငါးနှစ်တောင် ရှိပါပြီ။ တွေ့မည့်တွေ့တော့လည်း တကယ့်နေရာ တကယ့်ဆရာတော်ကြီးကျောင်းမှာ လာတွေ့ကြတာ အံ့သြစရာပါ။
စာရေးသူကလည်း ဆရာတော်ကြီးရဲ့ကဗျာနဲ့ပေါက်၊ ဆရာသွေးကလည်း ဆရာတော်ကြီးရဲ့ တရားတွေနဲ့ ပေါက်ခဲ့တာကြောင့် နှစ်ဦးလုံးပေါ် ဆရာတော်ကြီးကျေးဇူးက ကြီးမားတော်မူပါတယ်။
ဆရတော်ကြီးအကြောင်း၊ အမျိုးသားရေးအကြောင်း၊ မျက်မှောက်နိုင်ငံရေးအကြောင်းများကို တစ်ဝကြီး ပြောကြဆိုကြတာများ တသောသောနှင့် ပျော်စရာကြီးပါ။
အဲဒီထဲမှာ ငြိမ်းချမ်းသာစကားက ပိုပြီးအားရပါတယ်။ “တစ်ယောက်ကလည်း ဗိုလ်ချုပ်သမီးဆိုပြီး လုပ်ချင်ရာလုပ်၊ တစ်ပါးကလည်း ဘုရားသားဆိုပြီး လုပ်ချင်ရာလုပ်၊ တိုင်းပြည်ပျက်ပြီပေါ့ဗျ”တဲ့။
သူ့သူငယ်ချင်းပြောစကားကို သူကပြန်ပြောပြသွားတာပါ။
စာရေးသူက “ထမင်းဝအောင်စားထား”လို့ ဟောပြောတာရော၊ ကြည်လင်းတို့အဖွဲ့ကို ကျေးဇူးတင်ကြောင်း ရေးသားတာတွေကို ရည်ရွယ်ပုံရပါတယ်။
သူ့သူငယ်ချင်းကိုတော့ ပြန်မမေးနိုင်တော့ပါဘူး။ အဲဒီလိုဟောပြောတာနဲ့ တိုင်းပြည်ဘယ်လိုပျက်သွားလဲဆိုတာပါ။
တကယ်တန်းကျ
ဝီရသူဒဏ် အခံရဆုံးကလည်း NLDပါ။
NLDဒဏ် အခံရဆုံးကလည်း ဝီရသူပါ။
ဒါပေမယ့် အာဏာရှိနဲ့ အာဏာမဲ့၊ တရားရှိနဲ့ တရားမဲ့၊ ဘယ်သူက ဓမ္မ ဘယ်သူက အဓမ္မဆိုတာကိုတော့ တောရမှာ ပြောပြမှာမဟုတ်ပါဘူးနော်။
သို့သော် နှစ်ဦးနှစ်ဖက်လုံး နစ်နာဆုံးရှုံးမှုတွေ၊ ဘဝရဲ့ ဒဏ်ရာဒဏ်ချက်တွေ ကိုယ်စီကိုယ်ငှ ရခဲ့ကြပြီ မဟုတ်လား။ တရားသဘောနဲ့ ပြောရင် အများမနောကတော့ အမှားအတောမသတ်နိုင်အောင်ပါပဲလေ။
ဦးပဉ္စင်း
ဝီရသူ(မစိုးရိမ်)
26.3.2022