နွားချိုလိုကျင့်သူ
တစ်နေ့တွင် ကျနုပ်သည် စာမူကိစ္စဖြင့် ရန်ကုန်သို့သွားရလေသည်။ ကျနုပ်ရောက်မဆိုက်ပင် ဆရာတော်တစ်ပါးက သြ၀ါဒပေးလေ၏။ ထိုဆရာတော်ရထားသော ဘွဲ့တံဆိပ်များကို ပန်းလိုသီကုံးလိုက်ပါက ဘွဲ့တံဆိပ်ပန်းကုံးကြီး ခြေဖျားမှဦးခေါင်းထိ ဖုံးလွှမ်းသွားပြီး ပိသေနိုင်လောက်အောင် များပြားသည့် ဘွဲ့တံဆိပ်များ ဆွတ်ခူးရယူခဲ့သော ဆရာတော်ဖြစ်ပါသည်။ စာတတ် ပေတတ်ကျမ်းဂန်တတ် ပိဋကတ်အကျော် စာချဆရာတော်တစ်ပါး ဖြစ်ပါသည်။ ကျနုပ်အား ထိုဆရာတော်ပေးသော သြ၀ါဒမှာ “ဆိုင်ရာသံဃာ့အဖွဲ့အစည်းတွေနှင့် အတိုက်အခံမလုပ်ပါနှင့်၊ သည်းခံပါ၊ အမြင်မတော်လျှင် မမြင်ချင်ဟန်ဆောင်ပါ၊ လျစ်လျူရှုပါ”ဟူ၍ဖြစ်ပါသည်။ ကျနုပ်သည် သြ၀ါဒဆုံးသည်အထိ ဂရုစိုက်ပြီးနားထောင်ပါသည်။ သြ၀ါဒဆုံးသွားသည့်အခါ “ဘုန်းကြီး- ဘုန်းကြီးက ၀ီရသူကို ကြည့်မရလို့ အသားလွတ်ကြီး ခေါင်းကိုတက်နင်းပါ၊ ၀ီရသူသည်းခံပါမည်၊ သို့သော် သာသနာတစ်ရပ်လုံးနှင့် ပတ်သက်လာလျှင်တော့ ဘယ်လိုအဖွဲ့အစည်းဖြစ်ဖြစ် ၀ီရသူ သည်းခံမည် မဟုတ်ပါ”ဟု ပြန်လည်လျှောက်ထားလိုက်ပါသည်။ ထိုဆရာတော်ခေါင်းငိုက်စိုက်ကျသွားပါသည်။ စုံစမ်းသိရှိရသည်မှာ ကျနုပ်လုပ်ဆောင်ချက်တွေကို ဆရာတော်များက မကြိုက်၍ ယခုလို သြ၀ါဒပေးရခြင်းဖြစ်ကြောင်း သိရပါသည်။
ကျနုပ်၌ မဟာနာယကဆရာတော်ကြီးများ မကြိုက်သည့် အချက်တစ်ချက်ရှိပါသည်။ ထိုအချက်မှာ မဟာနာယက ဆရာတော်ကြီးများထံ စာတင်ခြင်းဖြစ်ပါသည်။ ပရိယတ္တိရွှေချိန်ခွင်စာမူကို ထုတ်ဝေခွင့်မပေး၍ တင်သည့်စာပါ အကြောင်းအရာအချို့ကို ကြိုက်တော်မမူကြခြင်း ဖြစ်ပါသည်။ ထိုစာ၌ “ဆရာတော်တို့သည် တန့်ကြည်တောင် ငိုတရားရယ်တရားကို အဓမ္မမှန်းသိပါလျက် အရေးမယူကြပါ။ အဓမ္မဟု ဆုံးဖြတ်သည့် စာမူကိုလည်း ထုတ်ဝေခွင့်မပြုကြပါ။ ဤသို့ဆိုလျှင် ဆရာတော်တို့ သံဃမဟာနာယက အဖွဲ့အစည်းကြီးသည် အဓမ္မ၀ါဒီ တစ်ဦးတစ်ယောက်ကို ကာကွယ်ဖို့ ရည်ရွယ်ပြီး ဖွဲ့ထားသည့် အဓမ္မလုံခြုံရေးအဖွဲ့၊ ဓမ္မကိုနှိပ်ကွပ်နေသည့် သာသနာဖျက် အဖွဲ့ကြီးတစ်ခု ဖြစ်နေပါပြီ”ဟူသော အရေးအသားပါဝင်ပါသည်။ ထိုစာကို ဘင်လာဒင်၏လေယာဉ်နှစ်စင်းထက် အားပြင်းကြောင်း မှတ်ချက်ချသူများလည်း ရှိပါသည်။ ထိုအရေးအသားနှင့်ပတ်သက်၍ မဟာနာယကဆရာတော်များက ကျနုပ်အားအစာမကျေကြခြင်း ဖြစ်ပါသည်။ ကျနုပ်ကိုသြ၀ါဒပေးသော ဆရာ(တိုက်ကြက်ကြီး)မှာ မဟာနာယကကို မြှောက်ပေါင်းပြီး ဘွဲ့တံဆိပ် စုဆောင်းနေသူဖြစ်သည့်အလျောက် မဟာနာယကဘက်မှရပ်တည်၍ သြ၀ါဒပေးခြင်းဖြစ်ပါသည်။ သို့သော် သူကိုယ်တိုင်ကမူ သူ့အတ္တနှင့်ပတ်သက်လာလျှင် တစ်စက်ကလေးမျှအထိမခံ သည်းမခံတတ်ပါ။ ကျောင်းတိုက်မှ တက်လူရဟန်းပျိုများကိုလည်း နည်းအမျိုးမျိုးဖြင့် နှိပ်ကွပ်ပါသည်။ သူ၏ဆရာထံမှ ကျောင်းလုထားရုံတင်မကဘဲ သည်းခံတတ်သော ဆရာကို တိုက်ခိုက်နေသူဖြစ်ပါသည်။ ထို့ကြောင့် သံဃာများက ၄င်းကို ကွယ်ရာ၌ ဆရာတိုက်ကြက်ကြီးဟု နာမည်တပ်ကြခြင်းဖြစ်ပါသည်။ ပညာတတ်စာတတ် ဗဟုသုတပြည့်စုံသူဖြစ်၍ တိုက်ကွက်များကလည်း ပညာရှိပီသပါသည်။ စစ်ပြီးကာလ ကမ္ဘာ့နိုင်ငံများ ဆင်နွှဲခဲ့ကြသည့် စစ်အေးတိုက်ပွဲ နည်းဗျူဟာများဖြင့် တစ်ဖက်သတ်တိုက်ခိုက်နေခြင်းဖြစ်ပါ၏။
ဆရာဖြစ်သူက တန်ခိုးကြီးဘုရားတစ်ဆူကို အမှီပြုပြီး ဘုန်းကံကြီးနေသည်ကို ဆရာတိုက်ကြက်က ကြည့်ရပုံမပေါ်ပါ။ ဆရာတိုက်ကြက်ကိုယ်တိုင် ဗုဒ္ဓဂယာသွားပြီး ရုပ်ပွားတော်တစ်ဆူကို မဟာဗောဓိစေတီမှာ ရင်ငွေ့လှုံခဲ့ပါသည်။ ထိုရုပ်ပွားတော်ကို ကျောင်းပင့်လာပြီး ဖန်ပြောင်းအိမ် ဂန္ဓကုဋီထဲမှာ ပူဇော်ထားပါသည်။ သော့အထပ်ထပ်ခတ်၍ ပူဇော်ထားခြင်းဖြစ်ပါသည်။ ထိုရုပ်ပွားတော်အတွက် တစ်နှစ်တစ်ခါ ဘုရားပွဲကျင်းပပါသည်။ ရုပ်ပွားတော်ကိုလည်း ဂန္ဓကုဋိတိုက်မှပင့်ဆောင်ကာ ဘုရားပွဲအတွင်း အပူဇော်ခံထားပါသည်။ ဘုရားဖူးများ၊ ဈေးသည်များ၊ ဇာတ်ပွဲအငြိမ့်ပွဲများဖြင့် လူစည်ကားအောင်လုပ်ပါသည်။ မြို့မျက်နှာဖုံးကုန်သည်ပွဲစားများ စီးပွားရေးလုပ်ငန်းရှင်ကြီးများ၊ ကုမ္ပဏီကြီးများကို ဖိတ်ကာ ဘုရားပြအလှူခံပါသည်။ ဘဏ္ဍာငွေစုဆောင်းထားပါသည်။ ဆရာဖြစ်သူ၏ တန်ခိုးကြီးဘုရားကြီးမှာ နိုင်ငံခြားပြန် တန်ခိုးကြီးဘုရားလေးကြောင့် တန်ခိုးမှိန်သွားခဲ့ရရှာပါသည်။ ထိုသို့ဘုရားပွဲကျင်းပခြင်းကို သူ၏ရဟန်းဒကာ ဒကာမများကပင် မကြိုက်ကြပါ။ လာဘ်များအောင်လုပ်ခြင်းဖြစ်ပါ၏။ ဘုရားပြစားခြင်းဖြစ်ပါ၏။ ဘုရားရောင်းစားခြင်းဖြစ်ပါ၏။ ဘုရားမကြိုက်သည့် လုပ်ငန်းဖြင့် စီးပွားရှာနေသူက မိမိအား သြ၀ါဒပေးသည်မှာ အံ့သြစရာပါ။ ဆရာတော်ကြီးများကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ ဘုရားကြိုက်ဖို့သာ အဓိကဖြစ်ပါသည်။ ဘုရားကြိုက်ဖို့သာ အရေးကြီးပါသည်။
ကြက်ခေါင်းဆိတ်မခံသည့် မြန်မာတွေ
ကျနုပ်က ကျနုပ်လူမျိုးအတွက် အလုပ်လုပ်နေခြင်းဖြစ်ပါလျက် ကျနုပ်လူမျိုးက ကျနုပ်ကို ၀ိုင်းတိုက်ခိုက်နေကြသည်မှာလည်း သင်္ခန်းစာတစ်ခုဖြစ်ခဲ့ပါသည်။ ”ကုလားက သူ့ဟာသူနေတာကို ၀ီရသူက လိုက်ဆွနေတယ်”ဟု ဆိုသူကဆို၊ ၀ီရသူကို ဖမ်းဖို့တိုက်တွန်းသူကတိုက်တွန်း၊ အာမခံသူကခံနှင့် ခြေထိုးနေကြသူတွေလည်း ရှိပါသည်။ ၀ီရသူကို အရက်သမားလုံးလုံးဖြစ်အောင် ပြောသူများကလည်း ပြောကြပါသည်။ အရက်သမားတောင် ပုလင်းမော့ ခွက်မော့ အရက်သမားမျိုးမဟုတ်ပါ။ ပုံးထောင် ကိုင်းတပ် အရက်သမားမျိုးဖြစ်ပါသည်။ သာသနာသန့်ရှင်းရေးကားပေါ်မှာ ၀ီရသူကိုယ်တိုင် အရက်ပုံးထောင်သောက်နေ သည်ကို ကိုယ်တိုင်မြင်ခဲ့။ ပီပါကိုင်းတပ်ပြီး မော့နေသည်ကို အသေအချာတွေ့ရသည်ဟု အပုပ်ချသူများလည်း မနည်းကြပါ။ ကျောက်ဆင်းတုက အရက်သောက်သည်ဟုဆိုလျှင် မှန်ကောင်းမှန်ပါလိမ့်မည်။ အကြောင်းမှာ အရက် သမားက ဘုရားဓမ္မာရုံထဲ ၀င်မော့ရင်း မူးမူးရူးရူးဖြင့် ကျောက်ဆင်းတုအား အရက်ကပ်လှူကောင်း ကပ်နိုင်မည်ဖြစ်သောကြောင့်တည်း။
အိမ်ရှေ့က အမှိုက်ပုံ
မန္တလေးတိုင်း ဥက္ကဋ္ဌဆရာတော်၊ မစိုးရိမ်တိုက်သစ် မဟာနာယကဆရာတော်တို့ ဦးဆောင်၍ မန္တလေးမြို့ လေးပြင်လေးရပ်ရှိ စာသင်တိုက်ကြီးများမှ သံဃာတော်များဖြင့် ဖွဲ့စည်းထားသည့် သာသနမလ၀ိသောဓနီ- သာသနာသန့်ရှင်းရေးအဖွဲ့ကို နယ်ကျော်သည်ဟုဆိုကာ ရိုက်ထုတ်သူများလည်း ရှိခဲ့ကြပါသည်။ ထိုသူများ လည်း ကိုယ့်အိမ်ရှေ့ကအမှိုက်ပုံကို ကိုယ်တိုင်မကြုံးရုံသာမက လာကြုံးသူကို ကြုံးရကောင်းလားဟု ရိုက်နှက်သူများဖြစ်ကြပါ၏။ ကိုယ့်အိမ်ရှေ့ကအမှိုက်ပုံ ကိုယ်တိုင်မကြုံးနိုင်လို့ သူတစ်ပါးလာကြုံးသည်ကို ကြည်ဖြူစွာဖြင့် ခွင့်ပြုရမည်ဖြစ်ပါသည်။ ကိုယ်လည်းမကြုံးနိုင် အမြင်မတော်လို့ လာကြုံးပေးသူကိုလည်း ရိုက်လွှတ်သည်ဆိုလျှင် မည်သို့သော အိမ်ရှင်ဖြစ်ပါသနည်း။ လူစာရင်းဝင်ပါဦးမည်လော။
ဂိုဏ်းဂဏ အစွဲအလန်း
ရှေးဆရာတော်ကြီးများသည် ကိုယ်ကျင့်သီလကို သင်္ခလိခိတ- ပွတ်သစ်စ ခရုသင်းလို ဖြူစင်သန့်ရှင်းစွာ နေထိုင်နိုင်ကြပါသည်။ ခြောက်ပစ်ကင်း သဲလည်းစင်ဟုဆိုလျှင် ရနိုင်ပါ၏။ ထို့ကြောင့်လည်း ၎င်းတို့သည် မိမိအကျင့်သီလအပေါ် အမှီပြုပြီး အတ္တကြီးမားကြခြင်း ဖြစ်ပါသည်။ ထိုအတ္တကြောင့် ဂိုဏ်းဂဏကွဲပြားလာရပြီး သာသနာဆုတ်ယုတ်လာရခြင်း ဖြစ်ပါသည်။ ဥုးနှင့်ဦး၊ အရှင်နှင့် အသျှင်၊ ဥာဏ ဥာန စသည့် သဒ္ဒါပညတ်များပေါ်တွင်ပင် ၀ိနည်းဓိုရ်ပြီး ငြင်းခုံလာကြသည်ကို တွေ့ရပါသည်။ ဦးကုသလဟု ရေးသည်ဖြစ်စေ ဥုးကုသလဟုရေးသည်ဖြစ်စေ မည်သူကမျှ ဒေါ်ကုသလဟုမဖတ်ကြပါ။ ထို့အတူ အရှင်ကုသလ၊ အသျှင်ကုသလတို့ကိုလည်း မည်သူကမျှ အသေကုသလဟု မဖတ်ကြပါ။ ဥာဏနှင့် ဥာနကိုလည်း မည်သူကမျှ လိမ်နဟု မဖတ်ကြပါ။ လိုရင်းအနက်ကို သိကြသည်ချည်း ဖြစ်ပါ၏။ ပညတ်နှင့် ပရမတ်တွင် ပညတ်သည်အကာ၊ ပရမတ်သည်အနှစ် ဖြစ်ပါသည်။ ပညတ်တွေပေါ်မှာ တိုက်ခိုက်နေလျှင် လိုရာပန်းတိုင် ရောက်တော့မည်မဟုတ်ပါ။
ယခုကဲ့သို့ သီလရှိသော ဆရာတော်ကြီးများသည် အတ္တကိုဗဟိုပြု၍ ဘုရားသားတော်အချင်းချင်း မတူသလို မတန်သလို ဆတ်ဆံလာခြင်းကြောင့် ဆရာစွဲလောကသားများ ပေါ်ပေါက်လာရပါသည်။ ဆရာကွဲ၍ ဒကာကွဲသည်။ ဘုမ္မဇိုးနတ်များကွဲသည်။ နတ်ပြည်အဆင့်ဆင့်ကွဲသည်။ ဗြဟ္မာ့ပြည်အထိကွဲသည်။ ထိုသို့ ကွဲ ပြဲခြင်းသည် ကောင်းသောလက္ခဏာများ ဖြစ်ပါသလော။ အတ္တကြီးလျှင် အမြင်ကျဉ်းမြောင်းတတ်ပါသည်။ အသိဥာဏ်သည် အတ္တ၏လွှမ်းမိုးမှုကို ခံရသောကြောင့် သူ၏အစွမ်းပြခွင့် မရှိတော့ပါ။ အမြင်ကျယ်လျှင် အတ္တကျဉ်းပြီး သဘောထားကြီးမားတတ်ပါသည်။ ယနေ့ခေတ်သည် global age (ဂလိုဘယ်ခေတ်)ဖြစ်၍ ယနေ့ ရဟန်းတော်များသည် အမြင်ကျယ်၍ အတ္တကျဉ်းလာကြပြီ ဖြစ်ပါသည်။ ပညတ်တွေအပေါ်မှာ အချင်းချင်း မတိုက်ခိုက်လိုကြပါ။ ကျွန်ုပ်သည် ကြံခင်းမြို့၌ ဓမ္မာစရိယသင်တန်း ပို့ချခဲ့ပါသည်။ မဟာဒွါရဂိုဏ်းပိုင်ကျောင်းမှာ ပို့ချခြင်းဖြစ်ပါသည်။ မြို့မျက်နှာဖုံးဆရာတော်ကြီးများကို သင်တန်းနာယကအဖြစ် တင်မြှောက်ထားပါသည်။ မဟာဒွါရမှလည်းပါသည်။ ဝေဠုဝန်ဒွါရမှလည်း ပါပါသည်။ ထိုအခါ ဝေဠုဝန်ဒွါရများကို နာယကတင်ရကောင်းလားဟု မဟာဒွါရဆရာတော်များက ကျွန်ုပ်အား အပြင်းအထန် ကန့်ကွက်ကြပါသည်။ သုဓမ္မာက မိခင်ရင်းကို စွန့်လွှတ်ပြီး မိထွေးကို အမေတော်နိုင် အမေခ်ါနိုင်ပါလျက် မဟာဒွါရက ညီအစ်ကိုအချင်းချင်း လူရာမသွင်းနိုင်သည်မှာ မေတ္တာမဲ့လွန်းလှပါ၏။ ရဟန်းအချင်းချင်းဖြစ်ပါလျက် ဒွါရအချင်းချင်းတူပါလျက် မဟာနှင့်ဝေဠုဝန် ကွဲရုံလေးဖြင့် ရန်သူကြီးများလို သဘောထားကြသည်မှာ ရဟန်းတော်မှ ဟုတ်ပါစဟု အောက်မေ့မိခဲ့ပါ၏။ ထိုမဟာဒွါရ ဆရာတော်များ၏ ရဟန်းခံ သိမ်ထပ် ကံဆောင်မှုမျိုး၌ ဂိုဏ်းပေါင်းစုံသံဃာများ ကံဆောင်ခွင့်မရှိပါ။ မဟာဒွါရဂိုဏ်းဝင် သက်သက်ဖြင့်သာ ကံဆောင်ကြပါသည်။ ကမ္ဘာအေး သာသနာရေးဌာန၌ သံဃမဟာနာယက မဟာဒွါရဆရာတော်ကြီးသည်ပင် တခြားဂိုဏ်းဝင် မဟာနာယကဆရာတော်များနှင့် ဆွမ်းအတူမစားပါ။ နှစ်ရာ့နှစ်ဆယ်ခုနစ်သွယ်သော ရဟန်းသိက္ခာထက် ပိုပြီးကျင့်နိုင်သူမရှိပါဘဲလျက် အဆင့်အတန်းခွဲခြားလွန်းသည်ကို ဗုဒ္ဓမြတ်စွာလက်ခံပါမည်လော။ ညီနောင်အများ စဉ်းစားကြစေချင်ပါသည်။ နဂါးနိုင်ဓားဇာတ်လမ်း၌ သိုင်းဂိုဏ်းကြီးကိုးဂိုဏ်း ပူးပေါင်း၍ မိစ္ဆာဂိုဏ်းကို တိုက်သလို သံဃာ့ဂိုဏ်းကြီး ကိုးဂိုဏ်းပူပေါင်း၍ မိစ္ဆာများကို နှိမ်နင်းချိန်တန်ပါပြီ။ အမျိုးသားလုံခြုံရေးကို ကာကွယ်ဖို့လိုပါပြီ။ သသနာ့ရေသောက်မြစ်ကို ထိန်းသိမ်းစောင့်ရှောက်ဖို့ လိုအပ်လာပါပြီ။
(ဆက်လက်ဖော်ပြပါမည်)
ဝီရသူ(မစိုးရိမ်)
(အမှတ်(၂၂) သာသနာတော်နှစ် ၂၅၆၀၊ ၁၃၇၉ ခု၊ တန်ခူးလ ၂၀၁၇ ခုနှစ် ဧပြီလထုတ် မဟာဝီရ ရသစုံမဂ္ဂဇင်းမှ ကူးယူဖော်ပြသည်။)