တော်သလင်းလပြည့်ကျော်(၁၃)ရက် 18.9.2017 ရက်နေ့ မွန်းတည့် ၁၂း၀၀ နာရီ မန္တလေး မဟာအောင်မြေမြို့နယ် ကင်းဝန်မင်းကြီးတိုက် သာသနပါလကျောင်းမှာ ကျင်းပပါတယ်။
ပျော်ဘွယ်မဘသ ဥက္ကဋ္ဌဆရာတော်ကြီးဘဒ္ဒန္တဝိလာသ အမှူးပြုသော ပျော်ဘွယ်မဘသ ဆရာတော် သံဃာတော်များနှင့် မျိုးချစ်မောင်မယ်များ မန်းမဘသ အတွင်းရေးမှူးချုပ်ဆရာတော်ကြီး သာသနဓဇဓမ္မာစရိယ ပါဠိပါရဂူ ဘဒ္ဒန္တကုသလအမှူးပြုသော မန်း မဘသ ဆရာတော်သံဃာတော်များနှင့် မျိုးချစ်မောင်မယ်များ တက်ရောက်ကြပါတယ်။ ပျော်ဘွယ်မဘသ အလှူခံရရှိထားသော ရခိုင်ပြည်သူများအတွက် အလှူငွေ ကျပ်သိန်းပေါင်း(၁၇၀)ကျော်ကို မန်း မဘသသို့ လာရောက် အပ်နှံတာပါ။
ထို့အတူ အမရပူရ မဘသမှ ရခိုင်ပြည်သူများအတွက် ငါးသိန်းကျပ်၊ အမရပူရမြို့နေ ဦးမိုးကို+ဒေါ်ခိုင်မာဝင်း (MK-ကျောက်မျက်ကုမ္ပဏီ)မှ ငါးဆယ့်ငါးသိန်းကျပ်ကို မန်း မဘသထံ ဆက်ကပ်လှူဒါန်းပါတယ်။
မနက်ခင်းမှာ အကျွေးအမွေးများနှင့်ဧည့်ခံပြီး မွန်းတည့် ၁၂း၀၀ နာရီမှာ အလှူငွေပေးအပ်ပွဲ ကျင်းပတာပါ။ အလှူငွေ မပေးအပ်ခင် ပျော်ဘွယ်မဘသ ဥက္ကဋ္ဌဆရာတော်ကြီးဘဒ္ဒန္တဝိလာသ၊ မန်း မဘသ အတွင်းရေးမှူးချုပ်ဆရာတော်ကြီးဘဒ္ဒန္တကုသလတို့က သြဝါဒတရားမိန့်ကြားပါတယ်။ စာရေးသူက နိဂုံးချုပ်သြဝါဒစကား ပြောကြားပါတယ်။
ဘူးသီးတောင် မောင်တော ရခိုင်ပြည်သူများရဲ့ ဘဝနေထိုင်မှုအကြပ်အတည်းအခက်အခဲတွေနှင့် အသက်အိုးအိမ်စည်းစိမ်ရဲ့အန္တရာယ်တွေကို ပြောကြားပြီး သွားရောက်လှူဒါန်းတဲ့အခါ ပျော်ဘွယ်မဘသအဖွဲ့ကလည်း ကိုယ်တိုင်ပါဝင်လိုက်ပါပြီး ပြည်သူလူထုလက်ထဲ အပြည့်အဝရောက်အောင် အပ်နှံဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ မန်း မဘသအပါအဝင် မဘသအဖွဲ့အားလုံးရဲ့မူဝါဒကတော့ အလှူခံရရှိထားတဲ့ငွေအားလုံး ပြည်သူတွေရဲ့လက်ထဲ ရာခိုင်နှုံးပြည့် ရောက်ရှိဖို့အတွက် ခရီးစရိတ် စားစရိတ် အသုံးစရိတ် စတာတွေကို အလှူငွေများထဲမှမသုံးဘဲ အဖွဲ့ရန်ပုံငွေမှ သီးသန့်သုံးစွဲပါတယ်။
ပျော်ဘွယ်မဘသ ဥက္ကဋ္ဌဆရာတော်ကြီးနှင့်အတူ မဘသဝိုင်းတော်သားများ အလှူရှင်များအားလုံး ကျန်းမာချမ်းသာဘေးရန်ကွာ၍ လိုရာဆန္ဒပြည့်ဝကြပါစေ။