သတင်း

ရေဘေးကူညီရေးအလှူတော် (၆)

ရမည်းသင်းမြို့ ၊ ဝါးပင်တပ်ရွာ

ရေဘေးကူညီရေးအလှူတော် (၆)

ရမည်းသင်းမြို့ ၊ ဝါးပင်တပ်ရွာ

————————————-

       သပြေပင်ရွာကအပြန် ဝါးပင်တပ်ရွာကို ရောက်ပါတယ်။ ဝါးပင်တပ်ရွာကို တကူးတက အရောက်သွားလို့ ရောက်တာမျိုးမဟုတ်ဘဲ အလိုလို ရောက်သွားတာပါ။

       သပြေပင်ရွာကနေ ဆင်းလိုက်ရင် ဝါးပင်တပ်ရွာကို တန်းရောက်လို့ပါပဲ။ သပြေပင်နဲ့ ဝါးပင်တပ်က တောင်ပေါ်နဲ့ တောင်အောက်လေးတင် ဝေးတာပါ။

       ဝါးပင်တပ်ကနေ တက်လိုက်ရင် သပြေပင်ရွာသို့ ရောက်ပြီး ၊ သပြေပင်ကနေဆင်းလိုက်ရင် ဝါးပင်တပ်သို့ ရောက်တာပါပဲ။ ဖြတ်သွားလို့သာ ရပေမဲ့ ကျော်သွားလို့ မရတဲ့ ရွာကလေးပေါ့။

       ရေဘေးကူညီရေး အလှူရှင်တွေက ဝါးပင်တပ်ရွာကို ဖြတ်သွားကြပေမဲ့ ဝါးပင်တပ်ရွာကို မလှူကြပါဘူး။ ဝါးပင်တပ်ကို ဖြတ်ကျော်ပြီး သပြေပင်ပဲ သွားလှူကြတာပါ။

       တကယ်တော့ ဝါးပင်တပ်ရွာကလဲ ဆုံးရှုံးမှု ကြီးမားတာပါပဲ။ အိမ်ခြေ ၄၂အိမ်မှာ ၂၆အိမ်က ရေထဲပါသွားပြီး ၁၆ဦး သေဆုံးခဲ့ပါတယ်။

       ၂၆ အိမ်ထဲမှာ တစ်ချို့က ၂ဦးသေ ၊ တစ်ချို့က သုံးဦးသေ ၊ တစ်ချို့က လေးဦးသေနဲ့ မသေဘဲ အိမ်ရေမျောရုံမျောတဲ့ မိသားစုတွေလဲ ရှိပါတယ်။

       စာရေးသူတို့လဲ ဝါးပင်တပ်ကို ဖြတ်ပြီးသပြေပင်အထိ အရောက်လာခဲ့တာပါ။ ယာဉ်ကုသိုလ်အဖြစ် လိုက်ပို့ပေးတဲ့ ရွှေသမားကြီး ဦးဆယ်က ရှင်းပြတော့မှ ဝါးပင်တပ်ရွာအကြောင်း သိရတာပါ။

       ဦးဆယ်ကလဲ အတိအကျတော့ မသိပါဘူး။ အသေအပျောက်များတဲ့ အကြောင်းလောက်ပဲ သိတာပါ။ အပြန်မှာတော့ ဝါးပင်တပ်ရွာထဲအထိ ဆင်းပြီး စုံစမ်းလိုက်ပါတော့တယ်။

       ကိုယ်တိုင် စုံစမ်းမှ အသေအပျောက်စာရင်း အတိအကျကို သိရှိခဲ့ရတာပါ။

       အိမ်ရေမျော – ၂၆အိမ်အတွက် ၅သိန်းကျပ်စီ။ ၂၆×၅ = ၁၃၀ သိန်းကျပ်။ သေဆုံးသူ ၁၆ ဦးအတွက် ငါးသိန်းကျပ်စီ။ ၁၆×၅ = ၈၀သိန်းကျပ်။ တစ်ရွာလုံး(၄၂)အိမ်အတွက် ရိက္ခာဖိုး – သိန်း၅၀ ကျပ်။

       စုစုပေါင်း – သိန်းပေါင်း ၂၆၀ကျပ် လှူဒါန်းခဲ့ပါတယ်။

       ဒီတစ်ခါတော့ စာရေးသူကိုယ်တိုင် မလှူဒါန်းဘဲ ဦးဇင်းပေါက် (ပေါက်ကိုယ်တော်) ကို လှူခိုင်းလိုက်ပါတယ်။

       ပေါက်ကိုယ်တော်ကတော့ အာရောက်အပေါက်နည်းတဲ့ ရွာကို ပုံအော လှူလိုက်ရလို့ ဝမ်းအသာကြီး သာနေလေရဲ့။

       ဒီလိုအသေအပျောက်များပါလျက် လူမသိ သူမသိ ဖြစ်ရတာကတော့ ခေါင်းဆောင်မကောင်းလို့ပါပဲ။

       ရွာလူကြီးက ရွာအတွက် ဘာမှကို လုပ်မပေးတာပါ။

       ရွာလူကြီးကိုယ်တိုင် ရေထဲအိမ်မျော သွားခဲ့တာပါ။

       ရွာလူကြီးက ထိုင်ငိုနေရုံပဲ တတ်နိုင်ပါသတဲ့။

       စာရေးသူတို့ ရောက်တော့ ရွာလူကြီး အငိုဝသွားပါပြီ။

       ဝါးခုတ်သွားသတဲ့။

       အိမ်ပြန်ဆောက်ဖို့ပေါ့လေ။

       သပြေပင်နဲ့ ဒီလောက်နီးတာတောင် အလှူ အကူ ရောက်မလာတာလဲ မပြောနဲ့လေ။

       ဗီနိုင်း ဆိုင်းဘုတ်ကလေးတောင် ထောင်မထားကြဘူးဗျ။

       တကယ်ဆို – ဝါးပင်တပ်ရွာ ၊ အိမ်ခြေ ၄၂၊ ရေမျော၂၆၊ သေဆုံး ၁၆ လောက်တော့ ရေးထားသင့်တာပေါ့။

       အခုဟာက ဗီနိုင်းမပြောနဲ့ ဂျက်ထူလေးနဲ့တောင် ရေးမထားကြဘူးဗျာ။

       ငတ်ပေါက် ငတ်ပေါက်။

       သတ္တဝါမှန်သမျှ ဘေးမခ ချမ်းမြသာယာကြပါစေ။