သတင်း

ရေဘေးကူညီရေး အလှူတော်(၄)

ရမည်းသင်းမြို့နယ် ဇီးဖြူကုန်းရွာ

ရေဘေးကူညီရေး အလှူတော်(၄)

ရမည်းသင်းမြို့နယ် ဇီးဖြူကုန်းရွာ

—————————————

       ထီးလှိုင်ရွာမှ ထွက်ခဲ့ပြီး ဇီးဖြူကုန်းရွာသို့ ရောက်ပါတယ်။

ဘုန်းကြီးကျောင်းမရောက်ခင် ရွာထဲမှာပဲ မျက်စိလည်နေကြပါတယ်။

နေ့ဘက်တောင် မျက်စိလည်တဲ့ ရွာလို့ ဆိုပါတယ်။ မြို့ခံက လိုက်ပို့တာဆိုတော့ ရွာခံလောက် လမ်းမကျွမ်းဘူးလေ။

       ပိုဆိုးတာက မန္တလေးကကားပါ။ ဗွက်ထဲနစ်နေတာ အကြာကြီး၊ ဝိုင်းပြီးတွန်းကြ၊ ဆင်းပြီးတွန်းကြ ၊ ကျောက်ခဲတွေခုကြနဲ့ အတော်ကြီး ရုန်းကန်လိုက်ရပါတယ်။

       ပရဟိတဆိုတာ လွယ်တယ်မထင်နဲ့နော်

       လက်သုံး ချောင်းနိုင်ငံရေးကသာ လွယ်လှတာ။

       ပရဟိတသမားကတော့ ခက်မှခက်ပဲ။

       ဒီလိုနဲ့ ရွာသူရွာသားတွေ အကူအညီနဲ့ ဇီးဖြူကုန်းကျောင်းတိုက်သို့ ရောက်ခဲ့ပါတယ်။ မဘသ အခမ်းအနားတွေမှာ အမြဲဆုံနေကျ နောင်တော်ကြီး ဦးလင်္ကာဒီပကို ဦးတင်ဖူးမြင်ရပါတယ်။

       အသင့်စောင့်နေတဲ့ ဒုက္ခသည် ပြည်သူတွေနဲ့ တွေ့ဆုံကြပါတယ်။ နောင်တော်ကြီး ဦးလင်္ကဒီပနဲ့ ဦးတိက္ခသာရတို့က စာရေးသူတို့ကို ရွာသားတွေနဲ့ မိတ်ဆက်ပေးပါတယ်။

       စာရေးသူက သြဝါဒလဲပေး တစ်ဦးချင်းတစ်ယောက်ချင်းစီရဲ့ဒုက္ခတွေ မျှဝေခံစားချင်လို့ အဖြစ်အပျက်လေးတွေလဲ ပြောခိုင်းလိုက်ပါတယ်။ အမျိုးသမီးဖြစ်စေ အမျိုးသားဖြစ်စေ ပြောရင်းပြောရင်းနဲ့ ငိုသံတွေပါရောပါလာလို့ အားနာတာနဲ့ ရပ်လိုက်ပါတယ်။ လေးယောက်မေးအပြီးမှာ ရပ်လိုက်တာပါ။

       ဇီးဖြူကုန်းရွာမှာ ရေထဲအိမ်မျောသွားတဲ့ မိသားစုက ၁၆စုပါ။ အဲ့ဒီထဲမှာ ဘိုးကံကောင်းနဲ့ ဘွားကံကောင်းနှစ်ဦးတို့ပါဝင်ပါတယ်။

       အသက် ၆၀ကျော် အဖိုးအဖွားနှစ်ဦးတည်း နေထိုင်ကြတာပါ။ ရေတက်လာပြီး အိမ်ပြိုသွားတော့ လင်မယားနှစ်ဦး လူချင်းကွဲသွားပါတယ်။ အဖိုးက ရေထဲပါသွားပြီး သစ်ပင်တစ်ပင်ဆွဲမိရာမှ ခိုကိုးရာ ရသွားပေမဲ့ အဖွားကတော့ ဘယ်ရောက်လို့ ဘယ်ပေါက်မှန်းကို မသိတော့ပါဘူး။

       မနက်ရောက်လို့ ကယ်ဆယ်ရေးတွေ ရောက်လာမှ အဖွားကို ကယ်တင်နိုင်ခဲ့တာပါ။ ကယ်တင်ချိန်ကနေ လေးရက်ကြာတဲ့အထိ သတိမေ့နေတာပါ။

       သတိပြန်ရလာတော့လဲ အတိတ်မေ့သလို စိတ်ဂယောင်ချောက်ချား ဖြစ်သလို ကျန်းမာရေး ဖောက်သွားပါတော့တယ်။

       ဆုံးရှုံးမှုကလဲ ကြီးတာကိုး။ ရွှေကိုးကျပ်သား ပါသွားပါသတဲ့။ အိမ်အလုံးလိုက် ပြိုကျသွားပြီး ရေထဲပါသွားလို့ ခါးဝတ်ခါးထည်ပဲ ကိုယ်ပိုင်ရှိပါတော့တယ်။

       ပထမတော့ ရမည်းသင်း ခန်းမတို့ ဗိမာန်တို့မှာ ဖွင့်လှစ်ထားတဲ့ ဒုက္ခသည်စခန်းမှာ နေရပြီး – အခုတော့ ရွာထဲက အမျိုးတွေအိမ်မှာ ခိုကပ်နေရပါတယ်။

       လယ်သူဌေးဘဝကနေ အဝတ်တစ်ထည် ကိုယ်တစ်ခုပဲကျန်ခဲ့တာဆိုတော့ ယူကျုံးမရ အပူလုံးကြွပေါ့လေ။ အဖွားဖြစ်သူကတော့ တငိုငို တယိုယိုနဲ့ ခုထိ ဖြေဆည်လို့ မရရှာသေးပါဘူး။

       ရေမျော ၁၆ အိမ်လုံးကို တစ်အိမ်ထောင်လျှင် ၅ သိန်းကျပ်စီ လှူဒါန်းခဲ့ပါတယ်။

       သိန်း ၈၀ ပေါ့နော်။

       ဒုက္ခသည်စခန်းတွေပဲ မဲပြီး လှူနေကြတဲ့အချိန်မှာ ဒုက္ခသည်စခန်း မရောက်တဲ့ ဒုက္ခသည်တွေကို ရှာဖွေပြီး လှူရတာက ပီတိတစ်မျိုးပေါ့နော်။

       သတ္တဝါမှန်သမျှ ဘေးမခ ချမ်းမြသာယာကြပါစေ။