ရေဘေးကူညီရေး အလှူတော်(၅)
ရမည်းသင်းမြို့နယ် သပြေပင်ရွာ
ရေဘေးကူညီရေး အလှူတော်(၅)
ရမည်းသင်းမြို့နယ် သပြေပင်ရွာ
———————————————
စက်တင်ဘာလ ၂၅ရက်နေ့ မနက်အာရုဏ်ဆွမ်းအဖြစ် ရန်အောင်မင်းကျောင်း မှာ ယာဂု(ဆန်ပြုတ်) ဘုန်းပေးပါတယ်။ တောမြို့ဆိုတော့ ကျေးလက်အဟာရလေး တွေက မရိုးနိုင်အောင် စားကောင်းပါတယ်။
တောင်ပေါ်တက်ကြတော့မှာဆိုတော့ ပါလာတဲ့ကားတွေနဲ့အဆင်မပြေပါဘူး။ ဒါကြောင့် ဦးစန္ဒောနဲ့ ဦးတိက္ခ – ညီနောင်နှစ်ပါးက တွဲလက်ညီ ရွှေသမားတွေကို ချောခေါ်ပါတယ်။ ဦးစိုးထွန်းရှိန်ရဲ့ မန်နေဂျာ ကိုဉာဏ်ဝင်းလဲ ပါလာပါတယ်။
ကားတွေက အမြင့်ကြီးတွေပါ။ ရွှေတောသို့ တက်နေကျကားတွေဖြစ်ပါတယ်။
ရမည်းသင်းမြို့ထဲမှာကိုပဲ ရေဝပ်တဲ့နေရာဝပ် ရေစီးတဲ့နေရာစီးနဲ့ တောင်ကျေရေတွေ မကုန်နိုင်သေးပါဘူး။
သိမ်ကုန်းဖြတ်တော့ ရေတောကြီးကို မနည်းဖြတ်ကျော်ခဲ့ရပါတယ်။
လမ်းတစ်နေရာရောက်တော့ ကားပြောင်းစီးကြပါတယ်။ ကားသုံးစီးမှာ တစ်စီးက ကြံခိုင်မှုစိတ်မချရလို့ ကားတစ်စီးထပ်စီစဉ်ပေးတာပါ။
နောက်ရောက်လာတဲ့ ကားဆရာက စာရေးသူကျောင်းလဲ ရောက်ဖူး ၊ စာရေးသူအကြောင်းလဲသိ ၊ ရွှေသမားလဲဖြစ်တော့ ရေဘေးသတင်းကို စုံစေ့အောင် ပြောနိုင်ပါတယ်။
သူက ကားမောင်းရင်း ရှုခင်းတွေကို ထိုးပြပြီး ရှင်းပြပေး စာရေးသူတို့က နားထောင်ရင်း လိုက်ကြည့်နဲ့ အတော်ထိတ်လန့်စရာဖြစ်ရပ်ဆိုးကြီးပါ။
လမ်းဘေးမှာ ကားအကြီး အသေးမျိုးစုံ ပိန်ရှုံ့ပြီးပက်လက်လန်နေတာတွေ တစ်စောင်းလဲနေတာတွေ ၊ အိမ်လုံးကျွတ်ပါသွားလို့ အိမ်သာကျင်းပဲ ကျန်ခဲ့တာတွေ ၊ ရေစီးနဲ့မျောပါလာတဲ့ သစ်တုံးကျောက်တုံးနဲ့ အမှိုက်သရိုက်တွေ ဒိုက်တွေက လယ်ခင်းတွေပေါ်စုပြုံသောင်တင်နေတာတွေ စုံနေတာပါပဲ။
ချောင်းသေးသေးလေးမှ မြစ်ပြင်ကျယ် ရေပြင်ကျယ်ကြီးဖြစ် သွားတဲ့နေရာ ရောက်တော့ ကားပေါ်ကဆင်းပြီး လေ့လာကြပါတယ်။ ခြေမျက်စိလောက်ပဲ ရေရှိပေမဲ့ ရေစီးက အသန်သား။ ဒူးခေါင်းလောက်ဆိုရင် ကလေးတွေ အဖိုးအဖွားတွေ ရေထဲဆင်းလျှောက်ရင် မျှောနိုင်တဲ့ တောင်ကျရေအလျင်ပါ။
သပြေပင်ရွာရောက်တော့ လူတွေတန်းစီပြီး အလှူခံနေကြတာတွေ့ရပါတယ်။ တစ်သုတ်က ဝေငှလှူဒါန်းလို့ လူတန်းကြီးက မကုန်သေးဘူး။ နောက်ထပ် အလှူရှင်တစ်သုတ်က ရောက်လာပြန်ပါတယ်။ နေ့စဉ် – ကားစီးရေ ရာချီပြီး လာလှူကြတယ်လို့ ဆိုပါတယ်။
တန်းစီရတဲ့ ဒုက္ခကလဲ မလွယ်ဘူးလေ။ တစ်အိမ်ထောင် တစ်ယောက်စီ တန်းစီတိုးဝှေ့ယူရတာ။ ပထမအသုတ် ဦးဖြူတိုးပြီး ဒုတိယအသုတ်ကျ ဒေါ်နီက တိုးယူပါတယ်။တတိယအသုတ်ကျ သားဖြစ်သူ မောင်ညို ၊ စတုတ္တအသုတ်ကျ သမီး မဝါ – ဒီလိုတစ်ဦးစီ တိုးယူရတာ တစ်နေကုန်ဆိုတော့ ယူရတဲ့သူတောင် ညောင်းလာပါတယ်။
ရေသန့်တစ်ဘူးစီလောက် ၊ မုန့်တစ်ထုပ်စီလောက်ဆို မလာကြတော့ပါဘူး။ တစ်ချို့ကျလဲ ကလေးတွေကိုပဲ တိုးခိုးလိုက်ကြပါတော့တယ်။
ကယ်ဆယ်ရေး စခန်းလူကြီးတွေက အသံချဲ့စက်နဲ့အော်ရင်း အလုပ်တွေရှုပ်။ စာရေးသူတို့ကိုလဲ အားနာ ၊ စာရေးတို့ကလဲ ပွဲဈေးတမျှ စည်းကားလှတဲ့ ဒုက္ခသည် စခန်းကို အံ့သြနဲ့ အတော်လေး အတွဲညီနေကြပါတယ်။
လှူဖွယ်ပစ္စည်း(ရိက္ခာ) တွေက ပုံနေပါပြီ။ အိမ်ထောင်စု တစ်စုလျှင် ၂ – နှစ်စာ စားရင်တောင် ကုန်နိုင်ဖွယ် မရှိတော့ဘူးလို့ စခန်းလူကြီးတွေက ပြောကြပါတယ်။
ဟုတ်လောက်ပါတယ်။ ဒုက္ခသည်ပြည်သူတွေက သောက်ရေသန့်တန်ဖိုး ကိုတောင် နားမလည်တော့ပါဘူး။ သောက်ရေသန့်နဲ့ ခြေဆေးကြတဲ့ ပြည်သူတွေ အများကြီး တွေ့ခဲ့ပါတယ်။
တန်းစီတိုးလိုက် ပြန်လာရင် သောက်ရေသန့်နဲ့ ခြေဆေးလိုက် ၊ နောက်တစ်ခါ ထပ်တိုးလိုက် ပြန်လာပြီး သောက်ရေသန့်နဲ့ ခြေဆေးလိုက်နဲ့ မောင်မင်းကြီးသား ၊ မယ်မင်းကြီးမတို့ရဲ့ ဘုန်းကံကို စာရေးသူတို့ ဒီတစ်သက် လိုက်မီနိုင်မယ် မထင်တော့ပါဘူး။
စခန်းဥက္ကဋ္ဌ ဦးလှကြီးက ချောင်းထဲလဲလိုက်ပြ ၊ ဓမ္မရုံကြီးလဲ လိုက်ပြ ၊ သပြေပင်ကြီးကို အကြောင်းပြုပြီး ရွာအမည်ကို သပြေပင်လို့ ခေါ်တာပါတဲ့။ ရွာက ရေမြုပ်လို့ပျောက်ကွယ်သွားပေမဲ့ သပြေပင်ကြီးကတော့ ရေလယ်ခေါင်မှာ ထီးထီးကြီး
ရှိနေပါသေးတယ်။
နှစ်ပေါင်းတစ်ရာကျော် သက်တန်းရှည်တဲ့ သပြေပင်ကြီးကို အကြောင်းပြုပြီး ရွာအမည်ကို သပြေပင်လို့ ခေါ်တာပါတဲ့။ ရွာက ရေမြုပ်လို့ ပျောက်ကွယ်သွားပေမဲ့ သပြေပင်ကြီးကတော့ ရေလည်ခေါင်မှာ ထီးထီးကြီး ရှိနေပါသေးတယ်။
နှစ်ထပ်တိုက်အိမ်နှစ်လုံး မြေကြီးအောက် ရောက်သွားတာများ ခေါင်မိုးလေးပဲ ပေါ်ပါတော့တယ်။
စာရေးသူတို့ လှည့်ပတ်ကြည့်ပြီး ပြန်လာတော့ စခန်းဥက္ကဋ္ဌဦးလှကြီးနဲ့ အဖွဲ့က သြဝါဒခံယူကြပါတယ်။ ရွာသူရွာသားအချို့လဲ သြဝါဒနာယူကြပါတယ်။
စာရေးသူက ထုံစံအတိုင်း လက်စွဲတရား နမောတဿ ဟောကြားခဲ့ပါတယ်။
ပြန်လည်ထူထောင်ရေးအတွက် သိန်းနှစ်ဆယ်ကျပ် လှူဒါန်းခဲ့ပါတယ်။
နေ့ဆွမ်းစားချိန်နီးနေပြီမို့ အမြန်ပြန်ဆင်းလာခဲ့ပါတယ်။ ရန်ကုန်၊ မန္တလေး၊ ကျောက်ဆည်၊ မိတ္ထီလာ၊ မအူပင်၊ ဘိုကလေး၊ ကရင်၊ ရန်ကုန် ၊ ထားဝယ်စတဲ့ အဝေးကြီးကနေ တကူးတကသယ်လာတဲ့ရေသန့်တွေ သပြေပင်ရောက်မှ ခြေဆေး ရေဖြစ်တော့တယ်ဆိုတာ ပြောမယုံ ကြုံဖူးမှ သိကြမှာပါလေ။