သတင်း

ရေဘေးကူညီရေး အလှူတော်(၈)

ရမည်းသင်းမြို့ ကျောင်းဖြူကုန်းရွာ

————————————-

ရေဘေးကူညီရေး အလှူတော်(၈)

ရမည်းသင်းမြို့ ကျောင်းဖြူကုန်းရွာ

————————————-

      စက်တင်ဘာလ ၂၆ရက် ညနေ သိမ်ကုန်းရွာ မုဉ္စလိန္ဒာကျောင်းမှ အပြန် ကျောင်းဖြူကုန်းရွာသို့ ရောက်ရှိခဲ့ပါတယ်။

      ကိုယ်ပိုင် အထက်တန်းကျောင်းမှာ ကျောင်းသူကျောင်းသားများ စာကျက်နေတာ တွေ့ရပါတယ်။

      မိုးဖွဲဖွဲလေးကလဲ ကျနေ။ တစ်နေကုန်လဲ ပင်ပန်းနေ ခရီးဆက်ရန်ကလဲ ရှိနေလို့ အခမ်းအနားရယ်လို့ မလုပ်တော့ပါဘူး။ ကျောင်းသား ကျောင်းသူ ငါးဦးနဲ့ စုပေါင်း ဓါတ်ပုံရိုက်ပြီး ပြန်လာခဲ့ပါတယ်။

      သူတို့လေးတွေက ပညာရေးဒုက္ခသည်လေးတွေပေါ့နော်။ ကျောင်းတက်နေတုန်း မိသားစုက ရေဘေးသင့်သွားတော့ မိသားစု ကိုယ်တိုင်က ဒုက္ခသည်စခန်းမှာ ရှိနေကြလို့ သူတို့လေးတွေလဲ ထောက်ပံ့

သူမဲ့ဘဝ ရောက်ရှိသွားကြတာပါ။

      တစ်ဦး ငါးသိန်းစီ စုစုပေါင်း ၂၅သိန်းကျပ် လှူဒါန်းခဲ့ပါတယ်။

      အဲ့ဒီနောက် ရန်အောင်မင်းကျောင်းသို့ ပြန်လာခဲ့ပါတယ်။

      မင်းကျောင်းမှာ ကျောင်းသားတစ်ဦး ၊ ကျောင်းသူတစ်ဦးနဲ့ ထပ်ဆုံပါတယ်။

      ကျောင်းသူတစ်ဦးက လေသာကျောင်းတိုက်ကပါ။ လေသာ ဘ-က ကျောင်းပေါ့နော်။

      သူလေးလဲ ပညာရေးဒုက္ခသည်ပါပဲ။ သူက ရေဘေးလွတ်ပေမဲ့ မိသားစုက ရေဘေးသင့်ပြီး အိမ်ပါရေထဲပါသွားလို့ပါ။ မိသားစုက ရေဘေးဒုက္ခသည် သူကလေးက ပညာရေးဒုက္ခသည်ပေါ့။

      သူကလေးကို ငါးသိန်းကျပ် လှူခဲ့ပါတယ်။

      နောက်တစ်ယောက်ကတော့ ခုနစ်တန်းကျောင်းသားလေးပါ။ ဝါးပင်တပ်ရွာသားလေး ဖြစ်ပါတယ်။ သူလဲ ပညာရေးဒုက္ခသည်ပါပဲ။ သူတို့ မိသားစုက တစ်ဝင်းထဲ နှစ်အိမ်နေကြတယ်။ နှစ်အိမ်လုံးရေထဲပါသွားတယ်။

မိသားစု ရှစ်ဦးလုံး သေဆုံးသွားတယ်။ သူတစ်ယောက်တည်း ကျန်ခဲ့တာပါ။ သူသာ မြို့ပေါ် ကျောင်းတက်နေတာ မဟုတ်ဘဲ မိသားစုနဲ့ အတူသာ ရှိနေခဲ့မယ်ဆိုရင် သူကလေးလဲ သေဆုံးနိုင်ပါတယ်။

      အခုတော့ ပညာရေး ဒုက္ခသည်အဖြစ်နဲ့ ပညာသင်ယူအုံးပေါ့လေ။

      သေဆုံးသူ ကိုရည်းစူးပြီး ကျန်ရစ်သူ မိသားစုအတွက် သေဆုံးသူတစ်ဦးလျှင် ငါးသိန်းကျပ်စီ ပေးလှူခဲ့ပါတယ်။

      သူကလေးရဲ့ မိသားစုက ရှစ်ဦးသေတာဆိုတော့ သိန်း(၄၀) ဆုံးရှုံးတဲ့အိမ်က နှစ်အိမ်ဆိုတော့ (၁၀)သိန်းကျပ်။ စုစုပေါင်း သိန်း(၅၀) လှူဒါန်းခဲ့ ပြီးပါပြီ။

      သိန်း(၅၀)လုံး သူကလေးပဲ ခံစားခွင့်ရမှာပါ။ ဘာကြောင့်ဆို သူတစ်ဦးတည်း ကျန်ခဲ့လို့ပါပဲ။

      သူကလေးအတွက် မုန့်ဖိုး တစ်သိန်းကျပ် ပေးလှူခဲ့ပါတယ်။

      ဦးဇင်းပေါက်(ပေါက်ကိုယ်တော်)ကတော့ သူကလေးကို ကျောင်းဆောင်အပြင် ခေါ်သွားပြီး အင်တာဗျူးနေပါတယ်။

      သပြေပင်ရွာသူ ကလေးမလေးလို ကိုယ်တိုင်ရေဘေးဒုက္ခမကြုံခဲ့ရပေမဲ့ ဆုံးရှုံးမှုကတော့ ကလေးမလေးထက် ပိုဆိုးဝါးပါတယ်။

      သနားစရာ ဘဝလေးတွေပါ။ စာရေးသူတို့ ထောက်ပံ့တာက ၅၁ သိန်းပါ။ ၅၁ သိန်းနဲ့ သူ့အမျိုးတွေက သူကလေးရဲ့ ရှေ့ရေးကို ထိန်းကျောင်းပေးနိုင်ပါစေလို့ပဲ မျှော်လင့်မိပါတယ်။

      သတ္တဝါမှန်သမျှ ဘေးမခ ချမ်းမြသာယာကြပါစေ……….။