သတင်း

ရေဘေးကူညီရေး အလှူတော် (၁၀)

တပ်ကုန်းမြို့၊ဘုန်းတော်ကြီးကျောင်းများ

ရေဘေးကူညီရေး အလှူတော် (၁၀)

တပ်ကုန်းမြို့၊ဘုန်းတော်ကြီးကျောင်းများ

———————————————–

      ရမည်းသင်းမြို့ ၊ ညောင်လေးပင်ရွာမှ ၊ ထွက်ခွါလာခဲ့ပါတယ်။

      တပ်ကုန်းမြို့သို့ ညနေစောင်းလေးမှာ ရောက်ပါတယ်။

      ပထမဦးဆုံး(          )ဘုန်းကြီးကျောင်းသို့ ရောက်ပါတယ်။ ရေကျသွားပေမဲ့ ကျောင်းဝင်းတစ်ခုလုံး အမှိုက်သရိက် ဒိုက်တွေနဲ့ နွံတွေ ပြည့်နှက်နေပါတယ်။

      ကျောင်းထိုင်ဆရာတော်လေးက ကိုယ်ရေးဘေးသင့်တာကို မမှုအားဘဲ ရေဘေးသင့်ပြည်သူတွေအတွက် ကိုယ်တိုင်လဲလှူ အလှူခံလဲပေးနဲ့ ပြန်ကူနေပါတယ်။

      ကျောင်းတိုက် ပြုပြင်ဖို့အတွက်ဖြစ်စေ၊ ဆုံးရှုံးသွားတာတွေ ပြန်ဝယ်ဖို့ အတွက်ဖြစ်စေ လိုရာသုံးဖို့ ငွေကျပ် ၂၅သိန်းလှူခဲ့ပါတယ်။

      (          ) ဆရာတော်လေးက လိုက်ပြလို့ နောက်တစ်ကျောင်းကို ရောက်ပါတယ်။

      ဘိုးဘွားရိပ်သာ ဖွင့်ထားတဲ့ ကျောင်းပါ။ ဘိုးဘွားတွေအတွက် မျက်စဉ်းလဲလှူ။ ကျောင်းတိုက်အတွက်လဲ ငွေကျပ် သိန်း၃၀ လှူဒါန်းခဲ့ပါတယ်။

      တတိယကျောင်းကတော့ ရပ်ကွက်ကျောင်းလေးပါ။

      တံတိုင်းတွေလဲပြို ၊ မုခ်ဦးတွေလဲပြိုနဲ့ ဆရာတော်ကြီး သီတင်းသုံးတဲ့ ကျောင်းဆောင်ကို မနည်း – သွားရပါတယ်။ ခြေတစ်ဝါးစာ ပျဉ်းချပ်လေးတွေ ခင်းထားလို့ သွားလို့ရနေတာပါ။ ပျဉ်ပြားသာ မခင်းထားရင် ရွှံ့ထဲ ချော်လဲ ကြပြီပေါ့။

      ဆရာတော်ကြီးက ကျောင်းအပေါ်ထပ်မှာ ထိုင်နေပါတယ်။ ပစ္စည်း ပစ္စယတွေလဲ ရှုပ်ပွလို့ပေါ့။

      ဆရာတော်ကြီး ကြည့်ပြီး စိတ်မချမ်းသာကြပါ။ ငွေ၁၀သိန်းကျပ်လှူ တော့ သာဓုအကျယ်ကြီး ခေါ်ရုံတင်မကဘဲ ကျေးဇူးတင်ကြောင်းပါ လှိုက်လှိုက်လှဲလှဲ မိန့်တော်မူနေတော့တာပါ။

      ဦးဇင်းပေါက်(ပေါက်ကိုယ်တော်)ကလဲ တပည့်တပန်းတွေနဲ့ စုပြီးထပ်မံ လှူဒါန်းပါသေးတယ်။

      နောက်ဆုံးကျောင်းကတော့ ဘကကျောင်းပါ။ ဆရာတော်က ကျောင်းသူကျောင်းသားတွေ အတွက် စာအုပ်ထွက်ဝယ်နေလို့ မတွေ့ခဲ့ရပါဘူး။

      ရေဘေးသင့်ခဲ့ပေမဲ့ ရေကျတာနဲ့ ချက်ချင်းကျောင်းပြန်ဖွင့်နိုင်ဖို့ ကြိုးစားတော်မူတဲ့ ဆရာတော်ကြီးကို လေးစားမိသွားပါတယ်။

      ကျောင်းဝင်းထဲမှာပဲ လိုက်လံပြသတဲ့ ဆရာတော်လေးကို သိန်း ၅၀ ကျပ် လှူဒါန်းခဲ့ပါတယ်။

      မန္တလေးထိ ပြန်ရမှာမို့ ဆရာတော်ကြီးပြန်အလာကို မစောင့်တော့ဘဲ ကျောင်းမှာရှိတဲ့ ဆရာတော်လေးကို လှူလိုက်တာပါ။

      ပေါက်ကိုယ်တော်ကတော့ ကျောင်းပျက်ကြီးကို နောက်ခံထားပြီး မိန့်ခွန်းပြောနေပါတယ်။

      ဆယ်လီရွာတွေပဲ သွားလှူမဲ့အစား ဒီလိုနေရာမျိုးကို ပုံလှူကြဖို့ တိုက်တွန်းတဲ့ သြဝါဒပါ။

      ရေဘေးသင့်တာချင်း အတူတူ လူတွေက ဒုက္ခသည်စာရင်းဝင်ပြီး လှူဒါန်းသူရှိပေမဲ့ ဘုန်းကြီးတွေကတော့ ဒုက္ခသည်စာရင်းလဲမရှိ ဘယ်သူမှလဲ လာမလှူနဲ့ – အထီးကျန်ခဲ့ကြရပါတယ်။

      စာရေးသူကို မန္တလေးအဖွဲ့က လှူလိုက်တဲ့ သိန်း(၁၁၀)လဲ ကုန်သွားပါပြီ။ ဦးဇင်းပေါက်အဖွဲ့ ပါခဲ့တာလဲ ကုန်သွားကြပါပြီ။ အိတ်သွန်ဖာမှောက် လှူခဲ့ကြတာပါ။

      နောက်ဆုံးအလှူကတော့ အမြတ်ဆုံးအလှူဖြစ်မှာပါ။

      မန္တလေး၊ မဟာမြိုင်က၊ အုပ်ကြီးဖိုးခွါးနဲ့ အလှူရှင်များ ဝမ်းမြောက်ဝမ်းသာ ဖြစ်ကြစေနိုင်ဖို့ပါ။

      သတ္တဝါမှန်သမျှ ၊ ဘေးမခ ၊ အေးမြသာယာကြပါစေ……….။