သတင်း

ရေဘေးကူညီရေး အလှူတော် (၃)

ရမည်းသင်းမြို့နယ်၊ ထီးလှိုင်ရွာ

ရေဘေးကူညီရေး အလှူတော် (၃)

ရမည်းသင်းမြို့နယ်၊ ထီးလှိုင်ရွာ

———————————–

       စက်တင်ဘာလ ၂၄ရက်၊ ညနေပိုင်းမှာ ဇေယျာသီရိမြို့နယ်၊ ကျောက်ချက် အုပ်စု၊ အလယ်ရွာမှ ရမည်းသင်းမြို့သို့ ဆက်လက် ထွက်ခွါလာခဲ့ကြပါတယ်။

       ရမည်းသင်းမြို့ ၊ ရန်အောင်မင်းကျောင်းသို့ ရောက်ရှိပြီး တိုက်အုပ်ဆရာတော် ဦးစန္ဒော၊ ရွာတန်းရွာမှ နောင်တော်ကြီး ဦးတိက္ခတို့နှင့် ဆွေးနွေးတိုင်ပင်ကြပါတယ်။

       “ရွှေလုပ်ကွက်နဲ့ နီးတဲ့ ရွာတွေက ပြန်လည်ထူထောင်ဖို့ လွယ်ကူပြီး ၊ ရွှေလုပ်ကွက်နဲ့ တစ်ခြားစီမှာ ရှိတဲ့ ရွာတွေက ပြန်လည် ထူထောင်ဖို့ မလွယ်ကူဘူး။ ဒါကြောင့် တောင်သူတွေကို ဦးစားပေးပါ” လို့ နောင်တော်ကြီး ရွာတန်းဆရာတော်က မိန့်ကြားလာပါတယ်။

       နောင်တော်ကြီးရဲ့ သြဝါဒအတိုင်း ညဦးပိုင်းမှာ ခရီးဆက်ကြပါတယ်။

       ထီးလှိုင်ရွာသို့ ရောက်ပါတယ်။ ထီးလှိုင်ရွာဆိုတာ ပိဋကလမ်းညွှန်ကျမ်းစာ အုပ် (၃)အုပ် ပြုစုတော်မူတဲ့ ဆရာတော်ကြီး ဦးသီလဗလ ကျောင်းထိုင်ရာ ရွာကြီး ဖြစ်ပါတယ်။

       လက်ရှိ ကျောင်းထိုင်ဆရာတော်လေးကလဲ မစိုးရိမ်တိုက်သစ်ကနေ ကျမ်းပြီး(ဘွဲ့ရ)ခဲ့တဲ့ ကျောင်းသားဟောင်းတစ်ပါးပါပဲ။

       စာရေးသူ အိုးဘို မသွားခင် ၂၀၀၁-၂၀၀၂-၂၀၀၃ ကာလတုန်းက ပိဋကတ်တော်လာ အချက်အလက်တွေ ရှာဖွေစုဆောင်းရာမှာ ထီးလှိုင်ဆရာတော်ရဲ့ ပိဋကလမ်းညွှန်ကျမ်းတွေက အတော် အထောက်အကူပြုပါတယ်။

       အဖွဲ့အစည်းနဲ့ ပြုစုရမဲ့ ကျမ်းစာအုပ်ကြီးတွေကို တောထဲကနေ တစ်ပါးတည်းက ပြုစုခဲ့တဲ့ ဆရာတော်ကြီးကို သက်ရှိထင်ရှား မဖူးမြှော်လိုက်ရလို့ ရုပ်ပုံတော်ကိုပဲ အားရပါးရ ဦးချရှိခိုးခဲ့ပါတယ်။

       ထီးလှိုင်ရွာမှာ ရေထဲပါသွားလို့ အိမ်ပျောက်သွားတဲ့ မိသားစု နှစ်စုရှိသလို ဆီဆုံရွာမှာလဲ မိသားစုတစ်စု ရှိပါတယ်။

       သူတို့လေးတွေက ဒုက္ခသည်စခန်းမှာ မဟုတ်လို့ အကူအလှူ မရကြပါဘူး။

       ဒါကြောင့် တစ်အိမ်ထောင် – ငါးသိန်းကျပ်စီ လှူဒါန်းခဲ့ပါတယ်။

       လင်မယားနှစ်ယောက် အသက်ဘေးမှ လွတ်မြောက်ခဲ့ပုံလေးက စိတ်ဝင်စားစရာ။

       ရေက အနက်ကြီး မဟုတ်ပေမဲ့ ရေစီးတအားသန်တာကြောင့် ခြေဖျား ထောက်လို့ မရပါဘူးတဲ့။ တောင်ကျရေ လှိုင်းလုံးတွေက ရေပေါ်မှာ မကြီးဘဲ အောက်ခြေမှာ စီးပုံရပါတယ်။ ရေစီးသန်လွန်းလို့ ခြေထောက်ပြီး ရပ်နေလို့ မရကြတာပါ။

       ဒါနဲ့ လင်မယားနှစ်ယောက် – ငရုတ်သီးအိတ်ကြီးကို ပိုက်ထားပြီး အသက်လုနေရတာပါ။

       လူငယ်လဲလူငယ်၊ ရေကလဲ ဦးခေါင်းမြုပ်လောက်အောင်မနက်၊ ငရုတ်သီးအိတ်လဲ အကူအညီရ၊ ပိန္နဲပင်လဲ အကူအညီရလို့ ရေဘေးမှ လွတ်ခဲ့ကြတာပါ။

       ရမည်းသင်းရဲ့ ပွဲဦးထွက် အလှူလေးကတော့ ဝမ်းမြောက်စရာပါပဲ။

       ဒုက္ခသည်စခန်းမရှိတဲ့ ဒုက္ခသည်ကို ရွေးချယ်ကူညီနိုင်ခဲ့လို့ပါပဲ။

       သတ္တဝါမှန်သမျှ ဘေးမခ ချမ်းမြေ သာယာရှိပါစေ။