ကုန်ဈေးနှုံးတက်လို့ အစိုးရကိုအပြစ်တင်တဲ့သူတွေဟာ အပြစ်တင်တတ်တဲ့အကျင့်ပါနေတဲ့သဘောလို့ စီးပွားကူးသန်းဒုဝန်ကြီးဦးအောင်ထူးက ပြောကြားသွားတာပါ။
ကုန်ဈေးနှုံးတက်တာ အစိုးရနှင့်မဆိုင်ဘူးဆိုရင် ခေတ်မီဖွံ့ဖြိုးတိုးတက်ရေးတို့ တိုင်းပြည်ကြီးပွားတိုးတက်ရေးတို့ နိုင်ငံသာယာဝပြောရေးတို့ မလိုအပ်တော့ဘူးပေါ့နော်။
အုပ်ချုပ်ရေးနှင့် ဥပဒေရေးရာလောက်ပဲ အစိုးရမှာတာဝန်ရှိတယ်ဆိုတဲ့သဘောပေါ့နော်။
ဒါဆိုရင် စီးပွားရေးဝန်ကြီးမထားတော့နှင့်လေ
ဒါဆိုရင် ကုန်ဈေးနှုံးမတက်အောင်ထိန်းနိုင်တဲ့ ပညာရှင်ကြီးတွေကို အပ်လိုက်တော့လေ။
လုပ်ပိုင်ခွင့်မရှိရင် မရှိဘူးပြောပါ။
အထက်အမိန့်မရလို့ မလုပ်ရရင် မလုပ်ရဘူးပြောပါ။
ပြည်သူလူထုကိုတော့ မစော်ကားပါနဲ့။
ခင်ဗျားတို့ပြောသလိုပြောရရင် နိုင်ငံတကာမှာ ဒီလိုစကားမျိုးပြောတဲ့ဝန်ကြီး တောင်းပန်ပြီး နှုတ်ထွက်ရတယ်ဗျ။
ခင်ဗျားကြီးတောင်းပန်လိုက်ပါ။
ပြီးရင် နှုတ်ထွက်လိုက်ပါ။
ဒါဟာ ဒီမိုကရေစီသဘောတရားတစ်ခုပါပဲ။
ဒါဟာ ဒီမိုကရေစီ အစိုးရတွေရဲ့ လုပ်ထုံးလုပ်နည်းပါပဲ။
ဒါဟာ ဒီမိုကရေစီ ကျင့်စဉ်တစ်ရပ်ပါပဲ။
ဝီရသူ(မစိုးရိမ်)
9.12.2017
PM 9:19
========================================================
ကုန်ဈေးနှုန်းမြင့်တက်ခြင်း အစိုးရအပေါ် အပြစ်တင်မှု လူထု၏ မပြောင်းလဲသောအယူအဆဟု စီး/ကူး ဒုဝန်ကြီးပြောကြား
ရန်ကုန်၊ ဒီဇင်ဘာ ၉
ကုန်ဈေးနှုန်းများမြင့်တက်ရခြင်းနှင့် ပတ်သက်ပြီး ပြည်သူလူထုက အစိုးရအပေါ် အပြစ်တင်နေခြင်း သည် လူထု၏ မပြောင်းလဲသေးသော Mind-set (အယူအဆ) ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူးက ပြောကြားသည်။
ဒီဇင်ဘာလ ၉ ရက်နေ့တွင် ကျင်းပနေသော ပြည်ထောင်စုမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် ညီလာခံ ၂၀၁၇ အခမ်းအနားတွင် ၎င်းက ပြောကြားခဲ့ခြင်းဖြစ်သည်။
”ကျွန်တော် စာနယ်ဇင်းတွေ ဖတ်တဲ့အခါမှာ ကျွန်တော်သဘောမပေါက်တာတစ်ခုရှိတယ်။ ကျွန်တော်တို့ ဈေးကွက်စီးပွားရေးစနစ်ကို ကူးပြောင်းဖို့ ဒါပေမယ့် လူတွေက ဘာကြောင့် အစိုးရကိုအပြစ်တင်နေရတာလဲ။ ကုန်ဈေးနှုန်း တက်တယ်။ တစ်ခုခုဖြစ်တာနဲ့ ဟာ အစိုးရ အစိုးရ။ ဒါ ကျွန်တော်တို့ Mind-set က မပြောင်းဘူးဆိုတဲ့ သဘောဖြစ်ပါတယ်”ဟု ဦးအောင်ထူး ကဆိုသည်။
ဈေးကွက်စီးပွားရေးစနစ်တွင် ဝယ်လိုအားနှင့် ရောင်းလိုအားက ဈေးကွက်အပေါ် လွှမ်းမိုးခြင်းဖြစ်ပြီး အစိုးရက မလွှမ်းမိုးနိုင်ကြောင်း ၎င်း ဆက်လက် ပြောဆိုသည်။
”လွှတ်တော်မှာ ကျွန်တော်တို့ဝန်ကြီးကို မေးပါတယ်။ ကုန်ဈေးနှုန်းကျအောင် မင်းတို့ဘာလုပ်ပေးနိုင်မလဲ။ ဝန်ကြီး ဘာမှမလုပ်ပေးနိုင်ပါဘူး။ ဝန်ကြီးလုပ်ပေးနိုင်တာက Market force တွေဖြစ်တဲ့ ရောင်းလိုအား ဝယ်လိုအားကိုသာ လုပ်ပေးနိုင်တယ်” ဟု ၎င်း ကဆိုသည်။
အစိုးရ၏ တာဝန်သည် ဈေးကွက်စီးပွားရေးစနစ် ချောမွေ့စွာလှုပ်ရှားနိုင်ရန် အကူအညီ အထောက်ပံ့ ပေးနိုင်ကြောင်း ၎င်းကဆိုသည်။
သို့သော် ကုန်ဈေးနှုန်း အတက်အကျသည် အစိုးရ၏ စီးပွားရေးမူဝါဒနှင့် များစွာ ဆက်စပ်မှုရှိကြောင်း ကျယ်ကျယ်ပြန့်ပြန့် သုံးသပ်ချက်များ ရှိသည်။
”ကုန်ဈေးနှုန်းတက်တယ် ကျတယ်ဆိုတာကလည်း။ နိုင်ငံတော်ရဲ့ စီးပွားရေးပေါ်လစီတွေနဲ့ အများကြီးဆိုင်ပါတယ်။ ဒီပေါ်လစီနဲ့ (ကုန်ဈေးနှုန်း) အတက်၊ အကျက ဆက်စပ်နေတယ်။ ဒါကြောင့် ညှိနှိုင်းပေါင်းစပ်ပြီး ဆောင်ရွက်ရမှာပါ” ဟု ကုန်သည်စက်မှုအသင်းချုပ် ဥက္ကဋ္ဌ ဦးဇော်မင်းဝင်းကဆိုသည်။
တိုင်းပြည်စီးပွားရေး တိုးတက်ခြင်း၊ ကျဆင်းခြင်းမှာလည်း အစိုးရ၏တာဝန်ထက် စီးပွားရေးကဏ္ဍ၌ ပါဝင်ပတ်သက်သူများတွင် တာဝန်ရှိကြောင်း၊ အစိုးရ၏ တာဝန်မှာ ဥပဒေစည်းမျဉ်းများ၊ အခြေခံအဆောက်အဦများ ဖြည့်ဆည်း ဆောက်ရွက်ပေးခြင်းဖြစ်ကြောင်း ဒုဝန်ကြီး ဦးအောင်ထူးက ဆိုသည်။
https://www.facebook.com/LivingColorMediaCompanyLimited/posts/167988870469066