ကမ္ဘာကျော်ဆရာတော်၏ ကမ္ဘာမကျော်သော အတွေးအခေါ်များ (၂၇) “စိတ်နေစိတ်ထား ကျင့်စဉ်များ” စာရေးသူသည် မေတ္တာပို့ချိန် သုံးချိန်ထားပါသည်။ မနက် အစိန္တေယျကြီး ဘုရားရှိခိုးအပြီးမှာ တစ်ကြိမ်၊ ညဦးပိုင်း ပဋ္ဌာန်းရွတ်အပြီးမှာ တစ်ကြိမ်၊ ညဥ့်နက်သန်းခေါင် မဟာသမယပရိတ် ရွတ်ဖတ်အပြီးမှာ တစ်ကြိမ် စုစုပေါင်း မေတ္တာပို့ချိန် သုံးကြိမ်ဖြစ်ပါသည်။ ၎င်းတို့သည် အချိန်ကာလ အခိုက်အတန့်မျှသာဖြစ်ကာ မေတ္တာကမ္မဋ္ဌာန်းစီးဖြန်းချိန်နှင့်ဆိုလျှင် လေးကြိမ်ဟု ဆိုရပါမည်။ မေတ္တာကမ္မဋ္ဌာန်းကား ထိုင်လျက်ပွားလိုက်၊ စင်္ကြံလျှောက်လျက်ပွားလိုက်ဖြင့် အချိန်သီးသန့်ယူထားသဖြင့် နာရီဝက် တစ်နာရီထိ ကြာမြင့်ပါသည်။ ထို့အပြင် မနက်အစော အရုဏ်ဆွမ်းစားစဉ် တစ်ကြိမ်၊ ...