သာသနာ ဆုတ်ယုတ်ကြောင်း
အခြားသော အကွဲအပြဲများလည်း ရှိသေးပါသည်။ ပရိယတ်ပဋိပတ် ကွဲပြားခြင်းဖြစ်၏။ ဦးတည်ချက်ချင်းတူပါလျက် ကွဲသောအကွဲဖြစ်ပါသည်။ ပရိယတ်သည်လည်း နိဗ္ဗာန်ရောက်ကြောင်း၊ ပဋိပတ်သည်လည်း နိဗ္ဗာန်ရောက်ကြောင်းဖြစ်၍ လမ်းစဉ်နဲ့ကျင့်စဉ်သာ ကွာခြားပါလျက် ပရိယတ် ပဋိပတ် အချင်းချင်းတိုက်ခိုက်နေကြသည်မှာ အစဉ်အလာကြီးတစ်ရပ် ဖြစ်နေပါတော့သည်။ တစ်ချို့ရိပ်သာကြီးများမှာ ပရိယတ္တိဆရာတော်များကို လက်မခံလိုကြပါ။ မတတ်သာ၍လက်ခံလိုက်ရလျှင်လည်း ဦးစားပေးလေ့မရှိကြပါ။ တစ်ချို့ဆိုလျှင် နောက်တစ်ကြိမ် မ၀င်နိုင်အောင် ပညာရှိနည်းဖြင့် နှိပ်ကွပ်သည်လည်းရှိပါသည်။ ဤသို့ဖြင့် ရိပ်သာအများစုမှာ အရည်အချင်းမပြည့်စုံသည့် သံဃာများသာ ဦးစီးလာကြပြီး နာမည်ပျက်စာရင်း ၀င်လာကြပါတော့သည်။ ပရိယတ္တိဆရာတော်များကလည်း မာန်ခံနေ၍ တော်ရုံတန်ရုံရိပ်သာကို စိတ်မပါကြတော့ဘဲ ပဋိပတ်နှင့် ဝေးကွားခဲ့ရသည်က များပါသည်။ အမှန်မှာ ပရိယတ်နှင့်ပဋိပတ်သည် ငွေဒင်းဂါးတစ်ခု၏ ခေါင်းနှင့်ပန်းသာဖြစ်ပါသည်။ ပရိယတ်ကင်းသော ပဋိပတ်သည် အမှားဘက်သို့ ဦးတည်နေ၍ သာသနာအတွက်အန္တရာယ်ကြီးသလို ပဋိပတ်မပါသော ပရိယတ်သည်လည်း အတ္တမာနများ တံခွန်ထူတတ်၍ ဘ၀သံသရာအတွက် အန္တရာယ်ကြီးနိုင်ပါသည်။ ပရိယတ်နှင့်ပဋိပတ် အချိုးကျညီမျှနေမှ အတ္တဟိတရော ပရဟိတပါ ကြီးပွားနိုင်မှာဖြစ်ပါသည်။ အချို့ရိပ်သာများသည် မျိုးဆက်သစ် ပညာတတ်များ မရှိတော့ဘဲ ဦးပဉ္စင်းကြီးများ လူပုဂ္ဂိုလ်များ ဦးဆောင်ဟောပြောနေကြသည်ကို တွေ့ရပါသည်။ အချို့ရိပ်သာများသည် စာတတ်ပေတတ်ကျမ်းဂန်နှံ့စပ်သည့် ဆရာတော်အစဉ်အဆက် ဦးဆောင်လျက်ရှိသည်ကို တွေ့ရပါသည်။ သို့ဖြစ်၍ ပရိယတ္တိဝန်ဆောင် ဆရာတော်များက အရည်အချင်းရှိသော မျိုးဆက်သစ်များကို မွေးထုတ်ပေးပြီး၊ ပဋိပတ္တိဝန်ဆောင်ဆရာတော်များက အရည်အချင်းရှိသော မျိုးဆက်သစ်များကို ကြိုဆိုလက်ဆင့်ကမ်း ချီးမြှင့်သင့်လှပါသည်။ သို့မှသာ အရည်အချင်းရှိသော သာသနာကို ထူထောင်နိုင်မည်ဖြစ်ပါ၏။
ရိပ်သာအချင်းချင်း တိုက်ခိုက်နေကြသည်လည်း ရှိသေး၏။ မဟာစည်က စက်ဝိုင်းကို မိုးကုတ်က ဖောင်းတာပိန်တာကို ခလုပ်တိုက်လျက်ရှိပါသည်။ ပို၍ဆိုးသည်မှာ နောက်တိုး ဖားအောက်ဖြစ်ပါသည်။ ဖောင်းတာပိန်တာ ရှုမှတ်တာကိုပင် ဘုရားဟောနှင့်မညီသလို၊ အပါယ်ကျတော့မှာလိုလို၊ ပြင်းပြင်းထန်ထန် ထိုးနှက်သည့် စကားလုံးများဖြင့် စာအုပ်ထုတ်ဝေ တိုက်ခိုက်ခြင်းဖြစ်ပါသည်။ ပဋိစ္စသမုပ္ပါဒ်ကလည်း ရုပ်နှင့်နာမ် ကွဲအောင်ရှုရ၏။ အာနာပါနကလည်း ရုပ်နှင့်နာမ် ကွဲအောင်ရှုရ၏။ ဖောင်းတာပိန်တာကလည်း ရုပ်နှင့်နာမ် ကွဲအောင်ရှုရ၏။ သို့ပါလျက် ပညတ်တွေအပေါ်မှာ ရေးကြီးခွင်ကျယ် တိုက်ခိုက်နေကြသည်မှာ ဘောလုံးကွင်းထဲ လူချ ကစားသလို ဖြစ်နေလေတော့၏။
သို့သော် ရိပ်သာကြီးအားလုံးနှင်နှင်ပင် တန့်ကြည်တောင်ကျင့်စဉ်မှားကြီးကို မည်သူကမျှ အဓမ္မဟု ပေါ်ပေါ်တင်တင် မနှိမ်နင်းကြခြင်း ဖြစ်ပါ၏။ ပရိယတ္တိအခြေခံသော ရိပ်သာကြီးများ လက်တွဲပြီး အဓမ္မပေါ်လာသည့်အခါ အားမကောင်းခင် လက်ဦးမှု ရယူ၍ ခေါင်းမထောင်နိုင်အောင် နှိပ်ကွပ်သင့်ပါသည်။
ယနေ့ သာသနာသည် ကမ္ဘာစစ်မတိုင်ခင်က သာသနာနှင့်မတူတော့ပါ။ ပုဂံခေတ်မှသည် စစ်ကြိုကာလတိုင်အောင်သည် စင်းလုံးချော မြန်မာလူမျိုး၊ စင်းလုံးချော ဗုဒ္ဓဘာသာများသာဖြစ်ပါသည်။ ယခုမူ သူစိမ်းဖက်၍ လာခဲ့ပါပြီ။ အပြိုင်အဆိုင်ပေါများလှသည့် ခေတ်ကာလကြီးဖြစ်လာပါပြီ။ ကွဲကြပြဲကြ၊ တိုက်ခိုက်ကြနှင့် မညီညွတ် မစည်းလုံးခဲ့၍ ကျနုပ်တို့လူမျိုး ကျနုပ်တို့သာသနာသည် နှစ်ပေါင်း(၁၀၀)ကျော် နောက်ကျ၍ ကျန်ခဲ့ပါပြီ။ စည်းလုံးညီညွတ်စွာဖြင့် အချင်းချင်းလက်တွဲပြီး အချိန်မီဆောင်ရွက်နိုင်ပါမှ မြန်မာ့သာသနာ ကမ္ဘာ့အလည်မှာ မျက်နှာလှမှာဖြစ်ပါသည်။ ထို့ကြောင့် အရှေ့အနောက် အရပ်ဒေသခွဲခြားခြင်း၊ ဂိုဏ်းဂဏ အစွဲအလန်းကြီးမားခြင်း၊ ပရိယတ်ပဋိပတ် တိုက်ခိုက်ခြင်း၊ ရိပ်သာအချင်းချင်း ပုတ်ခတ်ခြင်းတည်းဟူသော ကျဉ်းမြောင်းသည့် အယူအဆများကို ခ၀ါချသင့်လှပါပြီ။
မြင်းမြုံမ သာသနာ
ကျနုပ်သည် ရဟန်းခံပွဲတစ်ခုသို့ ရောက်ခဲ့ဖူး၏။ ရဟန်းလောင်းက ကျနုပ်၏တပည့်၊ ရဟန်းအမက မူလတန်းကျောင်းအုပ်၊ ရဟန်းခံသိမ်ဝင်သည်က ဘုန်းတော်ကြီးသင်ပညာရေးကျောင်း ဖြစ်ပါသည်။ ကျောင်းသားလေးများကို ၀င်ရောက်လေ့လာခွင့် ရခဲ့ပါသည်။ ဘုန်းကြီးကျောင်းဝင်းဖြစ်သော်လည်း စာသင်ကျောင်းသက်သက်သာ ဖြစ်ပါသည်။ ဘာသာရေးမပါ။ ကျောင်းတက်ကျောင်းဆင်း ဘုရားရှိခိုးသည်ကိုပင် မတွေ့ရပါ။ နောက်ကာလများတွင် ကျောင်းအုပ်ကြီးကို စည်းရုံးသည်။ အားတက်သရောရှိလှသည်။ ယဉ်ကျေးမှုစာအုပ်များ၊ မင်္ဂလာသံပေါက်များ လက်ဆောင်ပေးသည်။ တစ်ပတ်တစ်ခါ စာချတန်းတပည့်များလွှတ်၍ ဇာတ်နိပါတ်လာ ပုံပြင်များပြောပေးမည့်အစီအစဉ်ကို ဆရာမကြီးက အကြွင်းမဲ့လက်ခံပါသည်။ ကျောင်းထိုင်ဘုန်းကြီးကို လျှောက်ဖို့လိုလျှင်လည်း တပည့်တွေကို လျှောက်ခိုင်းမည်ဟု ပြောလိုက်သည်။ ဆရာမကြီးက မလိုပါ။ သူ့မှာ လုပ်ပိုင်ခွင့်အပြည့်ရှိသည်။ ကြိုက်သည့်အချိန်လာခဲ့ပါ။ သင်ခန်းစာရပ်ပြီး ပုံပြောခွင့်ပေးမည်ဟု ရဲရဲတင်းတင်း အာမခံပါသည်။ ဤသို့ဖြင့် စာချတန်းတပည့်ကြီးများ ကြိုတင်ပြင်ဆင်ပြီး ပို့ချမည့်ရက်ရောက်ပါမှ ကန့်ကွက်စာက ရောက်လာပါသည်။ ခန်းနေဘုန်းကြီးတစ်ပါးထံမှ စာဖြစ်ပါသည်။ စာထဲတွင် လုံးဝသဘောမတူနိုင်ကြောင်း၊ တိုင်းသံဃနာယက မြို့နယ်သံဃနာယကမှ အမိန့်အဆင့်ဆင့် ထုတ်ပြန်လျှင်တောင် ကိုယ်ကိုယ်တိုင်သာ ပို့ချမည်ဖြစ်ကြောင်း၊ ဘေးကျောင်းသံဃာ လုံးဝမလိုအပ်ကြောင်း ပါပါသည်။ ကျနုပ်အရှုံးပေးလိုက်ပါ၏။ အသွားအပြန် ဆိုက္ကားခ တစ်နေ့ ကျပ်လေးရာကုန်မည်။ တပည့်များ စာဝါပျက်ဦးမည်။ ငွေကုန်လူပန်းပြီး အတိုက်အခိုက် ခံရဦးမည့် လုပ်ငန်းဖြစ်၍ အရှုံးပေးလိုက်ခြင်း မဟုတ်ပါ။ မြန်မာအချင်းချင်းမို့ အရှုံးပေးလိုက်ခြင်းဖြစ်ပါသည်။ မိမိသည် မိမိကို မြန်မာတို့က ဘယ်လိုတိုက်ခိုက်တိုက်ခိုက် ဘယ်တော့မှ မတုံ့ပြန် မတိုက်ခိုက်လိုသော ဆန္ဒကို ရင်ဝယ်ပိုက်ထားသူဖြစ်ပါ၏။ ယခုနှစ်ဆိုလျှင် လေးနှစ်ကျော် ငါးနှစ်ကြခဲ့ပါပြီ။ ထိုကျောင်းကလေး ယခင်အတိုင်းသာရှိနေပါ၏။ ကလေးအင်အားတွေ အလကားဖြစ်နေပြီး ကန့်ကွက်သော ဘုန်းကြီးမှာလည်း ဆွမ်းခံသွား၊ ဆွမ်းစားကြွ၊ ချဲတွက်၊ ကက်စက်ပြင်သာသနာပြုလျက်ပင် ရှိပါသေးသည်။ မြုံသောမြင်းမသည် မမြုံသောမြင်းမ၏ သားငယ်လေးများကို စားပစ်တတ်ပါသည်။ ယနေ့အချို့သံဃာသည် မြင်းမြုံမသာသနာ ပြုမြဲပြုနေကြပါ၏။
နေရာမှန် အတ္တ
လွန်ခဲ့သော ငါးနှစ်ကျော်က မန္တလေးမြို့တွင် ဆိုင်ကယ်နှင့်ကား Accident(အက်စီးဒင့်) ဖြစ်ပါသည်။ ဆိုင်ကယ်ပျက်စီး၍ ဆိုင်ကယ်စီးသူ ဆေးရုံတက်ရပါသည်။ ဆိုင်ကယ်စီးသူမှာ မြန်မာမိန်းကလေးဖြစ်ပြီး ကားက ကုလားကားဖြစ်ပါသည်။ မိန်းကလေး၏မိဘများက ချက်ချင်းပင် ဓားဆွဲ တုတ်ဆွဲဖြင့် တရားစွဲတော့မှာလိုလို ဓားဆွဲတော့မှာလိုလို ဒေါသတစ်ကြီး ရုံးရောက်လာကြပါသည်။ ရယကအဖွဲ့က ကုလားကာအဖွဲ့ဖြစ်နေ၍ ကိုယ့်ကိုအကြောင်းပြုပြီး လူမျိုးရေး အဓိကရုဏ်းဖြစ်ပေါ်နိုင်ကြောင်း၊ ဖြစ်ပေါ်လာပါက အဖမ်းခံရနိုင်ကြောင်းပြော၍ ပြေငြိမ်းလိုက်ပါသည်။ မြန်မာမိသားစုများ ခေါင်းငိုက်စိုက် ပြန်သွားကြပါသည်။ အကယ်၍ ကားဖြင့်တိုက်သူက မြန်မာဆိုလျှင် တရားစွဲ ဓားဆွဲကြမည်ဖြစ်ပါသည်။ ယခုမူ ဆန့်ကျင်ဘက်အဖြေသာ ထွက်ခဲ့ပါတော့၏။
ကျနုပ်တို့ မြန်မာလူမျိုးသည် သတ္တိကောင်းသူများဖြစ်ကြပါသည်။ သို့သော် ထိုသတ္တိသည် အချင်းချင်းခွပ်ဖို့၊ ဝှေ့ဖို့သာဖြစ်ပါသည်။ ရန်သူအတွက်မဟုတ်ပါ။ ကျားရန်ကာကွယ်ဖို့ ကျားရန်နှိမ်နင်းဖို့ မဟုတ်သော နွားချိုလို မြန်မာအချင်းချင်းအတွက်သာ ဖြစ်ပါသည်။ နေရာလွဲသော အတ္တများဖြစ်ပါ၏။
TV မှ တင်ဆက်ခဲ့သည့် Discovery အစီအစဉ်ကို စာရှုသူကြည့်ဖူးပါလိမ့်မည်။ ဦးချိုထွားထွား နွားကြီးများအကြောင်း ဖြစ်ပါသည်။ ထိုနွားကြီးများ အုပ်စုဖွဲ့၍ အစာစားနေသည့်အခါ ကျားကောင် ရောက်လာတတ်ပါသည်။ ထိုအခါ ထိုနွားကြီးများက ဦးချိုကြီးများကို အသုံးချရကောင်းမှန်းမသိဘဲ တစ်ကောင်နှင့် တစ်ကောင်ဘေးချင်းကပ်ပြီး ရပ်ကြည့်နေတတ်ပါသည်။ ရန်သူကျားက ဟိန်းလိုက် ဟောက်လိုက် ခြိမ်းခြောက်လိုက်လုပ်၍ အဖော်ကွဲသွားသည့်အခါ ဖော်ကွဲနွားကို ဆွဲစားတတ်ပါသည်။ ဤသို့ဖြင့် နွားများတစ်ကောင်ပြီးတစ်ကောင် ကျားစားခံခဲ့ရပါသည်။ တစ်ကောင်တည်းသောကျားကို နွားအုပ်ကြီးက မခုခံရဲပါ။ ဦးချိုကြီးများကို ရန်သူအတွက် အသုံးမချကြပါ။ အမျိုးသားလုံခြုံရေးကို ဦးချိုကြီးများဖြင့် မကာကွယ်နိုင်ကြပါ။ နွားအချင်းချင်းတော့ ကွဲအောင် လဲအောင် ခွေ့ကြ၊ ဝှေ့ကြပါသည်။ သတ်ကြဖြတ်ကြပါသည်။ ယနေ့ကာလ၌ ရွှေမြန်မာ အများစုမှာ နွားချိုလိုကျင့်နေကြပါ၏။ အမျိုး ဘာသာ သာသနာကို ထိပါးလျှင် ငြိမ်နေ သည်းခံနေကြပြီး ပုဂ္ဂိုလ်ရေးရာများ၌ အတ္တအစွယ် ထက်နေကြပါ၏။ အတ္တအဆပ် ပြင်းထန်နေကြပါ၏။ မယားထိ ဓားကြည့် ဆိုသူများလို ဖြစ်ပါ၏။
ဂေါတမမြတ်စွာဘုရားသည် တိတ္ထိတို့၏ အသရေဖျက်မှုကို အဘယ့်ကြောင့် သည်းခံသနည်း? ဂေါတမမြတ်စွာဘုရားသည် ဒေ၀ဒတ်၏လုပ်ကြံမှုကို တုံ့ပြန်ခဲ့ပါသလော? ဂေါတမမြတ်စွာဘုရားသည် တိတ္ထိတို့ကို တန်ခိုးပြပြီး အဘယ့်ကြောင့် နှိမ်နင်းခဲ့သနည်း။ သည်မေးခွန်လေးများကို ဖြေကြည့်စေချင်ပါ၏။
မြန်မာတို့၏ သတ္တိ၊ မြန်မာတို့၏ မာန၊ မြန်မာတို့၏ အတ္တများကို အကျိုးရှိရှိ နေရာမှန်မှန် အသုံးချစေချင်ပါသည်။ ပင်လယ်ပြင်ထဲ ရေနံများဝင်ရောက်လာလျှင် အဆိတ်အတောက်ဖြစ်သော်လည်း ထိုရေနံကို စက်ယန္တယားများ၌ အသုံးချလျှင် လူသားအားလုံးအတွက် အကျိုးဖြစ်ထွန်းနိုင်ပါသည်။ ထို့ကြောင့် မိမိတို့၏ အတ္တ၊ မိမိတို့၏ မာန၊ မိမိတို့၏ သတ္တိ၊ မိမိတို့၏ အဆိပ်၊ မိမိတို့၏ အစွယ်တို့ကို မြန်မာတစ်မျိုးသားလုံး၊ မြန်မာတစ်နိုင်ငံလုံး၊ ဗုဒ္ဓသာသနာတစ်ရပ်လုံးအတွက် နေရာမှန်စွာ အသုံးချသင့်လှပါ၏။
ဝီရသူ(မစိုးရိမ်)
(အမှတ်(၂၂) သာသနာတော်နှစ် ၂၅၆၀၊ ၁၃၇၉ ခု၊ တန်ခူးလ ၂၀၁၇ ခုနှစ် ဧပြီလထုတ် မဟာဝီရ ရသစုံမဂ္ဂဇင်းမှ ကူးယူဖော်ပြသည်။)