သတင်း

သမိုင်း၏တရားခံ (အခန်းဆက်-အပိုင်း-၆)

အရေးအခင်းပြီးစကာလတွင် သံဃာ့ရွေးကောက်ပွဲများ မြိုင်ဆိုင်စွာကျင်းပကြ၏။ အဖွဲ့အစည်းလိုလားသည့် ပုဂ္ဂိုလ်များနိုင်မရဘဲ၊ သံဃာထုလိုလားသူများသာ အနိုင်ရလေသောအခါ နောက်အကြိမ်များ၌ သံဃာ့ဆန္ဒ မခံယူတော့ဘဲ ဆိုရှယ်လစ်ခေတ်ပါလီမန်လို လုပ်လိုက်ကြပေတော့သည်။ သံဃာ့ဒီမိုကရေစီစနစ်သည် ထိုအချိန်မှာ အရုဏ်တက်ခဲ့ပြီး၊ ထိုခေတ်မှာပင် နေကွယ်ခဲ့ရလေသည်။ ယခုအခါ လူ့အဖွဲ့အစည်းကလည်း ဒီမိုကရေစီစနစ်ကို ထူထောင်နေချိန်ဖြစ်၍ သံဃာအဖွဲ့အစည်းကလည်း သံဃာ့ဒီမိုကရေစီစနစ်ကို ပြန်လည်ကျင့်သုံးသင့်ပေသည်။ အမှန်အားဖြင့် ဒီမိုကရေစီစံနစ်ဆိုသည်မှာလည်း တခြားမဟုတ်ပေ။ ပိဋကတ်တော်လာ ဗုဒ္ဓဟောကြားတော်မူခဲ့သော ဓမ္မဝိနယလမ်းစဉ်သာ ဖြစ်လေသည်။ ထို့ကြောင့် ဘုရားသားတော်များသည် ဘုရားချမှတ်တော်မူခဲ့သော ဒီမိုကရေစီစနစ်ကို ကျင့်သုံးပြီး ဘုရားသာသနာတော်၏ ဝန်ကို ထမ်းဆောင်သင့်လှပေသည်။
လက်ရှိ မဟန အဖွဲ့၌ နေရာကောင်းလစ်လပ်၍ အစားထိုးရသည့်အခါမျိုး၌ မဲအရောင်းအဝယ်လုပ်နေခြင်း၊ အတိုက်အခံလုပ်တင်ပြနေခြင်း၊ ခိုက်ရန်ပြု အပြင်းအထန် ငြင်းခုံနေကြခြင်းတို့မှာ ရှက်စရာကောင်းလှပေသည်။

အဘယ်သူ အရည်အချင်းရှိသည်၊ အဘယ်သူ စွမ်းဆောင်နိုင်သည်၊ အဘယ်သူ သိက္ခာသမာဓိနှင့် ပြည့်စုံသည်၊ အဘယ်သူ သာသနာကို ချစ်မြတ်နိုးသည်၊ အဘယ်သူ အစွဲကင်းကင်း အလုပ်လုပ်သည်၊ အဘယ်သူ စိတ်ထားမွန်မြတ်သည်၊ အဘယ်သူ သဘောထားကြီးသည်၊ အဘယ်သူ ဓမ္မဘက်မှ ရပ်တည်ရဲသည် စသည့်အရာအားလုံးကို သံဃာထုက သိပြီးဖြစ်လေသည်။ ထို့ကြောင့် သံဃာ့ကိုယ်စားလှယ်ရွေးကောက်ပွဲကို သံဃာ့ညီလာခံကျင်းပ၍ ရွေးကောက်တင်မြှောက်သင့်ပေသည်။ သို့မှသာ အရှုပ်အရှင်းကင်းစွာ သန့်ရှင်းစွာ အပြိုင်အဆိုင် သံဃာ့အကျိုး သာသနာ့အကျိုးကို ဆောင်ရွက်လာကြမည်ဖြစ်လေသည်။
သို့ဖြစ်၍ သံဃာ့အဖွဲ့အစည်း ထိပ်တန်းခေါင်းဆောင်များကို ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် ရွေးချယ်ပွဲကဲ့သို့ ရွေးကောက်တင်မြှောက်သင့်ပေသည်။ တိုက်ကြီး၊ တိုက်လေး၊ မြို့ကြီး မြို့လေး၊ တိုင်းကြီး တိုင်းလေး၊ မခွဲခြားဘဲ အဆင့်အတန်းရှိသူ၊ သံဃာ့အကျိုး သာသနာအကျိုးကို လိုလားသူ၊ လုပ်ရည်ကိုင်ရည် ရှိသူ၊ လက်ရုံးရည် နှလုံးရည်ပြည့်စုံသူ မှန်သမဆကို ရွေးချယ်ခံနိုင်ပေသည်။ အစမ်းရွေးချယ်ခြင်း၊ အတည်ရွေးချယ်ခြင်း၊ အကြိမ်ကြိမ်ဆန္ဒခံယူပြီးမှ အတည်ပြုသင့်ပေသည်။ ရွေးကောက်ခံရသူများ၏ စွမ်းဆောင်ချက်အလိုက် လေးနှစ်တန်သည်၊ ငါးနှစ်တန်သည် ပြန်လည်ရွေးချယ်ကြမည် ဖြစ်လေသည်။ စွမ်းဆောင်မှုညံ့ဖျင်းလျှင် တစ်ကြိမ်သာ ထိုက်တန်သူဖြစ်မည်။ စွမ်းဆောင်မှုကောင်းလျှင် ကောင်းသလောက် အကြိမ်ကြိမ်ထိုက်တန်သူ ဖြစ်ပေမည်။

အဖွဲ့ဝင်များ ရွေးကောက်ပွဲကို ကုလသမဂ္ဂလုံခြုံရေးကောင်စီ အလှည့်ကျအဖွဲ့ဝင်များရွေးချယ်သလို ရွေးချယ် ထိုက်ပေသည်။ အဖွဲ့ဝင်သုံးဖွဲ့ရှိရာတွင်(၂-နှစ်တစ်ကြိမ်ကျ)တဖွဲ့စီ ရွေးကောက်သွားလျှင် အဟောင်းနှစ်နှင့် အသစ်တစ်ဖွဲ့ လက်တွဲလုပ်ဆောင်သွားနိုင်မည် ဖြစ်ပေသည်။ သုံးဖွဲ့လုံးကို တစ်ပြိုင်နက်ရွေးချယ်က အသစ်နှင့် အဟောင်း မမျှတသည့်အခါ အဟောင်းများက အတွေ့အကြုံအပေါ်မှာ အသစ်မကြည်ဖြူလျှင် မကြည်ဖြူသလို ဒေါက်ဖြုတ်ချောက်ချနိုင်ပေသည်။ သို့ဖြစ်၍ အဟောင်းနှစ်ဖွဲ့ အသစ်တစ်ဖွဲ့ကို နှစ်စဉ်လက်တွဲခေါ်ပြီး သာသနာ့အကျိုးသယ်ပိုးရန် ဖြစ်လေသည်။

ရပ်/ကျေးနှင့် မြို့နယ်များမှာ အလွယ်တကူရွေးကောက်နိုင်လေသည်။ ယနေ့ တရုတ်ပြည်၌ ပြုလုပ်နေသော စက္ကူစာရွက်စာတမ်းပါ ရပ်ကွက်ကျေးရွာ ရွေးကောက်ပွဲများကဲ့သို့ ပြုလုပ်ရုံသာရှိလေသည်။ အစီအစဉ် ရေးဆွဲရာမှာ သက်တော်ဝါတော်ရ ထေရ်ကြီးဝါကြီး လောကဓမ္မကျွမ်းကျင်၍ ဗဟုသုတပြည့်စုံသော ဆရာတော် သမားတော်များ၊ လက်ရှိ သံဃာ့ဥသျှောင်ဆရာတော်ကြီးများ နိုင်ငံရေး၊ သာသနာရေး လူပညာရှိကြီးများ ဆောင်ရွက်သင့်လှပေသည်။ ဤစနစ်သည် သာသနာတစ်ရပ်လုံးအတွက် အခြေခံအကျဆုံး၊ အကျိုးအကြီးဆုံး တရားမျှတဆုံးသောစနစ် အရိယာသူတော်ကောင်းတို့ သာဓုခေါ်မည့် စနစ်ဖြစ်၍ ပဒေသရာဇ်ခေတ်ကလို အာဏာစွဲများ မထားကြဘဲ သာသနာအကျိုး၊ မြန်မာအမကျိုးကိုလိုလားသောအားဖြင့် ဝိုင်းဝန်းပူးပေါင်း အကောင်အထည်ဖော် ဆောင်ရွက်ထိုက်လှပေသည်။ ဤအဖွဲ့သည် အမှန်တကယ် သာသနာသန့်ရှင်းအောင် ဆောင်ရွက်နိုင်သည့်အဖွဲ့၊ သာသနာအကျိုးကို အမှန်တကယ်ဆောင်ရွက်နိုင်သည့်အဖွဲ့ သာသနာထွန်းကား ပြန့်ွားအောင်အမှန်တကယ် ဆောင်ရွက်နိုင်သည့်အဖွဲ့၊ သာသနာအကျိုးကို အမှန်တကယ် ဆောင်ရွက်နိုင်သည့် အဖွဲ့ သာသနာထွန်းကားပြန့်ပွားအောင် အမှန်တကယ်ဆောင်ရွက်နိုင်သည့်အဖွဲ့၊ သာသနာအဓွန့်ရှည် တည်တန့်အောင် ဆောင်ရွက်နိုင်သည့်အဖွဲ့၊ မြန်မာရော ကမ္ဘာပါ ငြိမ်းချမ်းစေမည့်အဖွဲ့၊ မြန်မာရောကမ္ဘာပါ အလင်းရောင်ရစေမည့်အဖွဲ့ဖြစ်ရကား ဤစနစ်ကို ကန့်ကွက်သူ၊ ပယ်ချသူ၊ သဘောမတူသူ၊ အကောင်အထည်မဖော်သူမှန်သမျှသည် သမိုင်း၏တရားခံများအဖြစ် မှတ်တမ်းတင်ခံရမည် ဖြစ်လေသည်။ ငါအကျိုးထက် သာသနာအကျိုးကို ဦးစားပေးဖို့ အချိန်တန်ပြီဖြစ်ပါ၏။ ငါအကျိုးကို ဦးစားပေးခဲ့သော ပဒေသရာဇ်စနစ်တို့သည်လည်းကောင်း၊ အာဏာရှင်စနစ်တို့သည်လည်းကောင်း၊ ကမ္ဘာမြေပေါ်၌ နေရာပေးမခံရ၍ ကျဆုံးခဲ့ကာ ကျဆုံးနေကြပေသည်။

“သာသနာသန့်ရှင်းစေလိုလျှင်”
လက်ရှိ မဟနအဖွဲ့အစည်းသည်ကား သာသနာသန့်ရှင်းရေးကဏ္ဍကို လစ်လျူရှုထားကြလေသည်။ ထို့ကြောင့် ဤဆယ်စုနှစ်နှစ်ခုကာလ၌ သာသနာတော် ပို၍ ညှိုးနွမ်းခဲ့ရလေသည်။ သာသနာသန့်ရှင်းရေးအတွက် ဖွဲ့စည်းထားသော အဖွဲ့အစည်းက သာသနာသန့်ရှင်းရေးမလုပ်လျှင် အဘယ်အဖွဲ့က လုပ်ကြလိမ့်မည်နည်း။ ဤမဟနအဖွဲ့လက်ထက်ကျမှပင် အလှူခံအတုအပများ၊ ဒုစရိုက်ဂိုဏ်းများ၊ ဆိုးသွမ်းကိုယ်တော်များ အနုကြမ်းစီးသူများ၊ အောင်းကောင်ကြီးများ၊ ခြစားမှုများ အမြင်မတော်အောင်၊ အမြင်မကောင်းအောင်၊ အထင်အမြင်သေးခံရအောင်၊ ရွံစရာကောင်းလောက်အောင် ပေါများလှလေသည်။ မဟနအဖွဲ့ကား ရုံးမှာသာ ထိုင်ပြီး စားပွဲပေါ်ရောက်လာသော ဖိုင်တွဲလောက်သာ စိတ်ဝင်စားသူဖြစ်လေသည်။ အရပ်ထဲ ဆင်းရကောင်း မှန်းမသိ၊ ရပ်ရွာသာသနာကို အကဲခတ်ရကောင်းမှန်းမသိကြပေ။ တိုင်ကြားသူရှိမှ အလုပ်လုပ်လိုကြ၏။ ကန်တော့ပွဲကောင်းမှ ကန်တော့ပွဲပါမှ အလုပ်လုပ်လိုကြ၏။ ပျံလွန်တော်မူသော ကျွန်ုပ်တို့ဆရာတော်က သံဃာများအား သြဝါဒပေးခဲ့ဖူးလေသည်။ သံဃမဟာနာယကဆိုပြီး အထင်မကြီးကြနဲ့။ ငါတိုဥံဃမဟာနာယက အဖွဲ့ထဲမှာ လူယုတ်မာတွေ အများကြီးဟူ၍ဖြစ်၏။ ကျွန်ုပ်တို့ဆရာနှင့်အတူလိုက်ပါ၍ ဝေယျာဝစ္စလုပ်ခဲ့ကြသော တပည့်များကလည်း သာသနာရေးဌာနကြီး ပျက်စီးနေပြီဟု ပြောကြ၏။ နိုင်ငံကျော်ဆရာတော်ကြီးတစ်ပါးက လည်း ကျွန်ုပ်တို့၏ မဟာနာယကဆရာတော်ကြီးနှင့်ဆုံသည့်အခါ ကမ္ဘာအေးဟာ ကမ္မာမအေးတော့ပါဘူး ဘုရားဟု လျှောက်တင်ခဲ့ဖူး၏။ သံဃာ့ဦးသျှောင်ဆရာတော်ကြီးများ၏ အရှိန်အဝါသြဇာ ကျဆင်း၍ နေပေပြီ။ သံဃာ့အဖွဲ့အစည်း အကြည်ညိုပျက်၍နေပေပြီ။ ဤသည်မှာ အနာဂတ်သာသနာအတွက် ကောင်းသောလက္ခ ဏာမဟုတ်ပေ။ အချိန်မီပြုပြင်မှ တော်ကာကျပေလိမ့်မည်။

“ရဟန်းပျိုအုပ်ချုပ်ရေး”
ရဟန်းပျိုခေတ်တုန်းက ဤကဲ့သို့ အကျည်းတန်မှုမျိုးမကြုံသေးပေ။ သာသနာကို စော်ကားကြသော ကျေးဇူးကန်း အဓမ္မဝါဒီများလည်း မထွန်းကားပေ။ ရဟန်းပျိုအဖွဲ့ကား သြဇာရှိ၏။ အာဏာရှိ၏။ ရဟန်းပျို အဖွဲ့၏ နောက်မှာ သံဃာထုက တခဲနက်တည်ရှိ၏။ ရဟန်းပျိုများသည် သံဃာထု၏ စံပြခေါင်းဆောင်များဖြစ် ကြ၏။ သို့သော် ရဟန်းပျိုများခေတ်က ဓမ္မစက်သည် အာဏာစက်၏ အကူအညီကိုမရ၍ အုပ်ချုပ်မှုစနစ် မသိမ်မွေ့လှပေ။ ရုတ်ရုတ်သဲသဲ နိုင်လွန်းသည်လည်း ရှိ၏။ ထို့ကြောင့် ရဟန်းပျို၏ဓမ္မစက်မျိုးကို အာဏာစက်အကူအညီဖြင့် ထူထောင်သင့်လှပေသည်။

ကျွန်ုပ်အား နန်းတွင်စစ်အကျဉ်းထောင်၌ စစ်ဆေးစဉ် ထောက်လှမ်းရေးများက သံဃာမကောင်းကြောင်း ပြောလေသည်။ ထိုအခါ ကျွန်ုပ်က ခင်ဗျားတို့ အသုံးမကျတာလဲပါတယ်။ ဒုစရိုက်သမား၊ မှောင်ခိုသမား၊ အကျင့်ပျက်များကို ခင်ဗျားတို့က ဘာလို့ကြည့်နေလဲ။ အရေးယူပါလားဟု ပြောလိုက်၏။ ထိုအခါ သူတို့က ဦးဇင်းလို စိတ်မျိုးဆိုရင် ဟုတ်တယ်။ သံဃနာယက ဦးဇင်းလိုမဟုတ်ဘူး။ ဖမ်းဆီးဖို့သွားလျှောက်ရင် မလိုက်ရဲ တာနဲ့၊ မလိုက်ချင်တာနဲ့၊ အလုပ်မအားတာနဲ့ သံဃာမပါဘဲ ဘယ်လိုလုပ်အရေးယူမလဲဟု ပြန်ပြောကြ၏။

သူတို့ဘက်ကကြည့်လျှင်လည်း အမှန်ပင်။ တချို့အာဏာပိုင်များက သံဃာများ ဘာလုပ်လုပ် နိုင်ငံရေးမလုပ်လျှင်ပြီးရောဆိုပြီး ပစ်ထားကြ၏။ သတိပေးတားမြစ်ခြင်း၊ အရေးယူဆောင်ရွက်ခြင်း မလုပ်ကြပေ။ လူမိုက်အားပေးနည်းဖြင့် သာသနာကို တဖက်လှည့် ဖျက်ဆီးခြင်းပေတည်း။ ထို့ကြောင့် သံဃာတော်များ အငြိုပြင်မခံရလေအောင် အကျင့်ပျက်၊ အညစ်အကြေးများကို တိုက်ကြီးများမှဦးဆောင်၍ လူ့အဖွဲ့အစည်း အကူအညီဖြင့် သန့်ရှင်းသင့်လှပေပြီ။ သံဃာ့အဖွဲ့အစည်းသည် လူကိုယ်တိုင်လည်း မလုပ်ချင်၊ မလုပ်ရဲ၊ သူများလုပ်လျှင်လည်း အားမပေး၊ ထောက်ခံမှုမရှိ၊ တုဏှိဘာဝလုပ်တတ်ပေသည်။ သူတို့ထက် သြဇာကြီးသွား မည်၊ သူတို့ကို သြဇာလွှမ်းသွားမည်၊ သူတို့သြဇာကျဆင်းသွားမည်၊ သူတို့အာဏာမဲ့သွားမည်ကို မလိုလား၍ မထောက်ခံကြခြင်းဖြစ်၏။ ထို့ကြောင့် အဆိုပါ သံဃာ့အဖွဲ့အစည်းမှ ဆရာကြီးများကို ဦးထိပ်တင်၍ ဆရာကြီးများ၏ လမ်းညွှန်မှုဖြင့် ဆောင်ရွက်မှသာ အဆင်ပြေချောမွေ့မည် ဖြစ်လေသည်။ ကျွန်ုပ်သည် ရဲနှင့် သံဃနာယကတွဲ၍ ဆောင်ရွက်ခဲ့ဖူး၏။ ဘီယာဆိုင်တွင် မူးပြီး သီချင်းဆိုနေသည့် ရဟန်းတစ်ပါးကို ဆိုင်ရှင်တို့က မတားရဲ၍ ရဲကိုအကြောင်းကြားရာ ရဲက ကျွန်ုပ်အား အကူအညီတောင်းသဖြင့် လိုက်ခေါ်ပေးခဲ့ ရပေသည်။ ပြီးလျှင် သံဃနာယကထံ အပ်နှံခဲ့၏။ နောက်တစ်ခါးမှာမူးပြီး အရပ်ထဲမှာ သေငာ်းကျန်း နေ၍ သံဃာထုနှင့် သွားပြီး ခေါ်ဆောင်ခဲ့ရပေသည်။ ထိုတစ်ပါးကိုလည်း ရဲနှင့် သံဃနာယကထံ အပ်နှံလိုက်ပေသည်။ အုပ်စုဖွဲ့၍ အကြမ်းဖက်နေသည့် လူဆိုးဂိုဏ်းများကိုလည်း အာဏာပိုင်များ၊ သံဃာ့အဖွဲ့အစည်းများနှင့် ပူးပေါင်းပြီး သံဃာထုက သုတ်သင်ရှင်းလင်းပစ်သင့်ပေသည်။ ထိုသူတို့ရှိနေသမျှ သာသနာတစ်ရပ်လုံး သိက္ခာကျလေ၏။