သတင်း

သမိုင်း၏တရားခံ (အခန်းဆက်-အပိုင်း-၆)

“ဘွဲ့တံဆိပ်သာသနာ”

အရည်အချင်းရှိသူထိုက်တန်သူများအား ဘွဲ့ထူးဂုဏ်ထူးချီးမြှင့်သည့်ထုံးစံသည် ဘုရားလက်ထက်ကပင်ရှိခဲ့ လေသည်။ ကျွန်ုပ်တို့သာသနာတော်၌လည်း အစိုးရမင်းတို့က ဆိုင်ရာဆရာတော်များအား ဘွဲ့တံဆိပ်ကပ်လှူခဲ့ကြသည်ကို တွေ့ရလေသည်။ ရှေးခေတ်က ဆရာတော်ကြီးများမှာ တကယ်အရည်အချင်းရှိကြသူများဖြစ်၍ ဘွဲ့တံဆိပ်အဓိက ဆရာတော်ကြီးများ မဟုတ်ကြပေ။ အစိုးရကလည်း အရည်အချင်းရှိသူကိုမှ ချီးမြှင့်ပြီး ဆရာတော်ကြီးများကလည်း ဘွဲ့တံဆိပ်ဂုဏ်မမောက်ကြ။ ဘွဲ့တံဆိပ်ဖြင့် ခြိမ်းခြောက်မစားကြပေ။
သို့စေကာမူ ယခုအခါ၌ ဘွဲ့တံဆိပ်တွေကလည်းဖောင်းပွ၊ ဘွဲ့တံဆိပ်ရှင်များကလည်း မောက်မာကြ၍ ဘွဲံတံဆိပ်သာသနာသည် ဘုရားသာသနာကို ဖျက်ဆီးပစ်နေလေပြီ။ ဆိုရှယ်လစ်ခေတ်က လူထုသံဃာထုသည် ဘွဲ့တံဆိပ်ရဆရာတော်ကြီးများကို ကြည်ညိုလေးစားအားထားကြ၏။ ဆရာတော်ကြီးများကလည်း အမှန်တကယ်ပင် အဘက်ဘက်မှ ပြည့်စုံကြ၍ လေးစားထိုက်လှ၏။ ထိုခေတ်၌ အဘိဓဇမဟာရဋ္ဌဂုရုဘွဲ့တံဆိပ် ကို တစ်နှစ်လျှင် တစ်ပါး နှစ်ပါးသား ဆက်ကပ်လေသည်။ သည်ထက်မပိုပေ။ အဂ္ဂမဟာပဏ္ဍိတဘွဲ့တံဆိပ်ကို လည်း နှစ်ပါးသုံးပါးသာ ဆက်ကပ်လေသည်။ သည်ထက်မပိုချေ။ အရေးအခင်းပြီးစကာလ၌ပင် ဤစနစ်ကို ကျင့်သုံးကြသေး၏။ ထိုနှစ်တွင် ကျွန်ုပ်တို့၏ မစိုးရိမ်တိုက်သစ်ဆရာတော်ကြီးနှင့် ဗဟန်းညောင်တုန်းဆရာ တော်ကြီးဟူ၍ နှစ်ပါးသာ အဂ္ဂမဟာပဏ္ဍိတဘွဲ့ရရှိလေသည်။ စာသင်တိုက်၏ အဓိပတိဆရာတော်ကြီးဖြစ်၍ ထိုက်တန်လှ၏။ နောက်နှစ်များတွင်မူ အဂ္ဂမဟာပဏ္ဍိတများ၊ အဘိဓဇများ မှိုရာသီအလား မှိုလိုပေါလာကြလေသည်။ အဂ္ဂမဟာပဏ္ဍိတဆိုလျှင် တစ်နှစ်လျှင် အပါးခြောက်ဆယ်ကျော် ချီးမြှင့်ခံရ၏။
သံဃာထုက လွတ်လပ်ရေးနေ့ ဘွဲ့တံဆိပ်ပေးပွဲကို မူလတန်ဂေဇက်ဟု ဆိုကြ၏။ နှာခေါင်းရှုံ့ကြ၏။ ဤကား သာသနာရေးဦးစီးဌာနကပေးသော တန်ဖိုးရှိဘွဲ့များ၊ တန်ဖိုးမဲ့လာပုံ၊ ဖောင်းပွလာပုံ ငွေစက္ကူအတုလို ဖြစ်လာပုံတည်း။

သာသနာရေးဦးစီးဌာနမှ သာသနာထွန်းကားပြန့်ပွားရေးဌာနဟူ၍ ဌာနခွဲတစ်ခုအသစ် ပေါ်ပေါက်လာခဲ့ ပေသည်။ ထိုဌာနမှ ဂန္ထဝါစက(စာချ)ဘွဲ့များ၊ ကမ္မဌာနစရိယ(ကမ္မဋ္ဌာန်းဆရာ)ဘွဲ့များ၊ သဒ္ဓမ္မဇောတိကဓဇ (သာသနာပြု)ဘွဲ့များနှင့် လူပုဂ္ဂိုလ်များအတွက် သီရိသုဓမ္မ၊ သီဟသုဓမ္မ စသည်ဖြင့် များပြားစွာ ချီးမြှောက် လာပါသည်။ သာသနာရေးဦးစီးဌာနမှပေးသော ရှားပါးဘွဲ့များပေါများလာ၍ တန်ဖိုးရှိဘဲ့များ တန်ဖိုးမဲ့ဖြစ်ကြ၍ နှာခေါင်းရှုံ့နေကြချိန်တွင် တန်ဖိုးမဲ့ဘွဲ့များ၊ ငွေစက္ကူအတုလို ဖောင်းပွလာ၍ သာသနာတော်မှာလည်း ရစရာမရှိ ဖြစ်ခဲ့လေသည်။ စာချ၍ စာချဘွဲ့ရလျှင်၊ ကမ္မဋ္ဌာန်းပြ၍ ကမ္မဋ္ဌာန်းဆရာဘွဲ့ရလျှင် သာသနာပြု၍ သာသနာဘွဲ့ရ လျှင် ရသည့်ဘွဲ့နှင့် လုပ်သည့်အလုပ် ဂုဏ်နှင့်ဒြပ် ထင်ဟပ်နေလျှင်ကား သာဓုခေါ်စရာပင် ကောင်းလေသည်။

ယခုမူ စာတစ်လုံးမျှမချသူလည်း စာချဘွဲ့ရ၊ ဘာမျှမလုပ်ဘဲ ထိုင်စားနေသူကလည်း သာသနာပြုဘွဲ့ရ၊ ကမ္မဋ္ဌာန်းဆရာမဟုတ်ပါဘဲ ကမ္မဋ္ဌာန်းဆရာဘွဲ့ရ၊ တရားတစ်ပုဒ်မျှမဟောပါဘဲ ဓမ္မကထိက ဘွဲ့ရသူက ရနေ၍ သူတော်ကောင်းများ စိတ်အနှောက်အယှက်ဖြစ်ရလေသည်။ ဆရာတော်တစ်ပါးဆိုလျှင် အဂ္ဂမဟာပဏ္ဍိတဘွဲ့ ရလို၍ စာချတန်းသံဃာများကို စာခေါ်ချပြီး ဘွဲ့တောင်းလျှောက်လွှာတင်လေသည်။ စာချရာ၌ စာချနိုင်၍ စာချခြင်းဖြစ်လျှင် တော်သေးသည်။ စာမချနိုင်ဘဲ ဘွဲ့တံဆိပ်လိုချင်၍ စာချခြင်း၌ သံဃာများ ဆင်းရဲရလေသည်။
ပုဒ်စစ်ကျမ်းလာသံဝဏ္ဏနာ နည်းလေးဆယ်ကို သတင်းစာဖြင့်ကွယ်၍ ဖတ်ပြလေသည်။ ထိုဆရာတော်မှာ ပထမကြီးတန်းအဆင့်မျှသာရှိ၍ စာမချနိုင်ပေ။ စာချတန်းကို စာမချလျှင်လည်း အဂ္ဂမဟာပဏ္ဍိတဘွဲ့တံဆိပ် စံနှုန်းမမီဖြစ်ပေမည်။ သို့ဖြစ်၍ ဝိနည်းလွတ်လုပ်၍ စာချပြခြင်းဖြစ်လေသည်။ ဘွဲ့တောင်းလျှောက်လွှာတင်ပြီး သည့်အခါ စာမချတော့ပေ။ ထိုအခါကျမှ စာသင်သားများ သက်သာရာရလေ၏။

ရှေးအစိုးရများကား ထိုက်တန်၍ ချီးမြှောက်ကြခြင်းဖြစ်၏။ ရှေးဆရာတော်ကြီးများကလည်း အမှန်တကယ်ထိုက်တန်၍ ချီးမြှောက်ခံရခြင်းဖြစ်၏။ ယခုမူ ဘွဲ့တံဆိပ်ရဖို့ လျှောက်လွှာအမျိုးမျိုး ထောက်ခံချက်အမျိုးမျိုးလုပ်ပြီး တင်တောင်းနေရလေသည်။ လျှောက်လွှာတင်ရုံဖြင့် မပြီးသေးဘဲ ငွေလည်း လိုက်ရသေးလေသည်။ သာသနာရေးအရာရှိကြီးများ ချက်ချင်းကြီးပွားသွားကြ၏။ တိုက်ကြီးများအပျံစား၊ ကားကြီးများအကောင်းစားဖြင့် စီးပွားဖြစ်ကြလေ၏။ ဘွဲ့တံဆိပ်ရဆရာတော်များ၏ ကောင်းမှု ပင်တည်း။
ထိုအရာရှိကြီးနှင့်ပတ်သက်၍ ကမ္ဘာအေး၌ ဟာသလေးတွေ ဖြစ်ပေါ်ခဲ့ဖူးလေသည်။ ဆရာတော်တစ်ပါးက ဘွဲ့လျှောက်ပါလျှက် မရ၍ အရာရှိကြီးထံသွားရာ အရာရှိကြီးက စိတ်ပါ လက်ပါလုပ်မှ ရမှာပေါ့ဘုရားဟု ပြောလိုက်လေ၏။ ဘွဲ့တံဆိပ်လိုချင်နေရုံဖြင့် မပြီးဘဲ ငွေလည်းပေးရသေးသည်ဟုလို။

လူတစ်ယောက်ကလည်း ထို့အတူ ထိုဆရာကြီးဆီသွားရာ ခင်ဗျား စေတနာအတော်နည်းပုံရတယ်ဟု ပြောလေ၏။ ထိုအခါ ဘွဲ့တောင်းသူက ရုတ်တရက် နားမလည်၍ မနည်းပါဘူးခင်ဗျာ။ ကျွန်တော်အိမ်မှာ နေ့စဉ် သံဃာဆယ်ပါးဆွမ်းလောင်းပါတယ်ဟု ပြန်ပြောလေ၏။ ငွေနည်းနေလျှင်လည်း ဘွဲ့ပေးပုံမပေါ်ပေ။
ဆရာတော်တစ်ပါးကမူ ငွေနည်းသော်လည်း အများကြီးဟုထင်ရလေအောင် ဗိုလ်ချုပ်ပုံပါ ငွေစက္ကူဆယ်တန် အရွက်ကြီးများကို ထုပ်ပြီးပေးလေ၏။ ဆရာကြီးက ပွပြီဟုထင်ကာ ငွေထုပ်ကြီးများကို အခန်းတွင်းဝင်၍ ရေတွက်လေသည်။ ပြန်ထွက်လာပြီး အရှင်ဘုရား ဒီတစ်ပတ်တော့ ပါမှာမဟုတ်သေးဘူးဟု လျှောက်လေ၏။

ငွေလည်းပြန်ပေးလေ၏။ ဘွဲ့တံဆိပ်တောင်းစားသူများနှင့် ဘွဲ့တံဆိပ်ရောင်းစားသူများသာတည်း။ အချို့ကလည်း ငွေဘယ်လောက်ပေးရ ပေးရ အရင်းကြေသည်ဟုဆို၏။ ဘွဲ့တံဆိပ်ပြစား ခြိမ်းခြောက်စားမည့် စီးပွားရေးသမားများသာတည်း။
ဆရာတော်ကြီးတစ်ပါးသည် လွတ်လပ်ရေးနေ့ ဘွဲ့တံဆိပ်ကြေညာတိုင်း သာဓုပါဗျာ၊သာဓု၊ သာဓု တော်ကြပါပေတယ်။ ထိုက်တန်ကြပါပေတယ်ဟု အမြဲတမ်း သာဓုခေါ်လေ၏။ ထို့နောက် သူလည်း ဘွဲ့တံဆိပ်ရလို၍ ဆိုင်ရာကပ်၍ ငွေပေးရာ သူလည်း အဂ္ဂမဟာပဏ္ဍိတဘွဲ့ရလေသည်။ ထိုအခါကျမှ ရှေးက မအေပေးတွေလည်း ငါ့လိုပဲနေမှာဟု ပြောလေ၏။
ထိုသို့ ဘွဲ့တံဆိပ်များ ဖောင်းပွ၍ ပညာရှိများအနေကြပ်၊ အနေခက်လာခြင်းကြောင့် တချို့ဆရာတော်များမှာ ဘွဲ့တံဆိပ်ဆက်ကပ်ဖို့ ကမ်းလှမ်းလာသည်ကိုတောင် မယူဝံ့တော့ပေ။ ရောကောသောကော ဖြစ်မှာစိုးလေ၏။ ရှေးအခါတုန်းက ခြင်္သေ့ထီးနှင့် မြေခွေးမတို့ ပေါင်းသင်းကြရာမှာ ခွေးခြင်္သေ့လေးမွေးလေသည်။ ထိုခွေးခြင်္သေ့ လေးသည် အသွင်သဏ္ဍာန်အားဖြင့် အဖခြင်္သေ့နှင့်တူပြီး အသံအားဖြင့် အမိမြေခွေးသံထွက်လေသည်။

တစ်နေ့သောအခါ မိုးရွာပြီးချိန်၌ ခြင်္သေ့များက ပျော်မြူးကခုန်လျက် ခြင်္သေ့လိုဟောက်ကြလေ၏။ ထိုအခါ ခွေးခြင်္သေ့လေးကလည်း ခြင်္သေ့များနှင့်အတူ ရောရောင်၍ မြူးတူးအော်ဟစ်လေသည်။ အသံက ခြင်္သေ့သံ မထွက်ပဲ မြေခွေးသံထွက်လာ၍ ခြင်္သေ့သံကြား၌ ခွေးအူသံ ထင်ရှားသွားလေသည်။ ထိုအခါ ခြင်္သေ့များက ရှက်ရွံ့သွားကြပြီး မဟောက်တော့ဘဲ ပြန်သွားကြလေ၏။

(ဒုကနိပါတ်၊ အသဒိသဝဂ်၊ သီဟကောတ္ထဇာတ်)

တင့်တယ်မဲ့စွာ၊ ကေသရာနှင့် သိင်္ဂါမွေး၊ ခွေးခြင်္သေ့ငယ်၊ သားများလယ်၌၊ ရယ်ဖွယ်ဟောက်ခြင်း။ (မဃဒေဝ၊ စာပိုက် ၂၂၃)

ကျွန်ုပ်သည် ဆရာတော်ကြီးတစ်ပါး၏ တရားတော်ကို နာကြားခဲ့ဖူး၏။ ပရိယတ္တိသာသနဟိတအသင်းကြီး၌ ဟောကြားသောတရားတော်ဖြစ်၏။ ထိုတရားပွဲ၌ စာချအကျော်ဆရာတော်ကြီးက ဘုန်းကြီးတို့က အဂ္ဂမဟာပဏ္ဍိတဘွဲ့၊ အဘိဓဇဘွဲ့တို့ကို မမြတ်နိုးပါဘူး။ ဘာလို့လဲဆိုရင် သူတို့က ဘာလို့ပေးမှန်းကိုမသိဘူး။ ဘုန်းကြီးတို့ ရထားတဲ့ သကျသီဟဘွဲ့တံဆိပ်ကိုသာ ဘုန်းကြီးတို့ မြတ်နိုးပါတယ်။ ဘာကြောင့်ဆို ဒီသကျသီဟဘွဲ့တံဆိပ်က မန္တလေးမြို့ရှိ စာချအကျော်ဆရာတော်ကြီးများက မေးခွန်းထုတ် စစ်ဆေးကြ၊ ဘုန်းကြီးတို့က ဆရာတော်ကြီးများရဲ့ မေးခွန်းတွေကို ဖြေဆိုနိုင်ကြလို့ ဒီဘွဲ့ကို ရခဲ့ကြတာ။ ဘုန်းကြီးတို့ ကြိုးစားမှုနဲ့ ဘုန်းကြီးထိုက်တန်လို့ရထားတဲ့ ဘွဲ့တံဆိပ်ဖြစ်လို့ ဘုန်းကြီးတို့က သကျသီဟဘွဲ့ကိုပဲ မြတ်နိုးပါတယ် ဟု ဟောကြားသည်ကို နာခဲ့ရလေသည်။ ခြင်္သေ့ပီပီ မဟာဆီ မဟာသွေးရှိသော ဆရာတော်ကြီးပါတကား။

ကျွန်ုပ်သည် ၂၀၀၀ ခုနှစ်က ရန်ကုန်မြို့၌ အဘိဓမ္မာပို့ချနေသော ဆရာမကြီးတစ်ယောက်ကို တွေ့ဖူး၏။ ထိုဆရာမကြီးသည် ဌာနတစ်ခု၌ လက်ထောက်ညွှန်ကြားရေးမှူးအဆင့်ရှိ အရာရှိကြီးဖြစ်လေသည်။ အဘိဓမ္မာပို့ချလာသည်မှာ နှစ်ပေါင်းသုံးဆယ်ကျော်ရှိခဲ့ပြီး၊ သင်တန်းသားပေါင်း ငါးရာကျော်ပို့ချခဲ့လေသည်။ သူ့အား တပည့်များက သာသနာပြုဘွဲ့တံဆိပ်လျှောက်ခိုင်း၍ လျှောက်တင်ရာ ငွေနှစ်သောင်းပေးမှ ရမည်ဟု ပြောလေ၏။ ထိုအခါ ထိုဆရာမကြီးက ကျွန်ုပ်အား ငွေပေးမှ ဘွဲ့ရမယ်ဆိုလို့ တပည့်တော်မ မလျှောက်တော့ဘူးဘုရားဟု လျှောက်လေ၏။ သာသနာအတွက် တကယ်အလုပ်လုပ်သူများအား ချီးမြှင့်သော ဘွဲ့မဟုတ်ပါတကား။

တစ်ချို့မှာ ပျံလွန်တော်မူခါနီးတွင် နောက်ဆုံးအချိန်တွင် ဆေးရုံထိလိုက်၍ ဘွဲ့တံဆိပ်ကပ်သည်ကိုလည်း တွေ့ရ၏။ နောက်ဆုံးထွက်သက်၌ ဘွဲ့တံဆိပ်စွဲလမ်း၍ လွန်တော်မူလျှင် ပျံတော်မမူဘဲ လျှိုးတော်မူဘို့ များလေသည်။ ပြိတ္တာဖြစ် ဘွဲ့တံဆိပ်ကြီးပါတကား။
အဂ္ဂမဟာပဏ္ဍိတဘွဲ့ကို သရုပ်ခွဲပြသည့် ဆရာတော်ကြီးတစ်ပါးထံလည်း စာလိုက်ဖူး၏။ ထိုဆရာတော်ကြီးက စာချစဉ် ဤသို့မိန့်လေသည်။ တိုက်ပေး၊ တောင်းပေး၊ ဗျာဒိတ်ပေး၊ ထိုက်ပေးလေးအဂ္ဂတဲ့။ တစ်ချို့က တိုက်လို့ရတာ၊ တစ်ချို့က တောင်းလို့ရတာ၊ တစ်ချို့က အာဏာပိုင်အရာရှိကြီးတွေ ပေးခိုင်းလို့ရတာ၊ တစ်ချို့ကတော့ အားနာပါးနာ ထိုက်တန်သူ နည်းနည်းပါးပါးကို ရွေးချယ်ပြီး ပေးတာဟု အဂ္ဂလေးမျိုးကို သရုပ်ခွဲပြလေသည်။

လူတို့အား သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်ချီးမြှင့်ခြင်းသည် ဘုရားလက်ထက်တော်ကပင် အစရှိခဲ့လေသည်။ ယခုအခါ၌လည်း ဘုရားလက်ထက်ကကဲ့သို့ လူပုဂ္ဂိုလ်တို့အား သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ချီးမြှင့်ခြင်းကို ဂုဏ်ယူဝမ်းမြောက်စွာ ကြိုဆိုမိပေသည်။ သို့သော် ခုတ်ရာတစ်ခြား ရှရာတစ်ခြား ဖြစ်ခဲ့လေသည်။ ဓမ္မစစ်သာသနာပြု လူပုဂ္ဂိုလ်များကို ချီးမြှင့်ခြင်းကို ဘွဲ့တံဆိပ်လိုချင်၍ ဘွဲ့တံဆိပ်မက်မောပြီး အလှူလုပ်ကြ၊ ရဟန်းခံကြ ရှင်ပြုကြပြီး အရောင်ဆိုးလိုက်ကြလေသည်။ တစ်ချို့မှာ ဘွဲ့တံဆိပ်လိုချင်၍ ရဟန်းလောင်း လေးငါးဆယ်ကို တစ်ပြိုင်တည်း ရဟန်းခံကြလေသည်။ တစ်ပြိုင်နက်တည်း ကလေး လေးငါးဆယ် အမြွှာပူးမွေးသကဲ့သို့ ဖြစ်လေ၏။ ရဟန်းများကို အဘယ်သို့ ထောက်ပံ့နိုင်ပါမည်နည်း၊ ရဟန်းဒကာဝတ္တရား ကျေပွန်ကြပါဦးမည်လော၊ ရဟန်းဒကာမရှိ၍ စာရင်းပေးလိုက်ရသော ရဟန်းလောင်းများမှာ ရဟန်းတစ်ခါနှင့် ငြားခဲ့ကြလေပြီ။

ရဟန်းဒကာက ရဟန်းခံပြီး ရေစက်ချပြီးချိန်မှစ၍ ရဟန်းများကို လှည့်မကြည့်ကြတော့ပေ။ ဘဲများလို ဥပြီးပစ်ထားခဲ့ကြလေ၏။ ထိုအလှူသည် အကျိုးကြီးပါဦးမည်လော၊ ဂုဏ်မက်မောသောအလှူ၊ ပကာသနအလှူ၊ သူတော်ကောင်းများ သာဓုမခေါ်နိုင်သောအလှူဖြစ်လေ၏။ ထိုသို့ ဘွဲ့တံဆိပ်ရမ္မက်ကြောင့် ရဟန်းလုခံ၊ အလှူလုပ်ပြကြသူများကို အလှူလုပ်တတ်အောင် ဆုံးမဖို့လိုလာလေပြီ။

“ဓမ္မကို မျက်ကွယ်ပြုလေပြီ”

မဟနအဖွဲ့သည် သာသနာထွန်းကားပြန့်ပွားရေးအတွက် ဖွဲ့စည်းထားသော အဖွဲ့ကြီးဖြစ်သော်လည်း ဦးတည်ချက်လွဲခဲ့လေပြီ။ ဓမ္မထွန်းကားအောင်လုပ်ရမည့်အစား ဓမ္မကိုနှိပ်ကွပ်နေကြလေ၏။ ကျမ်းစာဌာန စာပေစိစစ်ရေးမူဝါဒ၌ မှန်သော်လည်း ပုဂ္ဂိုလ်ရေးရာထိခိုက်မှုရှိလျှင် ထုတ်ဝေခွင့်မပြု။ မှန်သော်လည်း ဂိုဏ်းဂဏကို ထိခိုက်မှုရှိလျှင် ထုတ်ဝေခွင့်မပြု။ မှန်သော်လည်း အခြေအနေနှင့်အချိန်အခါ ကာလမညီညွတ်လျှင် ထုတ်ဝေခွင့်မပြု စသည်ဖြင့် ဓမ္မကို လက္ခာရုစိ(မနှစ်သက်သည့်အမှတ်အသား)ထိုး၍ ဘောင်ခတ်ထားလေသည်။ ထိုမူဝါဒအလိုအရ ဆိုရသော် ပုဂ္ဂိုလ် ဂိုဏ်းအစိုးရကိုမထိခိုက်၊ ကာလဒေသနှင့် ညီလျှင် ဓမ္မနှင့်မညီသော်လည်း ထုတ်ဝေစေဟု အဓမ္မဝါဒကို အားပေးရာရောက်နေလေသည်။ ထို့ကြောင့်လည်း တန့်ကြည့်တောင် အမှားပုံတော်စာအုပ်ကို ပိတ်ပင်ပြီး ဓမ္မနှင့်မညီသောစာအုပ်များ ထွက်ပေါ်နေခြင်းဖြစ်၏။ သာသနာဖျက် အဖွဲ့အစည်းကြီးပါတကား။ သာသနာရေးနှင့်ပတ်သက်သော နိုင်ငံတော်အခမ်းအနားများ၌ အနတ္တလက္ခဏာသုတ်ကို ရွတ်ဆိုခွင့်ပိတ်ထားကြောင်းသိရလေသည်။ အနတ္တဝါဒကို မကျင့်သုံးရုံသာမဟုတ်တော့ဘဲ လက်မခံ မယုံကြည်သည့်သဘော သက်ရောက်နေပေသည်။ အာဂမင်းဆရာနှင့် အာဂမင်းဒကာကြီးများပါတကား။

“မင်းဆရာလုပ်လိုသူ”

မဟနအဖွဲ့သည် မင်းဆရာကြီးများ၏ မင်းပွဲစိုးပွဲအခမ်းအနားများ၌ မင်းများက တုပ်ဝပ်ရိုသေကြသဖြင့် ဘဝင်ကြွနေကြ၏။ သာသနာအတွက် အလုပ်လုပ်ဖို့ စိတ်မဝင်စားကြ၊ အရာရှိကြီးများထံ အလုအယက် လက်မှတ်လုတောင်းနေကြ၏။ တယ်လီဖုန်းတောင်းသည်၊ မြေကွက်တောင်းသည်၊ သစ်တောင်းသည်၊ ဘိလပ်မြေတောင်းသည်၊ စက်ဆီတောင်းသည်၊ ကားသွင်းဖို့ လက်မှတ်တောင်းသည်။ နိုင်ငံပိုင် မြေထိုးစက်၊ ဘူဒိုဇာကားကြီးကိုပင် အပြီးအပိုင်သိမ်းပိုက်ဖို့ အလှူခံသည်လည်းရှိ၏။ ဤအလုပ်များကိုသာ စိတ်ဝင်စားကြလေသည်။ နောက်နောင် မင်းဆရာလုပ်လိုသူများ သတိထားမိစေရန် ဆရာတော်ဦးဗုဗ်၏ သြဝါဒကို တင်ပြလိုက်ပေသည်။

ညောင်ကန်မှ ဆရာတော်ဦးကျီး(ပြည်ဆရာတော်)ကို ပြည်မင်းသားကပင့်၍ နေပြည်တော်သို့ ရောက်လာသည် တွင် ဆရာတော်ဦးဗုဗ်က သြဝါဒပေးလေသည်။ မောင်ကျီး မင်းကို မင်းသားကပင့်၍ ကိုးကွယ်သဖြင့် မင်းဆရာတော်ဖြစ်ပေပြီ။ သို့သော် ဘုရားအလိုတော်အတိုင်းကျင့်မှ ဘုရားသားတော်ဖြစ်မည်၊ မင်းလိုလိုက်၍ ကျင့်လျှင် မင်း၏သားဖြစ်လိမ့်မည်။

(ညိုမြ-ကုန်းဘောင်ရှာပုံတော်၊ စာ-၂၉၁)

ဘုရားသားတော်လော၊ မင်းသားတော်လော၊ စောကြောဝေဖန်သင့်လှပါ၏။ ဓမ္မရာဇ်၏ သားတော်ကြီးများ ဖြစ်လျှင် တော်သေး၏။ အဓမ္မရာဇ၏ သားတော်ကြီးများဖြစ်လျှင်ကား သာသနာ ရစရာရှိမည်မဟုတ်တော့ပေ။
ရသေ့လိုလို ရဟန်းလိုလိုနှင့် မင်းဆရာလုပ်နေသူ ဒေါက်ချာဆောင်းသည့် ကျိုက်ထီးဆောင်ကိုယ်တော်ကြီး မင်းဆရာဖြစ်သောအခါ မဟနအဖွဲ့က ဆရာတော် ဆရာတော်ဟု တစ်ကြော်ကြော် တော်ကြလေ၏။
နိုင်ငံတော်အခမ်းအနားများမှာ မဟနနှင့် ရသေ့ တန်းတူနေရာယူကြလေသည်။ သာနသာဖျက်ရသေ့ယုတ်ကို တန်းတူနေရာပေးရကောင်းလောဟု ပြည်သူများ နှလုံးနာကြ၏။ အထူးသဖြင့် သာသနာ့ဝန်ဆောင် ဆရာတော်ကြီး၏ တပည့်များက အပြင်းအထန် ရှုတ်ချကြလေသည်။ တရားမဲ့လွန်းနေပြီတည်း။