Uncategorizedဆောင်းပါး

ကမ္ဘာကျော်ဆရာတော်၏ ကမ္ဘာမကျော်သော အတွေးအခေါ်များ (၂၄)

“ နှလုံးသားမဲ့သော အသိတရား”

(ဆရာတော်ဦးဝီရသူ၏ နှစ်သစ်အထူးလက်ဆောင်)

————————————————-

ဦးဝီရသူဆိုသည်မှာ အမျိုးသားရေးဝါဒီပါ။

လူမှုရေးမှာ ဟာမိုနီ၊

အတွေးအခေါ်မှာ ဂလိုဘယ်၊

ယဉ်ကျေးမှုမှာ လိုကယ်ကျင့်သုံးတာ၊

အမှန်တရားအတွက်

ဓားတစ်လက် အမြဲဆောင်ထားတာ၊

ဓားဆိုသည်မှာ တစ်ခြားမဟုတ်ပါ၊

တရားဓမ္မပါ။

ဤသည်မှာ စာရေးသူ၏ လက်စွဲဆောင်ပုဒ်ဖြစ်ပါသည်။ လူမှုရေးမှာ ဟာမိုနီဆိုသည့်အတိုင်း လူတိုင်းနှင့် သဟဇာတဖြစ်အောင် နေထိုင်ပါသည်။ လူတိုင်းနှင့် သဟဇာတဖြစ်ရေးအတွက် လိုအပ်ချက်တစ်ခုမှာ သည်းခံခြင်းပင် ဖြစ်ပါသည်။ စာရေးသူသည် ပုဂ္ဂိုလ်ရေးရာမှာဆိုလျှင် လွန်စွာသည်းခံတတ်ပါသည်။ စိတ်ရှည်ခြင်း၊ သဘောထားကြီးခြင်း၊ သည်းခံခြင်းတို့သည် မေတ္တာတရား၏ ရေသောက်မြစ်ဖြစ်သည့် အဒေါသမှ ဖြာထွက်လာသည့် အကိုင်းအခက်အလက်များသာ ဖြစ်ပါသည်။ အလုပ်လုပ်သည့်အခါ အဒေါသကိုရင်ဝယ်ပိုက်ထားလျက် ဆက်ဆံသည့်အခါ မေတ္တာတရားကို အခြေခံကာ အမျိုးဘာသာ သာသနာရေးဆိုင်ရာ လုပ်ငန်းများကို အားကြိုးမာန်တက် ဆောင်ရွက်လေ့ရှိပါသည်။ ထို့ကြောင့် ပုဂ္ဂိုလ်ရေးမှာ စိတ်ရှည်သည်းခံနိုင်နေခြင်း ဖြစ်ပါသည်။

ဒေါသကိုဒေါသဖြင့်တုန့်ပြန်ခြင်းသည် အမှားကို အမှားဖြင့် ထုချေခြင်းဖြစ်ပါသည်။ အဖြေမထွက်ပါ။ အဖြေမှန်မရနိုင်ပါ။ ထို့ကြောင့် တစ်ဖက်သားက ဒေါသစကားပြောလာလျှင် ဆိတ်ဆိတ်နေသည်က များပါသည်။ တာဝန်ယူမှု တာဝန်ခံမှု လိုအပ်သည့်အခါမျိုးမှာသာ အေးရာအေးကြောင်း ဆေးနွေးညှိနှိုင်းကာ အဖြေတစ်ခုရအောင် လုပ်ဆောင်တတ်ပါသည်။ တာဝန်ယူမှု တာဝန်ခံမှု ဖြေရှင်းမှုမလိုအပ်လျှင် တစ်ဖက်သားစိတ်ပြေသည့်အထိ နားထောင်ပေးတတ်ကာ စိတ်ပြေမှ အေးဆေးသက်သာ တောင်းပန်တိုးလျှိုး ပြောဆိုတတ်ပါသည်။ အသေးအဖွဲလေးမျှဆိုလျှင် မသိဟန်ဆောင်နေသည်က များပါသည်။ အလုပ်များသည့်အလျောက် အလုပ်ခိုင်းလျှင် တစ်ခုပြီးတစ်ခု ခိုင်းမိတတ်ပါသည်။ တစ်ခုမပြီးသေးခင် တစ်ခုထပ်ခိုင်းသည်နှင့် ကြုံရဖန်များသည့်အခါ တပည့်များ ကျောင်းသားများက စိတ်မရှည်တတ်ကြပါ။ နာမည်ခေါ်လိုက်လျှင် အော်ဟစ်ဆောင့်အောင့်၍ ထူးလေ့ရှိပါသည်။ ထိုအခါ မိမိကိုယ်ကိုယ် ပြန်လည်ဆင်ခြင်ပြီး နာမည်ဆက်၍မခေါ်တော့ဘဲ အလုပ်ဆက်လုပ်နေလိုက်ပါသည်။ နာမည်(ဘွဲ့)ခေါ်သည့်အခါ ‘ဘုရား’ဟု ပုံမှန်ထူးလျှင် ရာသီဥတုသာယာနေမှန်းသိရပါသည်။ ထိုအခါ ခိုင်းရပြုရသည်မှာ အဆင်ပြေပါသည်။ ‘ဘုရာ့….’ဟု ဆောင့်အောင့်ထူးလျှင် လှိုင်းကြီးလေထန်နေမှန်း သိရပါသည်။ ဆက်လက်ခရီးမထွက်တော့ပါ။ သို့သော် ထို ‘ဘုရာ့’ဟူသည့်အသံကို ယနေ့ထက်တိုင် ကြားယောင်နေမိပါသည်။ တပည့်မှာလည်း ဒေါသနှင့်ပင်။

စာရေးသူ နာယကပေါက်စအရွယ်မှာ တိုက်တာကိစ္စအတွက် ဘဏ်သို့သွားရတတ်ပါသည်။ ဝန်ထမ်းများ ညွှန်ပြသည့်နေရာ သွားရသဖြင့် ‘နာမည်ခေါ်မှ လာရမည် မခေါ်လျှင် မလာရ’စနစ်ကို မသိရှိခဲ့ပါ။ ညွှန်လိုက်သည့်အတိုင်း ဒင်္ဂါးပြားလေးကို ကောင်တာမှာ တင်ထားလိုက်ပါသည်။ ခဏအကြာတွင် “ဒါ ဘယ်သူ့ဟာလဲ နာမည်ခေါ်မှ တင်ရမှာ မသိဘူးလား၊ တစ်ယောက်မပြီးသေးဘဲ နောက်တစ်ယောက်လုပ်မပေးနိုင်ဘူး”ဟု အော်ဟစ်ပါတော့သည်။ စာရေးသူလည်း ပြာပြာသလဲထကာ ထိုဝန်ထမ်းဆီသွားပြီး “ဒကာကြီး ဦးဇင်းဟာပါ။ မသိလို့တင်မိတာပါ”ဟု ပြောလိုက်ပါသည်။ ထိုသူ့မျက်နှာ တင်းနေရာမှ ပျော့ပြောင်းသွားပါသည်။ စူပုတ်နေရာမှ ပြုံးသွားပါသည်။ တည်ငြိမ်စွာပင် “ဟိုနားမှာထိုင်နေဘုရား၊ ဘွဲ့အော်ခေါ်လိုက်မယ်ဘုရား”ဟု ပြန်လျှောက်ထားသည်နှင့် ကြုံခဲ့ရပါသည်။ ငွေစက္ကူတွေ တစ်ရွက်ချင်းရေတွက်နေရသဖြင့် စိတ်ရှည်ပုံမရပါ။ သူစိတ်မရှည်သည်နှင့်ပင် စာရေးသူမှာ အသားလွတ် အအော်ခံလိုက်ရပါသည်။ စိတ်ပင်ပန်းသည့်အလုပ်ဖြစ်၍ စိတ်ရှုပ်နေပုံရပါသည်။ နေ့စဉ်နှင့်အမျှ လုပ်နေရသဖြင့် ပူလောင်နောက်ကျုနေပုံရပါသည်။ အေးရာအေးကြောင်း စိတ်အပန်းဖြေနည်းလည်း သိပုံမရပါ။ သိလျှင်လည်း အချိန်ပေးနိုင်လိမ့်မည်မဟုတ်ပါ။ ပူလောင်နေသော လူသားများကို စာနာစိတ်များ အရေထူကာ ထုသားပေသား ကျလာခဲ့ပေသည်။ ကျေးဇူးတင်စရာပင်။

စာရေးသူ ပြည်တော်ပြန်ရောက်ခါစ၌ စာရေးသူကျောင်းမှာ သာမဏေပေါက်စလေးတစ်ပါး ရှိပါသည်။ ကွန်ပျူတာစာစီစာရိုက် ကျွမ်းကျင်အဆင့်မှာ ရှိပါသည်။ မျာနှာလွှဲ၍ ရိုက်တတ်သည်အထိ ကျွမ်းကျင်ပါသည်။ ဘေးမှထိုင်ပြောပေးလျှင်လည်း ပြောသူမပြီးသေးခင် သူကစာစီပြီးသွား၍ စောင့်နေရသည်အထိ မြန်ဆန်ပါသည်။ လူဝတ်လဲသွားသည့်အခါ စာရေးသူဆီမှာသာ အမြဲနေပါသည်။ စာရေးသူက အိုင်တီအရာရှိအဖြစ် သူ့ကိုခန့်ထားလိုက်ပါသည်။ ပိတ်သိမ်းခံလိုက်ရသည့် စာရေးသူအကောင့်မှာ တွေ့မြင်ရသည့် သတင်းများ ရုပ်သံများ ဖိုတိုရှော့များ ဖိုတိုစာတန်းများသည် သူ၏လက်ရာဖြစ်ပါသည်။ လူကောင်က သေးသေးလေးပါ။ အရပ်လည်းပု ပိန်လည်းပိန်ဖြစ်၍ ရှူနာရှိုက်ကုန်းပုံစံ ပေါက်နေပါသည်။ မျက်လုံးတစ်ဖက်ကလည်း ပုံမှန်မဟုတ်ပါ။ မွေးရာပါဟုဆိုပါသည်။ အကောင်သေးသော်လည်း ဒေါသကမသေးပါ။ လူပုသည့်အလျောက် စိတ်တိုတတ်ပါသည်။ ကလေးလည်းဖြစ်နေ၍ တစ်ကျောင်းလုံးက သူ့ကိုသာ အလိုလိုက်နေရပါသည်။ စိတ်မရှည်သူဖြစ်သဖြင့် ဆက်ဆံရေးက အဆင်မပြေ။ ကွန်ပျူတာပညာမာန်တက်နေ၍ အခြားလူများကို အထင်အမြင်သေးကာ ရိုသေလေးစားမှု ဂါရဝ နိဝါတလည်း မရှိတော့ပါ။ တပည့်များက စာရေးသူမျက်နှာဖြင့် သူ့အပေါ်သည်းခံနေကြသလို စာရေးသူကိုယ်တိုင်လည်း သူ့မျက်နှာသာ ကြည့်နေရပါသည်။ သူမကြည်လျှင် အလုပ်မခိုင်းရဲပါ။ သူကြည်မှ အလုပ်ခိုင်းရပါသည်။ စာရေးသူက ‘ဟိုလိုလေး လုပ်ပေးပါ၊ ဒီလိုလေးလုပ်ပေးပါ’ဟု ခိုင်းသည့်အခါ သူစိတ်ကြည်နေလျှင် ချောမောစွာ လုပ်ပေးတတ်ပါသည်။ သူစိတ်မရှည်လျှင် “ဟိုဟာ မရဘူး၊ ဒီဟာမရဘူး” ဆင်ခြေပေးပါသည်။ ထိုအခါ စာရေးသူက သူတစ်ပါးပြုလုပ်ထားသည်ကို ကိုးကားကာ “ဒီမယ်လေကွာ၊ ဒီလိုလေးပြောတာ”ဟု ဖုန်းထဲမှာသိမ်းထားသည့် ပုံစံများပြလျှင် ပို၍စိတ်တိုသွားတတ်ပါသည်။ ကွန်ပျူတာကီးဘုတ်ကို ဗြောင်းဗြောင်းဟု ပြင်းထန်စွာရိုက်ပြ ပုတ်ပြကာ “ဒီမှာ ဒီမှာ” “မြင်လား မြင်လား”ဟု ပြန်အော်တတ်ပါသည်။ ထိုအခါ စာရေးသူလည်း အသာလေး လစ်ထွက်ခဲ့ရတတ်ပါသည်။ ကိုယ့်အရိပ်ခို ကိုယ့်ထမင်းစား ကိုယ့်လစာယူနေသည့် တပည့်ရင်း အလုပ်သမားဝန်ထမ်းလေးကိုလည်း စာရေးသူက ကြောက်ရသည်ပင်။

စာရေးသူနှင့် ပညာဒါနလုပ်ဖော်ကိုင်ဖက် နောင်တော်ကြီးတစ်ပါးရှိပါသည်။ သူနှင့်တွေ့တိုင်း စာရေးသူက ကိုယ်လိုချင်သည့်ပုံစံများ ပြောပြလေ့ရှိပါသည်။ တစ်ခါသော် စာရေးသူကို ဒေါသတကြီး ပြန်ပြောပါသည်။ အော်ကြီးဟစ်ကျယ်မဟုတ်သော်လည်း ဒေါသသံမှန်း သိလိုက်ရပါသည်။ နှစ်ကိုယ်ကြားဖြစ်သဖြင့်လည်း မည်သူမျှ မသိပါ။ အကောင်အထည်ဖော်ဖို့အတွက် သူ့မှာလည်း အခက်အခဲရှိနေပါလိမ့်မည်။ နိစ္စဓုဝအလုပ်ကြီးဖြစ်နေ၍ စိတ်မရှည်နိုင်ခြင်းလည်း ဖြစ်ပါလိမ့်မည်။ ဒေါသစကား ပြောလာပြီဆိုကတည်းက သူ့ရင်ထဲမှာ အစိုင်အခဲကြီးထွားနေမည်မှာ အသေအချာပင်။ ထို့ကြောင့် စာရေးသူက မျက်နှာလွှဲကာ တစ်ခြားဘက်သွား၍ အလုပ်ရှာလုပ်လိုက်ရပါတော့သည်။ အတင်းအကြပ်စေခိုင်းသည်လည်းမဟုတ်၊ မလုပ်၍ အပြစ်တင်သည်လည်း မရှိ၊ လူရှေ့သူရှေ့ ဆရာလုပ်သည်လည်း မဟုတ်ပါဘဲ စာရေးသူမှာ အပက်ခံလိုက်ရလေသည်။ အလုပ်လုပ်လျှင် အတွေ့အကြုံရတတ်သည် မဟုတ်ပါလော။

စာရေးသူနှင့် ဂျာနယ်အတူတွဲလုပ်ကိုင်သည့် လူငယ်လေးတစ်ယောက်ရှိသည်။ လူပျံတော် ‘ပတ္တမြား’လေးဖြစ်၏။ အိုးဘိုကျောင်းဆင်းလေးဖြစ်ကာ သဟာယကျောင်းမှာသာ နေပါသည်။ လူဝတ်လဲသွားသော်လည်း နေရာပြောင်းမသွားပါ။ ဂျာနယ်ရုံးခန်းဖွင့်သည့်အခါ ရုံးမှာအမြဲနေပါသည်။ သူက သတင်းအယ်ဒီတာ၊ သူနှင့်အကြောင်းပါသူက စာပြင်အယ်ဒီတာအဖြစ် ကုသိုလ်ယူပါသည်။ စနေ တနင်္ဂနွေ စာပြင်လာရင်း နှစ်ပေါင်းများစွာ ကြာသည့်အခါ သံယောဇဉ်ဖြစ်သွားကြပုံရပါသည်။ အိုးချင်း, ကြိုးချင်း စကားပုံအတိုင်းပင်။ တပည့်လေးက ကိုယ်ပိုင်လုပ်ငန်းလည်း မရှိ၊ ငွေကြေးလည်း မချမ်းသာ သူ့အမျိုးသမီးက မူကြိုကျောင်းဖွင့်ထားသည့် ဆရာမ၊ အတန်အသင့်ချမ်းသာသူဖြစ်သဖြင့် သူမအမျိုးများက သဘောမတူကြပါ။ အသက်လည်း အတော်ကွာဟပါသည်။ လေးဆယ်ကျော်ဆရာမနှင့် သုံးဆယ်ခန့် အယ်ဒီတာလေးပါ။ သူတို့မင်္ဂလာဆောင်ခါနီးချိန် တစ်နေ့သောအခါ သူမ၏အစ်ကိုက စာရေးသူကို လေဆိပ်လာကြိုရင်း လမ်းမှာပေါက်ကွဲပြပါသည်။ စာရေးသူ အသာလေးကုပ်နေရပါသည်။ သူသည် စာရေးသူကြွလေရာ ကားမောင်းပို့ပေးနေသည့် ကားဆရာဖြစ်ပါသည်။ မိမိကားဆရာက မိမိအား ဒေါနှင့်မောနှင့် ပြောနေသည်ကို နားထောင်ပေးနေရသည့် မိမိဘဝ၏ ဒုက္ခကလည်း မသေးငယ်လှပါ။ လူ့ဂုဏ် အသိုင်းအဝိုင်းဆိုသည်ကလည်း ရှိသေးသဖြင့် အဆင့်အတန်းဆိုသည်ကလည်း ရှိနေမည်သာ။ ဂုဏ်ဓနနှင့် ဘုံဘဝသည် ခွဲခြားမရသည့် အမြွှာညီအစ်ကိုအလား ဘုံဘဝမှာနေသူတိုင်း ဂုဏ်ဓနဒဏ်ခံရမည်သာ ဖြစ်လေသည်။ ကားဆရာလည်း သူ၏ညီမကို လူမသိသူမသိ အထီးကျန်ရွာသား လူပျံတော်လေးနှင့် မည်သို့သဘောတူနိုင်ပါမည်နည်း။ သူပြောသည့်အထဲမှ ‘ရေပြွတ်’ဆိုသည်ကိုသာ မှတ်မိပါတော့သည်။ ‘သူက ဘာပါလို့လဲ၊ ရေပြွတ်ပဲပါတာ’ ‘သူက ဘာရှိလို့လဲ ရေပြွတ်ပဲရှိတဲ့ဥစ္စာ’ စာရေးသူသည် ရယ်လည်းရယ်ချင် သနားလည်းသနား ကိုယ်ချင်းလည်းစာနာဖြစ်နေ၍ တစ်ခွန်းမျှ ပြန်မပြောဘဲ သူကျေနပ်သည်အထိ ပြောခွင့်ပေးကာ သတိထားဆက်ဆံနေရပါသည်။ သူ့လေသံ မမြင့်မားတော့မှ သြဝါဒပေးပါသည်။ “ဒကာတော်-ဆရာမလို အခြေအနေမျိုးက ငွေမမက်တော့ဘူးဒကာတော်၊ ဂုဏ်မလိုအပ်တော့ဘူး ဒကာတော်၊ မိမိအပေါ် သစ္စာရှိရှိ ပေါင်းသင်းပေးမည့် ယောက်ျားကောင်းတစ်ယောက်ဆို ပြည့်စုံပါပြီဒကာတော်” သူမည်သို့မျှ ပြန်မပြောသော်လည်း ဘဝင်ကျပုံကား မပေါ်ပါ။ ကျောင်းရောက်သည့်အခါ သူ့ကိုယ်သူ ဂုဏ်ယူဝင့်ကြွားစွာ “ဘုန်းကြီး လှုပ်ကိုမလှုပ်နိုင်တော့ဘူး”ဟု အနီးနေတပည့်လေးများကို ပြန်ပြောပြကြောင်း သိရှိရပါသည်။ သူ၏အစ်မအကြီးဆုံးက သူ့ထက်တင်းမာပါသည်။ မင်္ဂလာမဆောင်ခင် သွားရောက်ကန်တော့ကြသည့်အခါ ပြဿနာအကြီးအကျယ်တက်ပါသည်။ စာရေးသူ၏ ကားဆရာကား ထိုပွဲမှာ ရှေ့ဆုံးမှအဆူအငေါက်ခံကာ ကူတောင်းပေးသူဖြစ်သွားပါသည်။ နှမငယ်လေးကို ချစ်ရှာပေသကိုး။ ယခု၌မူ အားလုံးပြန်လည်သင့်မြတ်သွားကာ ပုံမှန်လုပ်ငန်းများ ပြန်လည်လုပ်ဆောင်နေကြပေပြီ။ ကားဆရာစိတ်ပြေသွားသဖြင့် တွေ့သည့်အခါတိုင်း စ-ဖြစ်ပါသည်။ စ-သည့်အခါတိုင်း တဝါးဝါး တဟားဟားနှင့် ပွဲကျအောင်ရယ်နေရပါသည်။ သူ့နှမက သူ့ကိုအယုံသွင်းပုံကို သူကပြန်ပြောပြသည့်အခါ ရယ်မောရသလို သူ့စကား ‘ရေပြွတ်’အကြောင်း စာရေးသူက ပြန်ပြောသည့်အခါလည်း ရယ်နေရပါသည်။ နောက်ပိုင်းတွင် စာရေးသူ၏တပည့်လေးကို အပြစ်တင်သည်မျိုးပင် မတွေ့ရတော့ပါ။ သူ့နှမကိုသာ အပြစ်တင်နေပါတော့သည်။ ‘သူအနေအထိုင်မဟုတ်လို့၊ ဟိုက အငယ်၊ သူသာပုံမှန်နေရင် ဘယ်သူစရဲမလဲ’ဟု ဆိုလာပါသည်။ လေသံပြောင်းသွားသော်လည်း စာရေးသူကိုတော့ ပြန်မတောင်းပန်ပါ။ ကြင်စဦးမောင်နှံနှစ်ဦးလုံးသည် တည်တည်တန့်တန့်နေသူများ စကားနည်းသူများ အေးဆေးတည်ငြိမ်သူများ ဖြစ်ပါသည်။

နိစ္စဓုဝမြင်တွေ့နေရ၍သာ အကြောင်းပါခဲ့ခြင်း ဖြစ်ပါသည်။ အိုးချင်းထိ ကြိုးချင်းငြိ စကားပုံကား ရှေးပညာရှိတို့ ခြေဆော့လက်ဆော့ စပ်ဆိုခဲ့သည့် အပျင်းပြေစကားပုံ မဟုတ်ပေ။

မည်သို့ဆိုစေ စာရေးသူမှာကား တပည့်ရင်းမဟုတ်ပါပဲလျက် မိမိအရိပ်လာရောက်ခိုလှုံသူတစ်ယောက်ကိုအကြောင်းပြု၍ မိမိကားဆရာက မိမိကို ဒေါသတကြီးနှင့် ပြောဆိုသည်ကို ခံလိုက်ရသည်ကား အမှန်ပင်။

စာရေးသူမှာ တပည့်ရင်းတစ်ပါးရှိပါသည်။ လူဝတ်လဲသွားသော်လည်း စာရေးသူနှင့်မခွာပါ။ သွားလေရာ အမြဲပါတတ်သူဖြစ်၍ သူလည်း မျက်နှာပွင့်သူ လူသိများသူဖြစ်ပါသည်။ ပြောမနာ ဆိုမနာတပည့်ရင်းဟုကား မသတ်မှတ်နိုင်ပါ။ ပြောနာဆိုနာတပည့်ရင်းဟုသာ သတ်မှတ်ရမည်ကဲ့သို့ ရှိပါသည်။ ရှမ်းတောင်ခရီးစဉ်ကအပြန် ဓမ္မပူဇာစာရင်းရောက်မလာသဖြင့် စာရေးသူက မေးသည့်အခါ ဓမ္မပူဇာငွေများ ပါမလာကြောင်း၊ ဖုန်းဆက်ထားကြောင်း ပြောလေသည်။ အကြောင်းရင်းကို မေးကြည့်သည့်အခါ တရားပွဲမှာလည်း ကပ်လှူသည်၊ ရေစက်ချအမျှဝေလည်း ပြုလုပ်သည်။ ဓမ္မပူဇာ မည်သူလက်ခံသည်မသိရဟု ဆိုလေသည်။ တရားပွဲဦးစီးကျင်းပသူကို ဖုန်းဆက်ပြောသည့်အခါ သူတို့အဖွဲ့ကပဲ စုပေါင်းစိုက်ပေးသွားမည်ဟု ပြောကြောင်း သိရလေသည်။ ထိုအခါ စာရေးသူက “အဲဒီလိုတော့ မလုပ်ပါနဲ့ကွာ၊ ကျော်မကောင်းကြားမကောင်း အလှူငွေပျောက်လို့ လျော်ရတယ်ဆိုတာ မသင့်တော်ပါဘူး၊ ဖုန်းဆက်လိုက်ပါ၊ စိုက်လည်း မပေးပါနဲ့၊ လက်သည်လည်း မစုံစမ်းပါနဲ့”ဟု ခိုင်းလိုက်ပါသည်။ ခါတိုင်းဆိုလျှင် တပည့်ကိုယ်တိုင် လက်ခံနေကျဖြစ်ပါသည်။ တစ်ခါမျှ မပျောက်ဖူးပါ။ ဤသို့ဖြင့် စာရေးသူက တပည့်ဖြစ်သူကို “မင်းက ဘာလုပ်နေလို့ ဓမ္မပူဇာတွေ ပျောက်ရတာလဲ”ဟု မေးကြည့်ပါသည်။ ထိုအခါ တပည့်ဖြစ်သူက “ပိုက်ဆံက အရေးမကြီးဘူး၊ လုံခြုံရေးက အရေးကြီးတယ်၊ ဘုန်းကြီးလုံခြုံရေးလိုက်လုပ်နေရတာ”ဟုပြောကာ ရန်တွေ့သည့်အမူအရာ ပြလာပါသည်။ ယပြွတ်ကားဆရာက သူ့လက်မောင်းကိုကိုင်လျက် လူချင်းကပ်ပြီး လေသံဖြင့်ပြောကာ ထိန်းသွားသည်ကို တွေ့ရပါသည်။ စာရေးသူက ကွန်ပျူတာခန်းထဲ ထိုင်နေကျနေရာမှာ ထိုင်နေပါသည်။ သူတို့နှစ်ယောက်က စာရေးသူ၏ညာဘက်မှ အဝင်ပေါက်ဘေးမှာ ကျောပေးထားပါသည်။ ကားဆရာက သတိပေးလိုက်သဖြင့် သတိဝင်သွားပုံရပါသည်။ စာရေးသူဘက် မျက်နှာမလှည့်တော့ပါ။ စာရေးသူလည်း ဆက်မပြောတော့သဖြင့် ပွဲပြီးမီးသေသွားပါသည်။ ဆူခြင်းလည်းမရှိ၊ ငေါက်ခြင်းလည်းမရှိ၊ အပြစ်တင်သည့်လေသံပင် မပါဝင်ဘဲ အကျိုးအကြောင်းမေးသည်နှင့်ပင် ဆရာဘုန်းကြီးကို ဒေါသနှင့်တုန့်ပြန်သည်ကိုထောက်လျှင် ကြောက်စရာကောင်းလောက်အောင် ဒေါသကြီးသူဖြစ်မှန်း သိသာပါသည်။ စာရေးသူက သည်းခံလိုက်ရသော်လည်း ထိုအမူအရာကို ယနေ့ထိတိုင် မြင်ယောင်နေဆဲဖြစ်ပါသည်။ ဒေါသဟူသည် ကြောက်ဖွယ်တရားပါပေတကား။

ဝန်းရံတပည့် ရဟန်းပျိုလေးတစ်ပါးလည်း ရှိခဲ့ဖူးပါသည်။ လူပုစိတ်တိုဟူသည့်အတိုင်း စိတ်တိုတတ်သူလေး ဖြစ်ပါသည်။ ကလေးတွေကိုလည်း ယဉ်ကျေးလိမ္မာသင်တန်းပို့ချ၊ အမျိုးသားရေးလည်း တက်တက်ကြွကြွလုပ်နေသဖြင့် ကျောင်းစောင့်တာဝန်ပေးလိုက်ပါသည်။ စာရေးသူရောက်သည့်အခါတိုင်း စာရေးသူနားမှ မခွာပါ။ အတော်အားကိုးရပါသည်။ သစ်ပင်ရေလောင်းအလုပ်သာရှိပြီး အခြားတာဝန်ကြီးကြီးမားမား မရှိလှပါ။ မြေစိုက်သစ်ပင်များက ရှင်သန်ကြသော်လည်း အိုးတည်ပန်းပင်များက မကြာခဏသေကြပါသည်။ စာရေးသူက သစ်ပင်ရေလောင်းဖို့ အမြဲမှာတတ်ပါသည်။ တစ်ခါသော် ပိုးအိုးခြောက်သွေ့နေသဖြင့် ရေမလောင်းရသေးကြောင်း ပြလိုက်ပါသည်။သူစိတ်ဆိုးသွားပါသည်။သူရေလောင်းကြောင်း သက်သေထူပါသည်။ သက်သေဖြစ်သူကို ဒေါနှင့်မောနှင့် ပြဆိုနေသည့်အခါ စာရေးသူကိုယ်တိုင် ရေဆွဲလောင်းလိုက်ပါသည်။ သူ့ကို မခိုင်းရဲတော့ပါ။ သူသက်သေပြသည်က မြေစိုက်အပင်ကြီးမျိုးဖြစ်ကာ ရေမလောင်းမိသည်က ပန်းအိုးထဲမှသစ်ပင် တစ်ခြားစီဖြစ်နေမှန်းသိသော်လည်း ခွန်းတုန့်မပြန်တော့ခြင်း ဖြစ်ပါသည်။ သူ့ဒေါသက ထိုမှာတင်ရပ်မသွားပါ။ ဆွမ်းစားသည့်အခါ ဆွမ်းမစားဘဲ အဝေးရှောင်နေကာ စာရေးသူကို သပိတ်မှောက်ပြပါတော့သည်။ ရိုသေလေးစား၍ ဆွမ်းတစ်ဝိုင်းတည်း မစားဝံ့သည့်ပုံစံကား မဟုတ်ပါ။ မကျေနပ်၍ သပိတ်မှောက်သည့်အနေဖြင့် ဆွမ်းမစားခြင်း ဖြစ်ပါသည်။ပရိယတ္တိအတန်းပညာတော့ ရှိဟန်မတူပါ။ အမျိုးသားရေးသမားပင်ဖြစ်သော်လည်း ဆက်ဆံရေးက တင်းမာလွန်းပါသည်။ ဆရာသမားကိုပင် သည်းမခံနိုင်ရှာပါ။ အသက်အရွယ်လည်း သားအဖအရွယ်၊ ပရိယတ္တိအရည်အချင်းကျပြန်တော့လည်း ဘိဝံသနှင့် အခြေခံအဆင့်၊ ဆရာနှင့်တပည့်၊ ခေါင်းဆောင်နှင့် နောက်လိုက်နှစ်ဦးအနက် နောက်လိုက်က ခေါင်းဆောင်နှင့် ဆွမ်းအတူမစားနိုင်သည့်ပုံစံမျိုး၊ တပည့်က ဆရာနှင့်ဆွမ်းအတူမစားနိုင်သည့်ပုံစံမျိုး သက်ရောက်လောက်အောင် ဒေါသကြီးပေရှာသကိုး။အမျိုးသားရေးသမားဟူသည်မှာ တပည့်ဖြစ်သူ၏ မတူမတန်ဆက်ဆံသည်ကိုလည်း ခံရပေသည်တကား။

ကိုယ်ရံတော်တစ်ပါးလည်း ရှိပါသေးသည်။ခရီးဝေးအတူသွားကြသည်။ တစ်ဆောင်တည်းအတူနေကြသည်။ အကြီးဖြစ်သူက ပန်းကန်ဆေး ကြမ်းတိုက် အောက်ခြေသိမ်းအကုန်လုပ်သည်။ အငယ်ဖြစ်သူက လုပ်ရကောင်းမှန်းပင် မသိ။ ယုတ်စွအဆုံး ကိုယ်စားသည့်ပန်းကန်ကိုပင် ကိုယ်မဆေး၊ အကြီးဖြစ်သူက ဆေးပေးရသည်။ ဆရာသမားကိုယ်တိုင် တံမြက်စည်းလှည်းသည်၊ ကူလှည်းရကောင်းမှန်း မသိ။ သောက်စရာရေမရှိလည်း သွားသယ်ရကောင်းမှန်း မသိ၊ ရေနွေးကုန်သွားလည်း ထပ်တည်ရကောင်းမှန်း မသိ၊ဆရာဖြစ်သူကိုယ်တိုင် ရေနွေးတည်နေသည်ကို မြင်လည်း ကြည့်နေရက်၏။ အိပ်လိုက် စားလိုက် ဖုန်းပွတ်လိုက်ဖြင့် နှပ်ကောင်းနေသည်။ ဆရာသမားက မနေနိုင်တော့သဖြင့် သြဝါဒပေးသည်။ ဆုံးမသည်။ ထိုအခါ ဒေါသူပုန်ထတော့သည်။ “ဒါတွေလုပ်ဖို့ လာသည်မဟုတ်”ဟု အကြောင်းပြသည်။ ‘မလိုအပ်ရင် ပြန်မယ်’ဟု အကြပ်ကိုင်သည်။ ပါးစပ်ဖြင့်ပြောနေရုံဆို တော်သေးသည်။ တံခါးကို ဝုန်းဒိုင်းမြည်အောင် ဆောင့်သည်။ ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်ရင်း ရှူးရှူးရှဲရှဲလုပ်သည်။ ဆရာဖြစ်သူမှာ ငြိမ်ကုပ်နေရပါလေသည်။

စာရေးသူ၏ ပတ်ဝန်းကျင်မှာ ဒေါသသမား များစွာရှိပါသည်။ ထိုသူတို့သည် သူတို့သာဒေါသရှိသည်၊ သူတို့သာ စိတ်ရှိသည်၊ သူတို့သာ ခံစားတတ်သည်ဟု မှတ်ယူထားပုံရပါသည်။ ပြောလိုက်ချင်ပါသည်။ “ငါ့မှာလည်း ဒေါသရှိတယ်၊ ငါ့မှာလည်း စိတ်ရှိတယ်၊ ငါ့မှာလည်း ခံစားချက်ရှိတယ်”ဟူ၍သာ။

 စာရေးသူတို့အဖွဲ့အစည်း အစည်းအဝေးပွဲများ၌ စာရေးသူသည် လူရာမဝင်ပါ။ စာရေးသူတင်ပြချက် အားလုံးနှင်နှင် ပယ်ချခံရတတ်ပါသည်။ ဆွေးနွေးလျှင်လည်း နှစ်ပြားမတန် ရန်တွေ့သူက တွေ့တတ်ပါသည်။ ပရိသတ်ရှေ့ဖြစ်၍ မျက်နှာမပျက်အောင် မနည်းထိန်းရပါသည်။ အစည်းအဝေးပြီး၍ အဖြစ်မှန်ပြောပြကာ ပြေလည်ရာပြေလည်ကြောင်း ဖြေရှင်းလိုက်လျှင် လက်ခံသွားတတ်ပါသည်။ စာရေးသူမှာ “သြော်… သူမသိလို့ပဲလေ”ဟူသော ယောနိသောအတွေးဖြင့်သာ ခွင့်လွတ်လိုက်ရပါတော့သည်။ တစ်ခါသော် သံဃာအများစုကိုပင့်ထားသည်၊ ရန်ကုန်မှ အယ်ဒီတာ စာရေးဆရာများလည်း ရှိသည်၊ ထိုအခါမျိုးတွင် စာရေးသူကို ဒေါသတကြီး ရန်ထောင်ပါတော့သည်။ အလုပ်တွေ တစ်ခုပြီးတစ်ခုလုပ်ရင်း အစည်းအဝေးလာတက်သည့် စာရေးသူမှာ ရုတ်တရက် ချောင်ပိတ်အရိုက်ခံလိုက်ရသဖြင့် မင်သက်မိသွားပါသည်။ သို့သော် ဒေါသကို ဒေါသနှင့် မတုန့်ပြန်တော့ဘဲ သူဖြစ်စေချင်သည်များကို ပြန်မေးကာ သူ့စိတ်တိုင်းကျ လုပ်ဆောင်ပေးဖို့သာ ကတိပြုလိုက်ပြီး ငြိမ်းအေးစေနိုင်ခဲ့ပါသည်။ ညီနောင်ရင်းလိုလည်းဖြစ်၊ တစ်သက်လုံး လက်တွဲခဲ့သူလည်းဖြစ်၊ တစ်ယောက်အကြောင်း တစ်ယောက်သိသူများဖြစ်ပါလျက် အများရှေ့မှာ ပုဂ္ဂိုလ်ရေးဆန်စွာ ထိုးနှက်တိုက်ခိုက်ရခြင်းအကြောင်းကို ယခုထိ မစဉ်းစားနိုင် ဖြစ်နေပါတော့သည်။ သတင်းတစ်ခုကြားလျှင် ဖုန်းဆက်မေးကာ  အတည်ပြုနိုင်သည်။ သတင်းမှန်နေလျှင် သတိပေးနိုင်သည်၊ အသိပေးနိုင်သည်၊ အစည်းအဝေးမှာ ထည့်ပြောစရာမလိုအပ်ပေ။ သတင်းမှားနေလျှင် ကိစ္စပြတ်သွားမည်။ စည်းဝေးဖို့ဆိုသည် ဝေလားဝေးပင်။ လူကြီးလူကောင်းဆန်စွာ မပြုမူဘဲ ပစိပစပ်နိုင်သည့် မိန်းမကြီးတစ်ယောက်က ကလေးတစ်ယောက်ကို ပြန်ပြောခွင့်ပင် မပေးဘဲ အထက်စီးမှ ဟိန်းဟောက်သလို ဖိနှိပ်ပြောဆိုလာသည့်အခါ စာရေးသူက သည်းခံနိုင်သော်လည်း တပည့်များ လုပ်ဖောင်ကိုင်ဖက်များက သည်းမခံနိုင်ကြ၊ စိတ်မကောင်းဖြစ်ကြနှင့် ရလဒ်မကောင်းကြတော့ပါ။ ကမ္ဘာကျော်ကြီးကို ဆော်လိုက်ရသည်ဆိုပြီး ဂုဏ်ယူနေသည်လော၊ သို့တည်းမဟုတ် တစ်စုံတစ်ဦးက မြှောက်ပင့်ပေး၍ ဆော်ခိုင်းသည်လော၊ သို့တည်းမဟုတ် ကမ္ဘာကျော်ကြီးကို ဆော်လိုက်ရမှ ဟီးရိုး(သူရဲကောင်း)အသွင်ဆောင်သည်ဟု ခံယူ၍လော၊ သို့တည်းမဟုတ် အတွင်းအခံ စိတ်ရင်းအမှန်ကပင် အချင်းချင်းဆော်ပလော်တီးရမှ ကျေနပ်နိုင်သောကြောင့်လော မပြောသာပြီ။ စာရေးသူမှာကား အစည်းအဝေးတက်ရမည်ကိုပင် ကြောက်ရွံ့၍ နေပေတော့၏။

ပုခုံးယှဉ်ခြင်း၊ ခြေရာတိုင်းခြင်းက ပြဿနာမဟုတ်၊ မိမိကဲ့သို့ အလုပ်လုပ်နိုင်လျှင်၊ မိမိထက်ပို၍ အလုပ်လုပ်နိုင်လျှင် မိမိက အခြားအလုပ်များ ပြောင်းရွှေ့လုပ်မည်သာဖြစ်၏။ နိုင်ငံတကာနှင့်ချီ၍ လုပ်ရမည့်အလုပ်များ မိမိမှာ များစွာရှိလေသည်။ ဘာသာစကား အခက်အခဲကြောင့်သာ ကမ္ဘာနှင့်ချီ၍ မလုပ်နိုင်သေးခြင်းဖြစ်၏။ မည်သူမဆို မိမိကဲ့သို့ လုပ်ဆောင်နိုင်လျှင် အသာတကြည်နောက်ဆုတ်ဖယ်ရှားပေးခဲ့မည်သာ ဖြစ်ပါသည်။ ပြိုင်ဘက်ကင်း ရွှေခါးပတ်ချိန်ပီယံဘဝကို မလိုလားပါ။ အလဲထိုး၍ အနိုင်ယူမည့်သူကိုသာ အမြဲမျှော်လင့်နေသူ ဖြစ်ပါသည်။ ရွှေခါးပတ်ကို ထိုက်တန်စွာ လွှဲပြောင်းပေးချင်နေသောကြောင့်တည်း။ အမျိုးသားရေးကြိုးဝိုင်းပေါ်မှာ ဝီရသူကို အလဲထိုး၍ အနိုင်ယူတော်မူကြပါလေကုန်။

ဤသို့ဤသို့သော ဖြစ်ရပ်ဖြစ်စဉ်များကို ကြည်ရှုလိုက်လျှင် စာရေးသူသည် သူတကာကို ကြောက်နေရသည့် ဘဝမျိုးဖြစ်နေသည်ကို တွေ့ရှိရပေမည်။ အမျိုးထိလျှင် မချိအောင်နာတတ်သူဖြစ်၍ အမျိုးသားရေးဇာတ်ခုံပေါ်မှာ လူကြမ်းကြီးအဖြစ် သရုပ်ဆောင်နေရစေကာမူ တကယ့်ဘဝထဲမှာကား ကပ္ပိယကြောက်ရ၊ ကျောင်းသားကြောက်ရ၊ တပည့်ကြောက်ရ၊ အလုပ်သမားကြောက်ရ၊ ဝန်ထမ်းကြောက်ရ၊ ကားဆရာကြောက်ရ၊ ခွေးကြောက်ရ၊ ကြောင်ကြောက်ရနှင့် လူကြောက်ကလေး ဝီရသူဖြစ်နေသည် ဆိုသည်ကိုကား ပြောမယုံ ကြုံဖူးမှသိကြမည်သာတည်း။

ကုဒ္ဓေါ အတ္ထံ န ဇာနာတိ၊ ကုဒ္ဓေါ ဓမ္မံ န ပဿတိ။

အန္ဓတမံ တဒါ ဟောတိ၊ ယံ ကောဓော သဟတေ နရံ။

ယံ ကုဒ္ဓေါ ဥပရောဓေတိ။ သုကရံ ဝိယ ဒုက္ကရံ။

ပစ္ဆာ သော ဝိဂတေ ကောဓေ၊ အဂ္ဂိဒဍ္ဎောဝ တပ္ပတိ။

အမျက်ဒေါသသည် အကျိုးကိုမသိ၊ အကြောင်းကို မမြင်၊

အမျက်ဒေါသဖိစီးခံရသူတိုင်း အသိတရားမဲ့ကာ အမှောင်ကျသည်သာဖြစ်သည်။

အမျက်ဒေါသထွက်သည့်အခါ ခဲခဲယဉ်းယဉ်းရှာဖွေထားသည်များကိုလည်း လွယ်ကူစွာဖျက်ဆီးမိတတ်သည်။

အမျက်ဒေါသငြိမ်း၍ စိတ်ပုံမှန်ဖြစ်လာသည့်အခါ မီးပူလောင်သူကဲ့သို့ နောင်တကြီးစွာ ပူပန်ရတတ်သည်။

(အင်္ဂုတ္တိုရ်၊ သတ္တကနိပါတ်၊ ကောဓနသုတ်၊ ၄၇၀။ သ်။ ၂၀၆။)

အတ္တကို အတ္တမှန်း မသိသေးလျှင် အတ္တထိပါးခဲ့ရသည့်အခါတိုင်း အမျက်ထွက်တတ်ပါသည်။ မိမိက ထိပါးသည်ဟု ခံစားမိသော်လည်း အမှန်အားဖြင့်မူ အတ္တကို မထိမပါးဘဲ အသားလွတ်အမျက်ထွက်နေသည်လည်း ရှိပါသည်။ မည်သူမဆို ဒေါသဖြစ်ပေါ်တတ်သော်လည်း ဒေါသဆိုသည်မှာ အကုသိုလ်တရားဖြစ်ကာ ဒေါသအလျောက် ကျူးလွန်မိတိုင်း ဒုစရိုက်ဖြစ်ပါသည်။ ဒုစရိုက်အမှုကို ကျူးလွန်နေသူဖြစ်ပါလျက် သူရဲကောင်းထင်နေသည်က ပြဿနာဖြစ်ပါသည်။ ဒေါသသမား အမှားများသည်၊ ဒေါသသမားကို ဘုရားရှုတ်ချသည်။ ဒေါသကိုပယ်ဖို့သာ ဘုရားဟောခဲ့သည်။ သို့ပါလျက် ဒေါသသမားများက ဟီးရိုးအသွင် ဂုဏ်ယူနေကြသည်မှာ ဘုရာ့တရားတော်နှင့် ဆန့်ကျင်ဘက်ကြီးကို ဂုဏ်ယူနေမှန်း သိသာထင်ရှားနေပေသည်။

လူသားအားလုံး အမျက်ဒေါသကို ထိန်းချုပ်ထားနိုင်ကြပါစေ….။

“ နှလုံးသားမဲ့သော အသိတရား” ပြီးပါပြီ။

ဝီရသူ(မစိုးရိမ်)

4.7.2020