ဆောင်းပါး

ကမ္ဘာကျော်ဆရာတော်၏ ကမ္ဘာမကျော်သော အတွေးအခေါ်များ (၂၅)

ကမ္ဘာကျော်ဆရာတော်၏ ကမ္ဘာမကျော်သော အတွေးအခေါ်များ (၂၅)

“သဘာဝတန်ဖိုး”

(ဆရာတော်ဦးဝီရသူ၏ နှစ်သစ်အထူးလက်ဆောင်)

————————————————-

စာရေးသူသည် သဘာဝတရားကို မြတ်နိုးတတ်သူ ဖြစ်ပါသည်။ လသာသည့်ညများ၌ လျှပ်စစ်မီးရောင်မပါဘဲ လမ်းလျှောက်တတ်ပါသည်။ မစိုးရိမ်တိုက်သစ် မိန်းလမ်းမကြီးပေါ်မှာ လရောင်ခံစားရင်း ပရိတ်ပဋ္ဌာန်း ရွတ်ဖတ်တတ်ပါသည်။ လမင်းကြီးကို မကြာမကြာမော့ကြည့်ကာ မျက်လုံးအေးသည်အထိ လရောင်ခံစားလေ့ရှိပါသည်။ ညအိပ်ရာဝင်သည့်အခါ လရောင်က ခြင်ထောင်ထဲထိ ဝင်နေသည့်အခါမျိုးနှင့်ကြုံရလျှင် သို့မဟုတ် လရောင်က အခန်းထဲထိ ဝင်နေလျှင် ထိုင်၍ လရောင်ကိုခံယူပါသည်။ အိုးဘိုမှာနေရစဉ် လရောင်ငတ်သည့်ဘဝမျိုး ကြုံခဲ့ရသဖြင့် “လရောင်တမ်းချင်း”ကဗျာရှည်ကြီး ရေးစပ်ခဲ့ဖူးပါသည်။ တရားပွဲများသွားရသည့်အခါ တောရွာများရောက်စဉ် လသာခိုက်နှင့်ကြုံရလျှင် နိဗ္ဗာန်ဘုံအလား ခံစားရတတ်ပါသည်။ တောတောင်ရေမြေတွေကြား လရောင်ဖွေးဖွေးအအေးဓာတ်များနှင့် လမ်းလျှောက်လျက်  ရွတ်ဖတ်မေတ္တာပို့အမျှဝေရသည့်အရသာကား စာရေးသူအတွက် ဧရာမချမ်းသာသုခကြီးပါပင်။

မနက်အစော အစိန္တေယျကြီး ဘုရားရှိခိုးစာ ရွတ်ဖတ်ပူဇော်သည့်အခါ နေရောင်အောက်မှာ ရွတ်ဖတ်ပါသည်။ နေခြည်နုနုကို ခံစားခြင်းဖြစ်ပါသည်။ ကွန်ပျူတာခန်း ရုံးခန်းထဲမှာ အမြဲနေထိုင်ရသဖြင့် နေရောင်ခြည်၏ ထိတွေ့မှုက နည်းပါးလှပါသည်။ လေကောင်းလေသန့်လည်း မရပါ။ ထို့ကြောင့် နေရောင်ခံယူခြင်း၊ လေပြေအေးလေးများ ရှူရှိုက်ခြင်းတို့ကို ကြုံလျှင်ကြုံသလို ပြုလုပ်ခြင်း ဖြစ်ပါသည်။ နေ့ဆွမ်းစားသွားလျှင်လည်း ထီးမဆောင်းပါ။ မန်းနွေနေက ပူပြင်းလှသဖြင့် ကျောင်းတိုက်အတွင်း သွားလာရသည့်အခါ ထီးဆောင်းသူက   များပါသည်။ စာရေးသူမှာ အခန်းအောင်းသည်က များသဖြင့် နေဓာတ်လေဓာတ် ထိတွေ့မှုနည်းပါသည်။ ထို့ကြောင့် အပူဒီဂရီမည်မျှပင် မြင့်မားစေကာမူ ဆွမ်းစားကျောင်းသွားလျှင် ထီးယူမသွားခြင်း ဖြစ်ပါသည်။

သဘာဝတရားကိုမြတ်နိုးတတ်သဖြင့် ပင်လယ်ကြီးကိုလည်း ချစ်တတ်ပါသည်။ ငပလီ မောင်းမကန်ရောက်လျှင် ပင်လယ်အလှကို တဝကြီးခံစားတတ်ပါသည်။ တောတောင်ရေမြေ စိမ့်စမ်းမြစ်ချောင်းတွေကိုလည်း ချစ်တတ်ပါသည်။ ထိုနေရာများသို့ရောက်သည့်အခါ လေညှင်းခံလေ့ရှိသလို လေကို တဝကြီး ရှူရှိုက်တတ်ပါသည်။ သဘာဝကိုမြတ်နိုးသဖြင့် သဘာဝအလှတရား ပျက်စီးသွားမည်ကို လွန်စွာပူပန်တတ်ပါသည်။ အိုးဘိုနေရစဉ် သဘာဝတရား၏ အလှအပကို ခံစားခွင့်မရခဲ့သော်လည်း သဘာဝအလှတရား ပျက်ပြားမည်ကို စိုးရိမ်သဖြင့် “ကမ္ဘာကြီးရဲ့ နှလုံးသား”သီချင်းစာသားများ ရေးစပ်ခဲ့ဖူးပါသည်။

“သဘာဝရဲ့ အလှတရားဟာ ကမ္ဘာကြီးရဲ့ နှလုံးသားပါ၊

သဘာဝရဲ့ အလှတရားကို မြတ်နိုးကြ။

ကမ္ဘာကြီးရဲ့ နှလုံးသားကို စာနာကြ”

လူသားတို့သည် လူအများစု၏ အမြင်နှင့်မတူသည့် ထူးခြားသော အမြင်ရှိသူများကို အစွန်းရောက်ဟု သတ်မှတ်တတ်ကြပါသည်။ စာရေးသူ အစွန်းရောက်ပုံကား ရေမြေကို နှမြောခြင်းပင်။ ရေကို လိုအပ်သည်ထက် ပိုမသုံးပါ။ ရေကို တန်ဖိုးထားရကောင်းမှန်း မသိသူများနှင့် တွေ့ကြုံရလျှင် ညည်းညူတတ်ပါသည်။ ရေကန်ပြည့်နေပါလျက် ရေမပိတ်ဘဲ နေစိမ့်ကြသူများ၊ လက်ဆေးကန် ရေဘဲပွင့်နေမှန်း သိပါလျက် မပိတ်ဘဲ နေနိုင်ကြသူများ၊ နေ့ခင်းကြောင်တောင်ကြီး လျှပ်စစ်မီးပွင့်နေလည်း ပိတ်ရကောင်းမှန်း မသိကြသူများ၊ လျှပ်စစ်မီးပန်ကာ လေအေးစက်များကို မပိတ်ဘဲ ပစ္စလက္ခတ်ထားရစ်ကြသူများနှင့် တွေ့ကြုံရလျှင် အင်မတန်စိတ်ညစ်ရပါသည်။ ရေသည် မြေအောက်မှထွက်သည်၊ မီးသည် ခလုပ်ဖွင့်လိုက်လျှင် လင်းသည်၊ ရေနှင့်မီးသည် ပိုက်ဆံပေးဝယ်လျှင် ရရှိသည်၊ ဤမျှသာ သိရှိကြသူများ ဖြစ်ပုံရပါသည်။ ဂေဟစနစ်ကိုလည်း နားလည်ပုံမပေါ်ပါ။ မြေအောက်ရေသုံးစွဲမှုများလျှင် ဘာဖြစ်မည်၊ မိုးခေါင်ရေရှားလျှင် လျှပ်စစ်မီးခဲယဉ်းမည်ဆိုသည်လောက်တော့ သိဖို့ကောင်းလှပါသည်။

စာရေးသူ၏ကျောင်းမှာ ရေသန့်စက်ရှိပါသည်။ ရေသန့်စက်ဖွင့်လျှင် ရေဆိုးတွေထွက်ပါသည်။ ရေဆိုးပိုက်ကို ရေနုတ်မြောင်းထဲ ထည့်ထားပါသည်။ ရေသန့်ချက်ရာတွင် ရေသန့်က အနည်းငယ်သာရရှိပြီး ရေဆိုးက များပြားစွာထွက်ပါသည်။ ထိုရေဆိုးများသည် သောက်၍မရတော့သော်လည်း သုံး၍ရပါသည်။ ပန်းကန်ခွက်ယောက်ဆေးကြောမည်၊ ခြေလက်သန့်စင်မည်၊ သစ်ပင်ရေလောင်းမည်၊ မြေကြီးပေါ်ရေဖြန်းမည်ဆိုလျှင် အသုံးဝင်ပါသည်။ ထို့ကြောင့် စာရေးသူက ရေပိုက်ကို ပုံးကြီးထဲထည့်လျက် ရေခံကာ ကိုယ်တိုင်ရေလောင်းပါသည်။ ကိုယ်တိုင်ရေဖြန်းပါသည်။ လက်ဆေးလျှင်လည်း ထိုရေဖြင့်သာ ဆေးပါသည်။ ဤသို့သော အများထက်ထူးခြားသည့် အတွေးအမြင် အပြုအမူများကြောင့် အစွန်းရောက်အမည်ရသည်လော မပြောတတ်တော့ပါ။

စာရေးသူထက် အစွန်းရောက်သော နိုင်ငံခြားသားများလည်း ရှိပါသည်။ ဧရာဝတီမြစ်ထဲ အမှိုက်တွေ ပစ်ချသည်ကို တွေ့ရသည့်အခါ ၄င်းတို့သည် ကိုယ့်နှာဖူးကိုယ် လက်ဖနောင့်ဖြင့် ရိုက်ကာ စုတ်တစ်သက်သက်နှင့် မျက်နှာပျက်ကြရှာပေသည်။သူတို့နိုင်ငံမှာ ရေချိုရှားသည်။ သည်လိုမြစ်တစ်စင်းရှိလျှင် သူတို့နိုင်ငံ မည်မျှအထိ ချမ်းသာအောင် လုပ်နိုင်သည်ဟု ရင်ဖွင့်ကြသောဟူ၏။

စာရေးသူငယ်စဉ်က စာသင်သားအချင်းချင်းအပေါ် စည်းကမ်းကြီးလေ့ရှိပါသည်။ အထူးသဖြင့် ပစ္စည်းဥစ္စာများ သုံးဆောင်ရာတွင် အလဟဿမဖြစ်အောင် စည်းကမ်းသတ်မှတ်တတ်ပါသည်။ ဆွမ်းချက်လျှင် အတိုင်းအဆနှင့် ချက်ရမည်၊ စားနိုင်သလောက်သာ ချက်ရမည်၊ ချက်ပြီးလျှင် ကုန်အောင်စားရမည်၊ မကုန်နိုင်မခမ်းနိုင် မချက်ရဟူ၍ ဖြစ်ပါသည်။ ဆွမ်းတွေပုံးပေါလအောပိုနေသည်ကို မကြာခဏတွေ့မြင်နေရသောကြောင့် ထိုသို့သတ်မှတ်ခြင်း ဖြစ်ပါသည်။ စာရေးသူကိုယ်တိုင်လည်း အနည်းအကျဉ်းပိုလျှံနေသဖြင့် သွန်ပစ်ရတော့မည့် အခြေအနေမျိုးဆိုလျှင် ဗိုက်ဝနေပြီဖြစ်သော်လည်း ကုန်အောင်စားပစ်တတ်ပါသည်။ သွန်ပစ်ရမည်ကို နှမြောသောကြောင့် ဖြစ်ပါသည်။ စာသင်သားအများစုက ဆွမ်းတစ်လုတ်တန်ဖိုးကို နားမလည်ကြပါ။ ဒကာ ဒကာမတွေ လှူထားသည့်ဆွမ်းကို တန်ဖိုးထားရကောင်းမှန်း မသိပါ။ စာရေးသူကား ဆွမ်းတစ်လုံးကိုလည်း တန်ဖိုးထားတတ်ပါသည်။ ဆန်တစ်စေ့ကိုလည်း တန်ဖိုးထားတတ်ပါသည်။ “မင်းတို့နော – ဒကာ ဒကာမတွေက ချွေးနည်းစာလေးတွေ လှူထားတာ၊ တန်ဖိုးထားကြ၊ အလဟဿမဖြစ်စေနဲ့”ဟု မကြာခဏ သြဝါဒပေးလေ့ရှိပါသည်။ တစ်ခါသော် စာရေးသူ နာယကလောင်းဘဝနှင့် တစ်ဖက်တစ်လှမ်းမှ စာပြန်ချနေစဉ် တပည့်ငယ်သုံးပါး ဆွမ်းစားဖို့ချက်ပါသည်။ ဇလုံကြီးနှင့် ထည့်စားနေသည်ကို တွေ့ရပါသည်။ သုံးပုံနှစ်ပုံခန့်သာ စားနိုင်ပါသည်။ တစ်ပုံကျော်ကျန်နေပါသည်။ စာရေးသူက သူတို့နားသွားထိုင်ကာ “ကုန်အောင်စား၊ မကုန်မချင်း မထနဲ့”ဟု အမိန့်ပေးကာ ထိုင်စောင့်နေပါသည်။ တပည့်လေးများ မျက်နှာပျက်နေပါသည်။ ဖြစ်ညှစ်စားနေရရှာပါသည်။ ဟင်းကောင်းသဖြင့် စားကောင်းသော်လည်း လောဘတကြီးချက်ထားသဖြင့် ဗိုက်မဆန့်အောင် ပိုလျှံနေခြင်း ဖြစ်ပါသည်။ ထမင်းခဲသုံးလေးတုံး ကျန်သည့်အခါ စာရေးသူက သြဝါဒအရှည်ကြီး ပေးပါသည်။ ဗိုက်လေးနေချိန်မှာ မကြားချင်သည့်စကား ကြားနေရသော်လည်း တပည့်လေးများသည် ကိုယ့်အပြစ်နှင့်ကိုယ်ဖြစ်နေသဖြင့် ကြိတ်မှိတ်၍ နားထောင်နေရှာပေသည်။ နောင်အခါ ဆွမ်းချက်မည့်နေ့ဆိုလျှင် သူတို့အချင်းချင်း ‘ဘယ်နှစ်ပါးစာလဲ’  ‘ဘယ်နှစ်ဘူးဆိုလောက်မလဲ’  ‘တော်ရောပေါ့ ဒီလောက်ဆို’  ‘မဝသူတော့ မရှိစေချင်ဘူး’ဟု ပြောဆိုသံကြားရတတ်ပါသည်။ သြဝါဒကိုကြောက်၍လော၊ မကုန်မထကြေး စားရမည်ကို ကြောက်၍လော၊ နှစ်ခုစလုံးကိုကြောက်၍လော မပြောသာသော်လည်း ဆွမ်းပစ္စည်းကို တန်ဖိုးထားတတ်သွားလိမ့်မည်ဟု ယူဆမိပါသည်။

စာရေးသူတည်းခိုသောကျောင်း၌ ခွေးမရှိပါ။ ကပ္ပိယစားပြီးလျှင် တစ်ပုံကြီးကျန်နေသည့် ထမင်းဟင်းများ အမြဲသွန်ပစ်နေရပါသည်။ အတိုင်းအတာနှင့်ကပ်ဖို့ နှစ်ဦးစာသာ ချက်ဖို့ ပြောသော်လည်း မရပါ။ နယ်ခံများက သဒ္ဓါအားကောင်းပါသည်။ အမြင်မလှမှာစိုးသောကြောင့်ဟု လျှောက်ထားကာ ချိုင့်ကြီးချိုင့်ငယ်နှင့် ပို့လှူကြပါတော့သည်။ စာရေးသူမှာ ကျွေးစရာခွေးလည်းမရှိ၊ ငှက်တွေကျွေးသော်လည်း ငှက်က ဟင်းမစား၊ ထမင်းတွေကလည်း တောင်ပုံယာပုံ ငှက်တွေပင် ကုန်အောင်မစားနိုင်ကြပါ။ ထိုအရာမြင်တိုင်း နှမြောတသဖြစ်နေမိပေသည်။

ဆွမ်းစားပြီးသည့်အခါ ဆွမ်းပန်းကန် ဟင်းပန်းကန်များမှ အဆီအနှစ်များကို ထမင်းဖြင့် လူးကာ ခွေး ကြောင် ကျွေးလေ့ရှိပါသည်။ ပန်းကန်များလည်း ဆေးကြောရလွယ်ကူခြင်း၊ ခွေးလေးကြောင်လေးများလည်း ဟင်းအနံ့ဖြင့် ထမင်းစားတတ်သွားခြင်း အကျိုးရှိပါသည်။ ယခုထက်တိုင် လူးနယ်ကျွေးမွေးနေဆဲ ဖြစ်ပါသည်။ အချို့ကမူ ကပ်စေးနှဲသည်ဟု ထင်မြင်ကြသလို အချို့ကမူ မလူးကောင်း မနယ်ကောင်းဟု ယူဆနေကြပါသည်။ ကပ်စေးနှဲသည် မနှဲသည် လူးကောင်းသည် မလူးကောင်းသည်ကို အသာထားလိုက်ပါ။ လက်တွေ့အနေဖြင့် ဆေးကြော၍လွယ်ကူခြင်း အလဟဿမဖြစ်ခြင်း အကျိုးတရားများ ရရှိသည်မှာ အမှန်ပင်။

သင်္ကန်းတန်းမှာလှန်းထားသည့် ရေလဲသင်းပိုင်ပျောက်နေလျှင် အပူတပြင်း လိုက်ရှာတတ်ပါသည်။ မည်သူနှင့်မှားတတ်သနည်း၊ မည်သူက ဤကဲ့သို့ဝတ်လေ့ရှိသနည်း စုံစမ်းရသလို မြင်သူတိုင်းအားလည်း မေးမြန်းတတ်ပါသည်။ ရေလဲသင်းပိုင်တစ်ထည်ကား တန်ဖိုးမကြီးမားပါ။ သို့သော် သုံးစွဲ၍ရနေသေးပါလျက် အသစ်တစ်ထည် ထပ်မထုတ်နိုင်ပါ။ လုံးဝ ဝတ်၍မဖြစ်တော့သည့် အဆင့်မှသာ အသစ်လဲ၍ ဝတ်တတ်ပါသည်။ စာရေးသူ၏ တပည့်များကား ထိုသို့မဟုတ်ပါ။ သင်္ကန်းအကောင်းစားကြီးများ လျှော်ဖွပ်လှန်းထားပြီးသော်လည်း ပြန်မရုပ်ကြပါ။ မိုးရွာနေပူ သင်္ကန်းများ ပုံနေပါသည်။ အမြင်မတော်သည့်တပည့်များက လာလျှောက်လျှင် “ခေါက်သိမ်းထုပ်ပိုးပေးထားကွာ၊ လိုအပ်သည့်နေရာ သွားလှူကြမယ်ကွာ”ဟု ပြောလေ့ရှိပါသည်။ အဆိုပါသင်္ကန်းထုပ်ကြီးမျိုး နှစ်စဉ်ရရှိတတ်ပါသည်။ ပရဟိတ ဘကကျောင်းများသို့ ပေးပို့လှူဒါန်းဖြစ်ပါသည်။

သွားတိုက်ဆေးကိုလည်း ဘူးထဲမှ လုံးဝမထွက်တော့သညအဆင့်ထိ ညှစ်ယူတတ်ပါသည်။ ဘူးထိပ်ပိုင်းမှာ ကုန်သွားရုံမျှဖြင့် လွှင့်မပစ်ပါ။ အောက်ခြေမှတစ်ဆင့် ထိပ်ပိုင်းအထိ အစအဆုံး ပြန်ညှစ်၍ သုံးစွဲပါသည်။ လေးငါးရက်စာတော့ ရတတ်ပါသည်။ ထိပ်ပိုင်းမှ လုံးဝ ညှစ်၍မရတော့လျှင် ခေါင်းကိုဖြုတ်၍ ကြည့်ပါသည်။ ခေါင်းဖြုတ်၍ကြည့်လိုက်လျှင် လေးငါးရက်စာ အကပ်အသတ်လေးများ ကျန်နေသေးသည်ကို တွေ့ရပါသည်။ ၎င်းကို သွားတိုက်တံခေါင်းဖြင့် ခြစ်ယူသုံးစွဲပါသည်။ အဆိုပါအကပ်အသတ်လေးများ ကုန်ခမ်းသွားမှသာ ဘူးခွံကို စွန့်ပစ်တတ်ပါသည်။ ဘူးခွံကို အဆုံးထိပြန်ညှစ်၍ယူခြင်း ဘူးခေါင်းကိုဖြုတ်၍ယူခြင်းတို့မှ ရရှိအပ်သော ဆယ်ရက်စာသွားတိုက်ဆေးသည် ဈေးနှုန်းအနေဖြင့် တန်ဖိုးမကြီးများလှပါ။ “ဒါလေးလွှင့်ပစ်တာများ မွဲသွားမှာကျလို့”ဟုလည်း ကဲ့ရဲ့နိုင်ပါသည်။ တန်ဖိုးအနေဖြင့်ကား ဆယ်ခါတိုက်လျှင် ဆယ်ခါသန့်ရှင်းခြင်းအကျိုး ရှိပါသည်။ အလဟဿမဖြစ်တော့ပါ။ အရာရာကို တန်ဖိုးထားတတ်သွားကာ တန်ဖိုးရှိရှိ အသုံးချနေထိုင်တတ်ခြင်းအကျိုးတရားကိုကား မည်သူမျှ တန်ဖိုးမဖြတ်နိုင်တော့ပါပေ။

ထိုနည်းတူစွာ တစ်ရှူးသုံးလျှင်လည်း လုံးဝ သုံးမရသည့်အဆင့်ရောက်မှ စွန့်ပစ်ပါသည်။ အတန်အသင့်သုံးစွဲပြီးရုံမျှဖြင့် မစွန့်ပစ်သေးပါ။ ဥပမာ- နှုတ်ခမ်းအဆီနှင့် နှာခေါင်းအဆီများ သုတ်သည့်တစ်ရှူးများကို လုံးချေထားပါသည်။ ၎င်းတို့ လေးငါးခုဖြစ်သွားသည့်အခါ စားပွဲပေါ်ခင်းထားသည့် မှန်သားပြင်ကို သုတ်ပစ်ပါသည်။ စားပွဲသန့်ရှင်းပြီးသားဖြစ်သွားပါသည်။ တစ်ခုစ နှစ်ခုစဆိုလျှင် စာအုပ်အနှောင့်များသုတ်ခြင်း၊ ကွန်ပျူတာလက်ကွက်ခုံကိုသုတ်ခြင်း၊ ထိုင်ခုံနောက်မှီကိုသုတ်ခြင်း စသည့် ဖုန်သုတ်သည့်နေရာမှာ သုံးစွဲပါသည်။ နှပ်ညှစ်ခြင်း၊ နှာခေါင်းအတွင်းပိုင်း သန့်ရှင်းခြင်း စသည့်အခါမျိုးမှာလည်း တစ်ရှူးစတစ်ခုလုံး ကုန်စင်အောင် သုံးစွဲပြီးမှ စွန့်ပစ်တတ်ပါသည်။ စားပွဲခုံပေါ်မှာ လုံးချေထားသည့်တစ်ရှူးများတွေ့လျှင် တပည့်များ ကျောင်းသားများက ထွေးခံထဲ ထည့်ပစ်တတ်ပါသည်။ သူတို့ဝေယျာဝစ္စကုသိုလ်ယူခြင်းဖြစ်၍ မတားမြစ်ခဲ့ပါ။ စာရေးသူအနေဖြင့်မူ ခန္ဓာကိုယ်မှစွန့်သော အညစ်အကြေးများကဲ့သို့ မည်သို့မျှ ထား၍ သုံး၍ မရတော့သည့်အဆင့်သို့ရောက်မှသာ အမှိုက်ပုံးထဲ ထွေးခံထဲ စွန့်ပစ်လေ့ရှိပါသည်။

စာရေးသူ ရန်ကုန်ရောက်သည့်အခါ မယ်တော်ကြီးတစ်ပါးအိမ်မှာ တည်းပါသည်။ အိမ်ရောက်သည့်အခါတိုငး သစ်ပစ်ရေလောင်းပါသည်။ သစ်ပစ်များခြောက်သွေ့နေလျှင် မကြည့်ရက်ပါ။ အာဟာရချို့တဲ့သဖြင့် အရေအဆင်းခြောက်ကပ်နေသူများကို တွေ့ရလျှင် သနားမိတတ်သလို သစ်ပင်များ ရေမလောင်းရသဖြင့် ခြောက်သွေ့ညှိုးနွမ်းနေလျှင် သနားနေတတ်ပါသည်။ ရက်ရှည်လများနေထိုင်ရသည့်အခါမျိုး၌ တပည့်ကျောင်းသားကြီးများကို သစ်ပင်ရေလောင်းခိုင်းပါသည်။ စာရေးသူကိုယ်တိုင်လည်း ကူ၍လောင်းပါသည်။ စာရေးသူယာယီသီတင်းသုံးရာ ကျန်းမာချမ်းသာတရားရိပ်သာကား ဧကပေါင်းများစွာ ကျယ်ဝန်းလှပါသည်။ သီးပင်စားပင်တွေကလည်း ပေါများလှပါသည်။ သစ်ပင်များသည် မိုးအခါမှာသာ ရေသောက်ရပြီး ကျန်ကာလများမှာ ရေမသောက်ရသဖြင့် ညှိုးငယ်ခြောက်သွေ့နေပါသည်။ ဒုဗ္ဘိက္ခန္တရကပ် (အငတ်ဘေး)ဆိုက်ရာဒေသရှိ ထမင်းမစားရသည့် ကလေးငယ်များလိုပင် အာဟာရချို့တဲ့ကာ ရပ်တည်ဖို့ပင် မလွယ်ကူပါ။ သီးရေးပွင့်ရေးကား ဝေလာမှဝေးပင်။ စာရေးသူက တောင်ကျရေကန်ထဲ ရေမြှုပ်မော်တာတပ်ဆင်သည်။ ရေပိုက်တွေ သွယ်သည်။ ရေသွားမြောင်းငယ်လေးများ ဖောက်သည်။ ရေလောင်းသည်။ ပိုက်ကလေးချထားလိုက် ပရိတ်ရွတ်လိုက်၊နောက်တစ်နေရာ ရွှေ့ချလိုက် ဂုဏ်တော်ပွားလိုက်၊ အခြားနေရာပြောင်းလိုက် စာကျက်လိုက်ဖြင့် ခြံလုပ်သား ဥယျာဉ်မှူးကြီး ဖြစ်မှန်းမသိ ဖြစ်သွားခဲ့ပေသည်။ အအေးပိုင်းဒေသဖြစ်၍ အေးချမ်းသည်။ သစ်ပင်တောတောင် စိမ့်စမ်းအင်းအိုင် သဘာဝအလှတွေ ပေါများသဖြင့် သာယာသည်။ ထိုသို့ အေးချမ်းသာယာလှသော်လည်း သစ်ပင်များ ရေဓာတ်မရသဖြင့် မစိုပြေကြပါ။ အပင်ကြီးများထိပ်ဖျားကြည့်လျှင် စိမ်းလန်းသော်လည်း အပင်ခြေကြည့်လျှင် ခြောက်သွေ့နေပါသည်။ စိမ်းလန်းသော်လည်း မစိုပြေသည့်သဘာဝပင်။ လူ့ပတ်ဝန်းကျင်တစ်ခု၌ အေးချမ်းသာယာရေးသည် မရှိမဖြစ် လိုအပ်သကဲ့သို့ စိမ်းလန်းစိုပြေရေးသည်လည်း လွန်စွာအရေးကြီးပါသည်။ အေးချမ်းသာယာသော်လည်း မစိမ်းလန်း မစိုးပြေလျှင် မပြည့်စုံသေးပါ။ စိမ်းလန်းသော်လည်း မစိုပြေလျှင် တစ်ခုခုလိုနေသလို ခံစားရတတ်ပါသည်။ ယခုအခါ ဆောင်းရော နွေပါ ရေသောက်ရသဖြင့် စိမ်းလည်းစိမ်းလန်း စိုလည်းစိုပြေ အသီးအပွင့် အခက်အရွက်များ ဖွံ့ထွားဝေစည်လျက် အေးချမ်းသာယာ စိမ်းလန်းစိုပြေ၍ နေပေတော့၏။ စိတ်ချမ်းသာစရာပင်။ ငှက်ပျောသီးများလည်း စား၍မနိုင်လောက်အောင် လှိုင်လှိုင်သီးနေတော့၏။ ရေလောင်းခြင်း၏ အကျိုးပင်။

စာရေးသူက မျက်စဉ်းဖော်ပါသည်။ ဆေးကြိုပြီး၍ မျက်စဉ်းအောင်သွားပြီဆိုလျှင် အလွန်တရာ တန်ဖိုးထားပါသည်။ မျက်စဉ်းတစ်စက်ဆိုလျှင် မျက်လုံးတစ်ဖက်ကု၍ ရပါသည်။ ထို့ကြောင့် မျက်စဉ်းအနည်းငယ် ဖိတ်စင်သွားသည်မျိုး ကြုံရလျှင် စုတ်တစ်သပ်သပ်နှင့် နှမြောနေတတ်ပါသည်။ မျက်စဉ်းတန်ဖိုးကား မပြောပလောက်ပါ။ မန်းကျည်းသီးမှည့်နှင့် မိုးရေဖြင့်သာ ဖော်စပ်ထားခြင်း ဖြစ်ပါသည်။ နှစ်မျိုးစလုံး ငွေပေးစရာမလိုပါ။ အလကားရနိုင်ပါသည်။ ကြိုချက်ပြီးသား မျက်စဉ်းတစ်ဘူးဝယ်လျှင်လည်း ငွေကြေးမများလှပါ။ မျက်စဉ်းတစ်ဘူး၏ ဈေးနှုန်းကို တန်ဖိုးဟု ထင်နေကြပါသည်။ ထိုအရာသည် တန်ဖိုးမဟုတ်ပါ။ တန်ဖိုးဆိုသည်မှာ အသုံးဝင်ခြင်း အသုံးတည့်ခြင်း အကျိုးရှိခြင်း အကျိုးထူးခြင်း အကျိုးကြီးခြင်းပင် ဖြစ်ပါသည်။ မျက်စဉ်းတစ်ဘူးဆိုလျှင် မျက်လုံးတစ်စုံ ကောင်းကောင်းကျန်းမာနိုင်ပါသည်။ မျက်လုံးကျန်းမာရေးကို အကျိုးပြုခြင်းကိစ္စသည်သာလျှင် မျက်စဉ်းတန်ဖိုးဖြစ်ပါသည်။ မျက်စဉ်းရောင်းဈေးငွေကြေးက တစ်ဖိုးမဟုတ်ပါ။

လူသားတိုင်း သဘာဝ၏တန်ဖိုးကို နားလည်ဖို့ လိုပါသည်။ လူသားတိုင်း သဘာဝကို တန်ဖိုးထားတတ်ဖို့ လိုပါသည်။

 ရေတန်ဖိုးကို နားလည်ပါ။

ရေကို တန်ဖိုးထားတတ်ပါစေ။

 မြေတန်ဖိုးကို နားလည်ပါ။

မြေကို တန်ဖိုးထားတတ်ပါစေ။

 လေတန်ဖိုးကို နားလည်ပါ။

 လေကို တန်ဖိုးထားတတ်ပါစေ။

ထို့အတူပင် နေ လ ကမ္ဘာကြီး၏ တန်ဖိုးကို နားလည်ပါ။

 နေ လ ကမ္ဘာကြီးကို တန်ဖိုးထားတတ်ပါစေဟူ၍သာ

 “သဘာဝတန်ဖိုး” ပြီးပါပြီ။

ဝီရသူ(မစိုးရိမ်)

11.7.2020