သင်္ကန်းဖြူကို ဝတ်ဆင်ခဲ့ရပြီး ဆယ်လနဲ့ ရက်နှစ်ဆယ်ပြည့်တဲ့နေ့
ဆယ်လအတွင်းမှာ ဘုရားစေတီတွေကို အဝေးကပဲ ဖူးမြှော်ခဲ့ရသူ။
နရသိန်ထဲက ဘုရားတော့ ဖူးရမှာပေါ့။
အပြင်ကမ္ဘာက ဘုရားတွေကိုတော့ အချုပ်ကားကြီးစီးပြီး ရုံးထုတ်တုန်းက ကားပေါ်ကနေ ခဏတာ ဖူးမြင်ခဲ့ရသူ။
ကိုဗစ် ၁၉ ရောဂါကူးစက်ခံရတော့ ကျောက်တော်ကြီးဘုရားနားက သာသနာ့ဗိမ္မာန် ကိုဗစ်စင်တာမှာ သီတင်းသုံးရပြီး ပြန်မကြွခင် ကျောက်တော်ကြီးဘုရားကို တက်ရောက်ဖူးမြှော်ခွင့်ရခဲ့သူ။
ဆေးရုံတက်နေရတဲ့အချိန်မှာလည်း ကိုဗစ်တတိယလှိုင်းဂယက်ကြောင့် ဘယ်မှမသွားရသလို၊ ဘယ်သူနဲ့မှမတွေ့ရသူ။
အခုတော့ အပြင်ကမ္ဘာကို ခဏရောက်လာပြန်ပြီ။
မြင့်မြတ်တဲ့ အရဟတ္တဓဇမြတ်သင်္ကန်းကို ဆင်မြန်းဖို့ အပြင်ကမ္ဘာကို ခဏရောက်ရတာပါ။
အပြင်ကမ္ဘာကိုရောက်တုန်း မဟာဝိဇယစေတီတော်ကြီးကို ရဟန္တာမဟာသိမ်တော်ကြီးကနေ လှမ်းကြည့်ရင်း မြတ်ဘုရားရဲ့ ဂုဏ်တော်တွေကိုရည်မှန်းပြီး ရှိခိုးဦးတင်နေလေရဲ့။
နာမည်က ကြီးမားကျယ်ပြောတဲ့ ကမ္ဘာကြီးအထိ ကျော်သော်လည်း ဘဝခန္ဓာကတော့ ကျဉ်းမြောင်းကျပ်တည်းတဲ့ နရသိန်ကိုရောက်လိုက်၊ ကျောင်းသင်္ခမ်းမှာ သီတင်းသုံးရမယ့်အစား ကျန်းမာရေးကြောင့် ဆေးရုံအခန်းကျဉ်းကလေးထဲမှာ နေ့တွေညတွေကို ဖြတ်သန်းနေရလိုက်နဲ့ အကြွေးရှိသမျှ ဆပ်နေရသူ။
ရှေးဘဝကံဟောင်း အကြောင်းမလှရင် ဘုရားရှင်တောင် ကံကြွေးဆပ်ရတာမို့ တို့ဆရာတော်သည်လည်း ကံကြွေးတွေ အမြန်ကုန်ပါစေတော့ရယ်လို့ ဘေးနားကရပ်ရင်း ကိုယ်လည်း ဆုတောင်းမိခဲ့တယ်။
ဖိုးလောင်းတူး(ဥပဒေ)