တရားမဲ့ကမ္ဘာ (၁)
“ လူသတ်ဘုရင်နဲ့ ဘုရားရှင် ´´
~~~~~~~~~~~~~~~~~~
အဇာတသတ်ကို လူတိုင်းနီးပါးသိကြပါတယ်။ လူဆိုးဘုရင်ကြီးပေါ့။ အခုခေတ်အလို မင်းဆိုးမင်းညစ်ကြီးလို့ ခေါ်ရင်လည်း ခေါ်နိုင်ပါတယ်။ အာဏာရဖို့အတွက် ဘာမဆိုလုပ်ရဲတယ်ဆိုတဲ့ လူစားမျိုးထဲက တစ်ယောက်ပါ။
အာဏာရဖို့အတွက် ဆရာဒေဝဒတ်နဲ့ပေါင်းခဲ့တာ။ ဖခင်ကိုလုပ်ကြံပြီး နန်းချဖို့အားထုတ်တာ။ နန်းရပြန်တော့လည်း ဖခင်ကိုထောင်သွင်းအကျဉ်းချတာ၊ အစာအာဟာရဖြတ်တောက်တာ၊ စင်္ကြံမလျှောက်နိုင်အောင် ခြေဖဝါးကိုဓားနဲ့ခွဲပြီး ရှားမီးကင်တာတွေနဲ့ ဖခင်ဖြစ်သူ အရိယာသောတာပန်ကြီးကို သွေးအေးအေးနဲ့ ရက်ရက်စက်စက် ညှဉ်းဆဲသတ်ဖြတ်ခဲ့တာတွေဟာ အဇာတသတ်မင်းရဲ့ ရာဇဝင်တွင်တဲ့သမိုင်းဆိုးကြီးပေါ့။ ဒါဟာ လူအများသိထားတဲ့ ဆိုးသွမ်းမှုသာဖြစ်ပါတယ်။
လူအများမသိကြသေးတဲ့ ဆိုးသွမ်းမှုကတော့ ဘုရားကိုလုပ်ကြံဖို့အတွက် ဆရာဒေဝဒတ်ကို အကူအညီပေးခဲ့တာတွေပါ။ ကြေးစားလူသတ်သမားတွေငှားပေးတာ၊ နာဠာဂီရိဆင်ကိုအသုံးပြုဖို့ ခွင့်ပြုခဲ့တာ၊ ကျောက်မောင်းဆင်ရာမှာ လက်နက်ကိရိယာတွေထုတ်ပေးခဲ့တာတွေပါပဲ။ ဒေဝဒတ်ရဲ့ ကြံရာပါ ဒါမှမဟုတ် အကြမ်းဖက်ထောက်ပံ့ လူမိုက်အားပေးဘုရင်ကြီးပေါ့။
လူသားတွေသေဆုံးတဲ့အခါ အလိုအလျောက်(အော်တိုမစ်တစ်)ငရဲကျမဲ့ အပြစ်ခြောက်မျိုးရှိပါတယ်။
– မာတုဃာတက(အမေအရင်းကိုသတ်တဲ့ကံ)၊
– ပိတုဃာတက(အဖေအရင်းကိုသတ်တဲ့ကံ)၊
– အရဟန္တဃာတက(ရဟန္တာကိုသတ်တဲ့ကံ)၊
– လောဟိတုပ်ပါဒက(ဘုရားကိုသွေးစိမ်းတည်၊ သွေးခြည်ဥအောင်လုပ်တဲ့ကံ)၊
– သံဃဘေဒက(သံဃာကိုသင်းခွဲတဲ့ကံ)နဲ့
– နိယတမိစ္ဆာဒိဋ္ဌိ(ကံ၊ ကံ၏အကျိုးကိုပယ်တဲ့ အယူမှားမှု)တွေပါပဲ။
အပေါ်ကငါးမျိုးကို အာနန္တရိယကံငါးပါးလို့ခေါ်ပါတယ်။ သေသည်၏ အခြားမဲ့၌ သေချာပေါက် ငရဲကျအောင်ချပေးမဲ့ ကံငါးပါးလို့ အဓိပ္ပါယ်ရပါတယ်။
အဇာတသတ်ဟာ ကြီးလေးတဲ့ကံကြီးငါးပါးထဲက အဖေသတ်တဲ့ကံကို တိုက်ရိုက်ကျူးလွန်ခဲ့သလို ဘုရားရှင်ရဲ့ ခြေထောက်တော်သွေးခြည်ဥအောင် လုပ်ကြံရာမှာလည်း ကြံရာပါအဖြစ် ပါဝင်ခဲ့ပါတယ်။ အမေကိုတိုက်ရိုက်မသတ်ခဲ့ပေမဲ့ အဖေ့စိတ်နဲ့ အမေသေရတာဖြစ်လို့ အဇာတသတ် ပယောဂ မကင်းခဲ့ပါဘူး။
ဒေဝဒတ်ကိုသာ ကိုးကွယ်ခဲ့တဲ့ အဇာတသတ်ဟာ ဒေဝဒတ်မြေမျိုအပြီးမှာ တော်တော်တုန်လှုပ်သွားပါတယ်။ ငါ့အလှည့်ဘယ်တော့လဲဆိုတာမျိုး တွေးမိသွားသလိုပေါ့။ နန်းတွင်းမှာရှိတဲ့ မင်းတိုင်ပင်အမတ်ကြီးတွေကိုကြည့်လိုက်ပြန်တော့လည်း တိတ္ထိဆရာကြီးတွေရဲ့ ဂိုဏ်းသားတွေပဲဖြစ်နေကြပါတယ်။ လူမိုက်ကိုဆရာတင်၊ လူမိုက်တွေကို အခြံအရံထား၊ ကိုယ်တိုင်လည်း မိုက်မဲခဲ့တဲ့ လူမိုက်ဘုရင်ကြီးရဲ့အနားမှာ လူကောင်းဆိုလို့ ဆရာဇီဝကတစ်ပါးပဲရှိခဲ့တာပါ။
ကျူးလွန်ခဲ့တဲ့ အကုသိုလ်တွေက ကြီးမားလွန်းတော့ နောက်ဘဝအထိ မစောင့်တော့ဘဲ လက်ရှိဘဝမှာတင် ငရဲကျခဲ့တာပါ။ အိပ်ရာပေါ် ကျောဆန့်ရင် ကျောကိုလှံတစ်ရာနဲ့ ထိုးသလို၊ စောင်းလျက်အိပ်ရင် နံရိုးကို လှံတစ်ရာနဲ့ထိုးသလို၊ မျက်စိမှိတ်လိုက်ရင် မျက်လုံးကို အပ်တွေနဲ့ ဝိုင်းထိုးသလို ခံရပြီး အလွန်နာကျင်ခဲ့ပါတယ်။ နေ့နေ့ညည အိပ်မရလို့ နန်းတော်ကြီးပေါ်မှာ စည်းစိမ်မခံစားနိုင်တော့ဘဲ အရှင်လတ်လတ် ငရဲကျသလိုခံစားနေရပါတော့တယ်။ အဲဒါကိုပဲ လောကငရဲလို့ ခေါ်တာပါ။
ကံကြီးထိုက်တဲ့ ကံနာဖြစ်တာကြောင့် ဆရာဇီဝကလည်း ဘာမှမတတ်နိုင်ရှာပါဘူး။ အဇာတသတ်ကိုယ်တိုင်လည်း ဘုရားမှတစ်ပါး သူ့ကိုကယ်မဲ့သူ မရှိနိုင်ဘူးလို့ ယုံကြည်ထားတာပါ။ ဒါနဲ့ပဲ ဘုရားထံမှောက် ရောက်ရှိခဲ့ရတော့တာပါ။
အဇာတသတ် ဘုရားထံမှောက် ရောက်ရှိချိန်ဟာ တန်ဆောင်မုန်းလပြည့်ည ညဦးပိုင်းဖြစ်ပါတယ်။ ဘုရားရှင်က သံဃာတွေကို သြဝါဒပေးနေချိန်ဖြစ်ပါတယ်။ အဇာတသတ်လည်း ရောက်လာရော မြတ်စွာဘုရားက “ မဟာရာဇ – မြတ်သောမင်းကြီး၊ အာဂစ္ဆာဟိ – လာပါ(ကြွပါ) ´´လို့ တလေးတစား နေရာပေးပါတယ်။ အဇာတသတ်ဟာ ဉာဏ်ရည်မြင့်တဲ့ ပါရမီရှင်ကြီးပါ။ ဘုရင်ကမေး၊ ဘုရားကဖြေနဲ့ ညလုံးပေါက် တရားပွဲလေးဖြစ်သွားခဲ့ရပြီး အဇာတသတ် ကျွတ်တမ်းဝင်သွားခဲ့ပါတယ်။ အဲဒီတရားကို သာမညဖလသုတ္တန်(ရဟန်းဝတ်ရခြင်း အကျိုးကျေးဇူး)လို့ခေါ်ပါတယ်။
တရားနာအပြီးမှာတော့ အဇာတသတ်က ဘုရားရှင်ကို ပြန်ပြီးတောင်းပန်ခဲ့ပါတယ်။ ဘုရားရှင်ကို လုပ်ကြံတုန်းက ကြံရာပါဖြစ်ခဲ့သူ၊ ဘုရားတပည့် အရိယာသာဝကကြီးဖြစ်တဲ့ သောတာပန်ဖခင်ကြီးကို သတ်ဖြတ်ခဲ့သူဖြစ်လေတော့ ဘုရားသာသနာကို တိုက်ရိုက်စော်ကားခဲ့တဲ့ အပြစ်တွေကို ဝန်ခံတောင်းပန်သွားတာပဲ ဖြစ်ပါတယ်။
တရားပွဲအပြန်ကစပြီး အဇာတသတ်ဟာ လောကငရဲက လွတ်မြောက်သွားပါတော့တယ်။ နှစ်နှစ်ခြိုက်ခြိုက် အိပ်နိုင်သွားပါတယ်။ ဘုရားရှင်ကို အသည်းစွဲ ကြည်ညိုသွားပါတော့တယ်။
အာဏာသိမ်းဘုရင်၊ အာဏာလုလူမိုက်၊ လူသတ်သမား၊ အရိယာကို ပြစ်မှားသူ၊ ဖခင်အရင်းကို သတ်ခဲ့သူ၊ ဘုရားကိုလုပ်ကြံသူ၊ အဲဒီလူမိုက်ကြီးကို ဘုရားရှင်က မဟာရာဇလို့ တမြတ်တနိုးခေါ်တယ်နော်။ အာဂစ္ဆာဟိ – လာပါ၊ ကြွပါလို့ အလေးထားပြီး နေရာပေးတယ်နော်။
တကယ်ဆို ဒီလောက်ဆိုးသွမ်းမိုက်မဲတဲ့ မင်းဆိုးမင်းညစ်ကြီးကို ခေတ်စကားနဲ့ပြောရရင် –
“ မင်း… ငါ့ကျောင်းနဲ့ တန်ရဲ့လား ´´ တို့၊
“ ကျောင်းရိပ်ကို မနင်းနဲ့ ´´တို့၊
“ မင်း…တက်တာနဲ့စာရင် ခွေးတက်တာကမှ ကျက်သရေရှိသေးတယ် ´´ တို့ ဆိုတာမျိုးတွေ ပြောသင့်တာပေါ့နော်။
ဒါပေမဲ့ မပြောဘူးဗျ။ ဘာကြောင့်လဲ။ သူဟာ လက်ရှိ အာဏာပိုင်လေ။ သူဘယ်လိုပဲ နန်းတက်၊ နန်းတက်၊ သူဟာ ရေမြေ့ရှင်ဘုရင်တစ်ပါး မဟုတ်လား။
– ဘုရားရှင်မှာ လူဆိုးလူမိုက်နဲ့ စကားပြောခွင့် မရှိရဘူးလား။
– ဘုရားရှင်က လူဆိုးလူမိုက်ကို ဧည့်မခံရဘူးလား။
– ဘုရားရှင်က လူဆိုးလူမိုက်ကို တရားမဟောရဘူးလား။
– ဘုရားရှင်ရဲ့အလုပ်က လူဆိုးလူမိုက်ကို
ချေချွတ်ရမဲ့ အလုပ်မဟုတ်ဘူးလား။
ဒါမှမဟုတ် လူဆိုးလူမိုက်တွေကို ဘုရားရှင်က အဖက်မလုပ်ဘဲ ပစ်ထားရမှာလား။
ဒီကနေ့ခေတ် ရွှေမြန်မာတွေ သိစေနိုင်ဖို့ပါ။
(အဇာတသတ်ရဲ့ ကျေးဇူးဆပ်တရားတွေကို ဆက်လက်ရေးသားပါဦးမယ်)
အရှင်ဝီရသူ
၇-၁၀-၂၀၂၁