ဆောင်းပါး

ကမ္ဘာကျော်ဆရာတော်၏ ကမ္ဘာမကျော်သော အတွေးအခေါ်များ (၃၄)

ကမ္ဘာကျော်ဆရာတော်၏ ကမ္ဘာမကျော်သော အတွေးအခေါ်များ (၃၄)

 “ကမ္ဘာကျော် ကပ်္ပိယများ”

ကပ္ပိယဟူသော ဝေါဟာရကို လူတိုင်းကြားဖူးကြပေသည်။ ဘုန်းတော်ကြီးများ၏ သက်တော်စောင့်၊ အပါးတော်မြဲ၊ နောက်လိုက်တပည့်၊ အနားမှာအမြဲနေထိုင်သူဟု အများစုက ထင်မြင်နေကြ၏။ အမှန်စင်စစ်ကား ထိုသို့မဟုတ်ပါ။ အပ်စပ်အောင် ဆောင်ရွက်ပေးသူဟု အဓိပ္ပါယ်ရပါသည်။ မှန်ပါသည်။  ကပ္ပိယဟူသည် ရဟန်းတော်များ ၀ိနည်းတော်နှင့် အပ်စပ် (သင့်တော်ညီညွတ်)အောင် စီစဉ်ပေးရသူ ဖြစ်ပါသည်။

ဥပမာ ရဟန်းတော်များ ထမင်းဟင်းမချက်ကောင်းပါ။ ထမင်းဟင်း မချက်ရဟု ပညတ်ထားသည့် ၀ိနည်းသိက္ခာပုဒ်အရ အာပတ်သင့် (အပြစ်ရှိ)ပါသည်။ သို့သော် ရှင်သာမဏေ (သို့မဟုတ်) ဒါယကာ ဒါယိကာမများက ထမင်းဟင်းချက်၍ ဆက်ကပ်လျှင် ဘုဉ်းပေးသုံးဆောင်ကောင်းပါသည်။ ထိုသို့သော နေရာမျိုး၌ ရဟန်းတော်များ ထမင်းဟင်းချက်စရာ မလိုအောင် ထမင်းဟင်းချက်ပြုတ်ပေးသူကို ကပ္ပိယဟု ခေါ်ခြင်း ဖြစ်ပါသည်။

ထို့အတူ ရဟန်းတော်များသည် မိမိပိုင် ပစ္စည်းပင်ဖြစ်စေကာမူ အကပ်မခံရလျှင် မဘုဉ်းပေးကောင်းပါ။ ဥပမာ ဆွမ်းဒါယကာ ဒါယိကာမများက ဆွမ်းချိုင့်ပို့ထားသော်လည်း ကျောင်းထိုင်ဆရာတော် မရှိ၍ ဆွမ်းပွဲပေါ်တင်ခဲ့သည့်အခါ ၎င်းဆွမ်းပွဲကို ဆက်ကပ်မည့်သူ မရှိဘဲ မစားကောင်းပါ။ စားလျှင် အာပတ် သင့်ပါသည်။ ထိုအခါ ဘုန်းကြီး၏ အနီးရှိ ဒါယကာ ဒါယိကာမ၊ ရှင်သာမဏေ၊ သီလရှင်တို့က ဆွမ်းပွဲကို ပင့်မ၍ ဆက်ကပ်ရပါသည်။ ထိုသို့ ရဟန်းတော်များ ၀ိနည်းတော်နှင့်အညီ စား၊ ၀တ်၊ နေရေးမှာ သင့်တော်လျောက်ပတ် အပ်စပ်အောင် စီစဉ်ပေးရသူကို ကပ္ပိယဟု ခေါ်ပါသည်။

စာရေးသူမှာလည်း ကပ္ပိယများစွာ ရှိပါသည်။ ၎င်းတို့သည် ၀ိနည်းတော်နှင့် အပ်စပ်အောင် စီမံပေးရသည့် လုပ်ငန်းအပြင် လုံခြုံရေးနှင့် ယာဉ်မောင်း စသည့် အလုပ်များကိုပါ လုပ်ကိုင်ဆောင်ရွက်ပေးရပါသည်။ ကပ္ပိယများကို အဖွဲ့နှစ်ခု ခွဲထားပါသည်။ အထက်ပိုင်းဆိုလျှင် မန္တလေးမှ တပည့်များ၊ အောက်ပိုင်းဆိုလျှင် ရန်ကုန်မှတပည့်များ လိုက်ပါစောင့်ရှောက်ကြရပါသည်။ ကပ္ပိယများသည် စာရေးသူအပေါ် ကြည်ညိုလေးစား၍သာ လိုက်ပါစောင့်ရှောက်ခြင်း ဖြစ်သော်လည်း အတွေ့အကြုံရှိကြသူများ မဟုတ်ပါ။ နောင်သောအခါ သူတို့တတွေ၏ ချွတ်ချော်လုပ်ဆောင်မှုများကို သူတို့အချင်းချင်း ရယ်စရာဟာသ ပြောယူရသည်အထိ ဖြစ်ပျက်ခဲ့သည်များလည်း ရှိပါသည်။

မြိတ်တရားပွဲမှာ ဖြစ်သည်။ ကျောင်းတိုက်တစ်ခုတည်းမှာပင် နှစ်ည သုံးပွဲ ဟောရ၏။ ပထမည တရားဟောသည့်အခါ နာရီမပါပေ။ ခါတိုင်းဆိုလျှင် စားပွဲတင်နာရီဖြစ်စေ၊ တိုင်ကပ်နာရီဖြစ်စေ ပလ္လင်ရှေ့မှာ ချထားနေကျ ဖြစ်ပါသည်။ စာရေးသူ တရားတစ်ခါဟောလျှင် နှစ်နာရီခန့်မျှ ကြာလေ့ရှိသောကြောင့် နာရီကြည့်၍ အဆုံးသတ်ရခြင်း ဖြစ်ပါသည်။ ထို့နေက တရားဟောရသည်မှာ စိတ်မဖြောင့်ပါ။ ကြာရှည်စွာ ဟောမိလျှင် ပရိသတ်သက်သောင့်သက်သာ မရှိမည်ကိုစာနာ၍ တရားစောစောပြီးလိုက်ရ ပါတော့သည်။ ထုံးစံအတိုင်း စာရေးသူက ဆူပါတော့၏။ “မင်းတို့ကွာ နာရီလေးတောင် ချမထားကြဘူး။” စာရေးသူပြောမှ သူတို့လည်း တစ်ဦးကိုတစ်ဦးကြည့်ကာ သတိရသွားကြပါတော့၏။ နောက်တစ်နေ့ နေ့ပွဲ ဟောရပါသည်။ ထိုအခါ နာရီချထားပါသည်။ စာရေးသူလည်း အချိန်ရခိုက် ဟောရသည်ဖြစ်ရာ သတိရ၍ နာရီကြည့်မည် လုပ်သောအခါ လက်ပတ်နာရီလေး ဖြစ်နေပါသည်။ ပလ္လင်ပေါ်မှာပင် စာရေးသူ့ဘေးမှာ ချထားခြင်း ဖြစ်ပါသည်။ ဂဏန်းပေါ်သည့် နာရီမဟုတ်ဘဲ လက်တံ (အိမ်မြှောင်) လှည့်လည်သည့် နာရီ ဖြစ်နေသည့်အပြင် အောက်ခံအရောင်နှင့် လက်တံအရောင် ရောနေ၍ ရုတ်တရက် ကြည့်၍မရပါ။ မျက်မှန်တပ်၍ ကြည့်လျှင်ကား မြင်ရနိုင်ပါသည်။ သို့သော် တရားဟောနေစဉ် မျက်မှန်တပ်ချိန် နာရီကိုင် ချိန် နာရီကြည့်ချိန် ပေးဖို့ရန် အချိန်မလုံလောက်ပါ။ ထို့ကြောင့် ပထမညပွဲကဲ့သို့ပင် ဒုတိယ နေ့ပွဲလည်း အားရသည်အထိ မဟောလိုက်ရပါသည်။ နားနေဆောင်ရောက်သည့်အခါ ထုံးစံအတိုင်း ထပ်ဆူလိုက်ပါသည်။ ပို၍ ပွဲကျသွား၏။ ရှက်သူက ရှက်၊ ဟားသူက ဟားနှင့် ပျော်စရာတစ်ခုပင် ဖြစ်သွားပါတော့၏။ ဒုတိယညမှာ တတိယပွဲအဖြစ် ထပ်မံ ဟောကြားရပါသည်။ ထိုပွဲ၌ စားပွဲတင် နာရီလေး လာချသွားပါသည်။ နောက်ဆုံးပွဲ ဖြစ်သဖြင့် ယခင်ပွဲများကဲ့သို့ မဖြစ်ရလေအောင် ကပ်္ပိယက သေချာပြင်ထားပါသည်။ စာရေးသူကလည်း မဟောမီ နာရီကို သေချာကြည့်၍ မှတ်သားထားပါသည်။ ည ၈း၀၀ နာရီ တရားပွဲ စပါသည်။ ၈း၀၀ နာရီတိတိမှာပင် တရားစတင် ဟောကြားပါသည်။ မကြာခဏ နာရီ ကြည့်ဖြစ်ပါသည်။ ကြည့်လိုက်သည့်အခါတိုင်း ၈း၀၀ နာရီထိုးမှာပင် ရှိနေပါသည်။ တစ်နာရီကျော်ခန့် ဟောပြီးသည့်အခါ၌ကား နာရီ ရပ်နေပြီဆိုသည်ကို သိလိုက်ရပါတော့၏။ နားနေဆောင် ရောက်သည့်အခါ “မင်း နာရီလည်း သွားကြည့်အုံး”ဟု ပြောလိုက်ပါသည်။ အားလုံး နာရီသို့ အကြည့် ရောက်သွားပါသည်။ တစ်ပြိုင်နက်တည်းမှာပင် ၀ါးခနဲ ဟားတိုက်သံများ ကြားလိုက်ရပါသည်။ အပျော်ရဆုံးအချိန် ဖြစ်ပါသည်။ စာရေးသူသည် စကားစပ်မိသည့်အခါတိုင်း မြိတ်တရားပွဲအကြောင်း ပြောမိတတ်ပါသည်။ စာရေးသူ၏ ကပ်္ပိယများ အူပုံ၊ အ,ပုံကို နားထောင်သူများကလည်း သဘောကျစွာ ရယ်မောတတ်ကြပါသည်။ ကမ္ဘာကျော် ကပ်္ပိယကြီးများဟုလည်း မွှမ်းသွားတတ်ကြပါသည်။ အကြောင်းမသိပါမူ ဘုန်းကြီးကို ပညာပြသည်ဟု ထင်မိနိုင်ပါသည်။ မဟုတ်ကြပါ။ “မဟုတ်ဘူးဘုရား။ သေချာတိုက်ကြည့်ပြီးမှ ချထားတာဘုရား၊ တိုက်ကြည့်စဉ်က သွားပါတယ်ဘုရား”ဟုလည်း တောင်းပန်တိုးလျှိုးစွာ လျှောက်ထားတတ်ပါသည်။ စာရေးသကမူ သူတို့အပေါ် အပြစ်မဆိုသည့်အပြင် တွေ့ကြုံလေတိုင်း ပုံပြင်တစ်ပုဒ်နှယ် ပြောဖြစ်လေသတည်း။

အလားတူဖြစ်ရပ်များ မန္တလေးမှာလည်း ဖြစ်ခဲ့ဖူးလေသည်။ သည်တစ်ခါ ခံရသည်မှာ စာရေးသူ မဟုတ်ဘဲ ဧည့်သည်များ ဖြစ်ကြလေ၏။ စာရေးသူထံ ရောက်လာကြသော ဧည့်သည်များကား သနားစရာပင်။ တပည့်များကား မတ်တတ်ရပ်၍ ကြည့်နေသည်ကလွဲ၍ ဘာမျှ မလုပ်ပေးကြပေ။ အအေးဘူး သောက်ရေဘူးလေးလောက်တော့ ချပေးစေချင်၏။ သို့သော် သူတို့သည် လူမှုရေး မသိတတ်သည်လော၊ အမိန့်မကျသေး၍လော မပြောသာသော အခြေအနေပင်။ လိုအပ်လျှင် ခိုင်း၍ရအောင် အသင့်စောင့်နေရုံမှ လွဲ၍ ဧည့်ဝတ်ကျေစွာ ဧည့်ခံခြင်းမျိုး အလျဉ်းမရှိခဲ့ကြပေ။ တစ်ခါတရံ ဧည့်သည်များခမျာ ရေပင် သောက်မသွားရရှာပေ။ ထိုအခါ စာရေးသူက “မင်းတို့ကလည်း နေနိုင်လိုက်တာကွာ။ အအေးလေး ရေသန့်လေးလောက်တော့ ချတည်ပေးမှပေါ့”ဟု မြည်တွန်မိလေ၏။ တပည့်များလည်း မှတ်သားထားပုံ ရ၏။ နောက်တစ်နေ့ လာသော ဧည့်သည်များကို အထူးတလည် ဧည့်ခံလေတော့၏။ အဆိုပါ ဧည့်သည်များသည် အရေးကြီး ဧည့်သည်များ ဖြစ်ကြပါသည်။ သူတို့အပူနှင့်သူတို့ ဖြစ်၍ မနက်အစောကပင် စားသောက်ရသေးပုံ မပေါ်ပေ။ ငွေဗျိုင်းဖြူတို့နှင့် တရားမမှုဖြစ်၍ ရှုံးနိမ့်သည့်အခါ တရားရုံးက ၀ရမ်းကပ်ပြီး နှင်ထုတ်နေသဖြင့် အပူတပြင်း ပြေးလာခဲ့ကြခြင်း ဖြစ်ပါသည်။ တစ်မနက်လုံးလည်း အပူကိုယ်စီနှင့် ဖြစ်နေ၍ ဘာမျှစားရသေးပုံ မပေါ်ပေ။ စာရေးသူထံ ရောက်လာသည့်အခါ မွန်းတည့်ခါနီးနေပေပြီ။ တပည့်များက ကော်ဖီချပေးသဖြင့် အားရ၀မ်းသာ သောက်ကြ၏။ သည်တစ်ခါ တပည့်တွေ ဘယ်ဆိုးလို့လဲဟု စိတ်ထဲမှာ ချီးကျူးခန်းဖွင့်နေ၏။ သို့သော် ကော်ဖီမှာ လုံးဝ သောက်မရအောင် ပူကျက်နေသည်ကို တွေ့ရ၏။ ဧည့်သည်များသည် ကော်ဖီကို မှုတ်၍ သောက်၏။ သောက်၍မရ။ နှုတ်ခမ်းလေးဖြင့် အာစွတ်ရုံမျှ စုပ်ယူကြ၏။ ပန်းကပ်ပြားထဲထည့်၍ သောက်မည်ကြံသည့်အခါ၌လည်း ပန်းကန်ပြားက အခွက်မပါ၊ အပြန့်ကြီးဖြစ်နေ၏။ ပို၍ဆိုးသည်မှာ ပန်းကန်လုံးထဲ၌ ကော်ဖီက အပြည့်အလျှံကြီး ဖြစ်နေ၍ သောက်ရသည်မှာ ပို၍ခက်ခဲနေခြင်း ဖြစ်၏။ ဆာကလည်းဆာ၊ အချိန်ကလည်း မရှိ၊ ဖုန်းတစ်ဂွမ်ဂွမ်ကလည်း ခေါ်။ လုံခြုံရေးနှင့် ငွေဗျိုင်းဖြူတို့ကလည်း အလုံးအရင်းနှင့် ရောက်နေကြပြီဆို၍ ကော်ဖီခွက်ကို ထားရစ်ကာ အပြေးအလွှား ပြန်သွားကြလေ၏။ သူတို့ကို ကြည့်၍ သနားမိပေသည်။ “သြော် စားရကံ မကြုံလေတော့ ကော်ဖီတိုက်သည့်သူရှိတာတောင် ကော်ဖီက သောက်မရ ဖြစ်ရှာလေ၏။” တပည့် ကပ်္ပိယများကို ကြည့်၍လည်း သနားမိပေသည်။ ဧည့်သည်ရောက်မှ ရေနွေးကောက်တည်၊ မှုတ်စရာ လေဟာနယ်အဖြစ် ခွက်နှုတ်ခမ်းလေး တောင် ချန်မထားဘဲ ရက်ရောစွာ ခွက်ပြည့်ထည့်၍ တိုက်ရှာ၏။ အောက်ခံပန်းကန်ပြားထဲ ထည့်၍ အအေးခံဖို့လေးတောင် လုပ်မပေးတတ်ကြ။ သနားစရာအတိပင်။ ဧရာမ တောသားလေးများပါတကား။

နောက်တစ်ခါလည်း ထိုနည်းနှင်နှင် ကြုံရပြန်ပါသည်။ နိုင်ငံခြားမှ ပြည်တော်ပြန် ရခိုင်ဧည့်သည်တစ်ဦး ရောက်ရှိလာ၏။ သူ၏တပည့်များက စာရေးသူ့ မိတ်ဆွေရင်းချာများ ဖြစ်သဖြင့် စာရေးသူနှင့် လွတ်လပ်စွာဆွေးနွေးနိုင်အောင် အပြင်ထွက်၍ ရှောင်ပေးသွားကြ၏။ အရေးကြီး ဧည့်သည်ဆိုလျှင် တပည့်တွေ မသိရလေအောင် စာရေးသူ့အိပ်ခန်းထဲခေါ်၍ စကားပြောနေကျအတိုင်း နှစ်ယောက်တည်း ဆွေးနွေးတိုင်ပင်ကြလေ၏။ စာရေးသူက ခုတင်ပေါ် သူက ထိုင်ခံပေါ်။ နှစ်ဦးသား ဆွေးနွေး၍ ကောင်းလာရာ သူက ရေဆာပုံရ၏။ တပည့်တွေ ချပေးသော အအေးဘူးလေးကို မော့၍ သောက်၏။ ရေ မထွက်ပေ။ ခါ၍ သောက်၏။ ရေမကျပေ။ ခုံနှင့်ခေါက်၍ လှုပ်သောက်၏။ လုံးဝ မရပေ။ အကြောင်းမှာ အအေးများက အရည်မဟုတ်တော့ဘဲ အခဲ ဖြစ်နေသောကြောင့်တည်း။ ရေခဲသေတ္တာရှိ ရေခဲလောက်အောင်အေးသည့် အပေါ်ဆုံး အအေးခန်းထဲ ထည့်သိမ်းထားပုံရလေသည်။ စာရေးသူမှာ အော်ခေါ်ရန်လည်း အခက်၊ ထတောင်းရလည်း အခက်နှင့် လူကြီးလူကောင်း ဧည့်သည်တော်ကြီးကိုသာ အားနာနေမိတော့၏။ သည်တစ်ခါ၌မူ တပည့်များကို ချီးကျူးမိလေသည်။ “မကုန်အောင် ဧည့်ခံနည်း အင်းလေ မလျော့အောင် ဧည့်ခံနည်း ဘယ်ဆီကများ ရထားသည် မသိ။ သည်လို ကပ်္ပိယမျိုးရထားတာ ငါ ပွတာပဲ”ဟူ၍။

သင်ခန်းစာယူဖွယ် ဖြစ်ရပ်များက နေ့စဉ်ရက်ဆက်ဆိုသလို ဖြစ်ပျက်ခဲ့သဖြင့် တပည့်များလည်း ဆင်ခြင်သွားကြဟန် တူသည်။ တစ်နေ့သော် အမှုလာအပ်သော ဧည့်သည်များကို ကော်ဖီနှင့်မုန့် တိုက်ကျွေး ဧည့်ခံနေသည်ကို တွေ့ရ၏။ ထိုသူများသည် ဆင်းရဲသူ၊ ဆင်းရဲသားများ ဖြစ်ပုံရလေသည်။ အားပါးတရ စားသောက်ကြလေ၏။ “စားစရာလည်း ကျွေးသေးသည်၊ အကူအညီလည်း ပေးသေးသည်”ဟု ထိုသူတို့ စိတ်ထဲ ထင်မှတ်သွားမည့်သဘော တွေ့ရ၏။ စာရေးသူထံ အကူအညီ လာတောင်းသူများတွင် ငွေဗျိုင်းဖြူ ဘေးသင့်သူထက် ရွှေကျီးညိုဘေးသင့်သူက ပို၍ များပြားပေသည်။ ယခု လာရောက်သူများသည် ရွှေကျီးညိုဘေးသင့် မရှိဆင်းရဲသား ပြည်သူများ ဖြစ်သတည်း။ စာရေးသူစိတ်ထဲတွင် ဧည့်ခံနေသော တပည့်များကို သဘောကျနေ၏။ “လူကြီးလူကောင်း ဧည့်သည်တွေကျ ဧည့်ခံရကောင်းမှန်းပင် မသိ၊ ဧည့်ခံပြန်တော့လည်း သောက်မရ စားမရအောင် ပူကျက် အေးခဲ နေ၏။ သူ့အမျိုးတွေကျ သိတတ်လိုက်တာ ဇိမ်ပြေနပြော ထိုင်စားနိုင်အောင် ဧည့်ခံတတ်ကြ၏။”ဟူ၍ ဖြစ်သတည်း။

မသိုးသင်္ကန်းအလှူရှင် ကပ္ပိယလေးနှစ်ဦးလည်း ရှိသေးသည်။ အရွယ်ရောက်စ လူငယ်လေးများ ဖြစ်၏။ နှစ်ဦးလုံး ရန်ကုန်မှဖြစ်ကာ ရန်ကုန်တရားပွဲများ၌ ကုသိုလ်ဖြစ် လုပ်အားဒါနရှင်လေးများ ဖြစ်ပေသည်။ ၀ါတွင်း (မိုးတွင်း)ကာလ မန္တလေးမှာသာ စာချနေသဖြင့် မန္တလေးသို့လာ၍ ဝေယျာဝစ္စ ပြုလုပ်ပေးတတ် ကြပေသည်။ သူတို့ရောက်လာပြီး နောက်ပိုင်း၌ စာရေးသူ သင်္ကန်းဝတ်ရုံရသည်မှာ အဆင်မပြေတော့ပါ။ သင်္ကန်းများလည်း အမြဲတမ်း အောက်စော်ကြီးနံ၍ နေလေ၏။ တစ်စုံဝတ်ကြည့်လည်း နံ အခြားတစ်စုံ ၀တ်ကြည့်လည်း နံ ဖြစ်နေသည်မှာ အံ့သြစရာပင်။ သင်္ကန်းတိုင်းလိုလို ထိုသို့ဖြစ်နေသဖြင့် ကပ်္ပိယခေါင်းဆောင်ကို ခေါ်ဆူရလေတော့၏။ ““မင်း ဘယ်လို လုပ်တာလဲ။ ငါ နေတိုင်း သင်္ကန်းအသိုးတွေပဲ ၀တ်နေရတယ်။” သူလည်း အံ့အားသင့်နေ၏။ တစ်စုံ နှစ်စုံခန့်သာဆိုလျှင် မိုးအုံ့၍ မခြောက်ဘဲ ခေါက်သိမ်းမိ၍ဟု အကြောင်းပြစရာ ရှိသေးသည်။ ယခုမူ နေ့စဉ်ရက်ဆက်။ ခဏအကြာ၌ အဖြေသိရ လေတော့၏။ အ၀တ်လျှော်စက်ထဲထည့်၍ ဖွပ်လျှော်ပြီးလျှင်ပြီးချင်း ထုတ်လှန်းရမည်ကို မလှမ်းဘဲ ညသိမ်းထားကာ နောက်တစ်နေ့ မနက်ရောက်မှ ထုတ်လှန်းကြသည် ဆို၏။ ထိုအချိန်မှစ၍ ထိုလူငယ်နှစ်ဦးကို မသိုးသင်္ကန်း အလှူရှင်များဟု ပြောစမှတ် ပြုကြလေတော့၏။ စာရေးသူလည်း မသိုးသင်္ကန်းယက်ပွဲကို ယခုမှ သဘောပေါက်သွား၏။

နောက်တစ်ယောက် ရှိသေးသည်။ ရန်ကုန်ကပင်။ ရွှေလုပ်ငန်းရှင် တစ်ဦးဖြစ်၏။ ရိုးရိုးအေးအေး နေထိုင်သဖြင့် ကပ်္ပိယအချင်းချင်း အစခံရများသူ ဖြစ်၏။ လုပ်ငန်းနှင့် သားမယားရှိသော်လည်း စာရေးသူနောက် တစ်ကောက်ကောက်လိုက်၍ စောင့်ရှောက်နေသူ ဖြစ်လေသည်။ သူသည် စာရေးသူ တရားဟောပလ္လင်နားမှာ အမြဲနေ၏။ လိုအပ်ချက်များရှိလျှင် လုပ်ဆောင်ပေးဖို့ ဖြစ်၏။ အခြားပွဲများ၌ လိုအပ်ချက် ကြီးမားစွာ မရှိ၍ ပြဿနာ မရှိ။ တစ်ခုသောည၌မူ တရားဟောနေခိုက် ချမ်းစိမ့်လာသည်နှင့် ကြုံရ၏။ အသံကလည်း ပုံမှန်မဟုတ်တော့ပေ။ နှာစေးသံပေါက်လာ၏။ ခေါင်းရိတ်ထားကာစဖြစ်၍ ပိုဆိုးသည်။ ဆောင်းတွင်းတရားပွဲ ဖြစ်သည့်အပြင် ၎င်းည ဒုတိယပွဲဖြစ်၍ ပိုအေးခြင်းလည်း ဖြစ်၏။ အဆိုးဆုံးကား ကွင်းပြင်မှာ လေတဝေါဝေါကြားထဲ ဟောရခြင်းပင်။ စာရေးသူ ခြုံထည် လိုအပ်လာ၏။ ကပ်္ပိယက စာရေးသူ့ ညာဘက် မျက်စောင်းထိုးလေးမှာ ရှိ၏။ မကြာခဏ သူ့ကို လှမ်းကြည့်သော်လည်း သူက မော်၍ မကြည့်။ “ ခြုံထည် ယူပေးကြပါ ဟဲ့”ဟု တောင်းလိုက်လျှင်လည်း ပရိသတ်များ အာရုံပျက်မည်စိုးရ၏။ ထို့ကြောင့် စာရေးသူက တစ်ရှူးလေးကို လုံးချေကာ ကပ်္ပိယရှေ့ ပစ်ချ၏။ လေဆန်ချိန်နှင့် တိုးနေ၍ တစ်ရှူးက ကပ်္ပိယ ရှေ့ မရောက်ဘဲ စာရေးသူထံ ပြန်ရောက်လာ၏။ နှစ်ခါသုံးခါဆိုလျှင်လည်း “တရားဟောရင်း ဆော့သည်” ထင်နိုင်သဖြင့် ထပ်မလုပ်တော့ပေ။ ကံကောင်းသည်ဟု ဆိုရမည်။ အခြား ကပ်္ပိယများက ခြုံထည်လာပို့သွားသောကြောင့် ဖြစ်၏။ နှစ်ထပ်သင်္ကန်းကို ခြုံထည်လုပ်ကာ ခေါင်းပေါ်တင်၍ ဟောသည့်အခါမှ နှာရည်ထွက်မှု ရပ်သွားလေတော့၏။ “ကပ်္ပိယက အတော်အကင်းပါးတာပဲ။ ဘုန်းကြီးက နှာစေးလို့ သေတော့မယ်။ သူက မော့တောင်မကြည့်ဘူး။” ကားပေါ်ရောက်မှ ပြောဖြစ်သွား၏။ အစကတည်းက အစခံနေရသော ကပ်္ပိယခမျာ အစသန်သူတို့ အကွက်ထဲ ရောက်ရှိသွားကာ မကြာခဏ ပို၍ အစခံရလေတော့၏။

စာရေးသူသည် အခြားသူများကို မဆိုထားဘိ ပြောမနာဆိုမနာ ကပ်္ပိယများကိုပင် ဆူပူကြိမ်းမောင်းခြင်း၊ အော်ဟစ်ငေါက်ငန်းခြင်း အလျဉ်းမရှိပါ။ သို့သော် ကြုံလျှင်ကြုံသလိုတော့ ထည့်ပြောလေ့ရှိပါသည်။ ဤသည်ကို တပည့်များက အကြောက်ဆုံး ဖြစ်၏။ လူရှေ့သူရှေ့ စကားစပ်မိလျှင်လည်း ထည့်ပြောတတ်သဖြင့် သူတို့ခမျာ ရိုက်သည်ကပင် သက်သာပေလိမ့်မည်ဟု ခံစားကြရလေ၏။ “အစိုးရက သေနတ်မကြောက်ဘူး။ ပါးစပ်ကြောက်တာ ဒါ့ကြောင့်”ဟုလည်းကောင်း၊ “ဆရာတော်စကားက အဆဲမပါဘဲ အသဲနာစရာကောင်းတယ်” ဟူ၍လည်းကောင်း ၎င်းတို့၏ ခံစားချက်ကို ကပ်္ပိယချင်း တွေ့သည့်အခါ ရင်ဖွင့်ကြလေတော့၏။ မှန်ပါသည်။ စာရေးသူ ဟောကြားလေ့ရှိသော တရားထဲမှ “မွတ်ဒေါင်း”ဟူသော စကားဋ္ဌနှင့် ဟောပြောခဲ့သော  “အနမ်းနှင့်မကြို ဂန်းနှင့်ကြိုမည်”ဟူသော စကားတို့သည် ကာယကံရှင်တို့အတွက် ရိုက်သည်ထက် နာကျင်ရသော စကားများ ဖြစ်ခဲ့သလို “သုံးယောက်ပေါင်းလို့မှ တစ်ကျပ်မပြည့်ပါဘူးကွာ”ဟု ကပ်္ပိယများအား စနောက်ခဲ့သော စကားများသည်လည်း ကပ္ပိယတို့ခမျာ ဆဲသည်ထက် ခံရခက်ခဲ့ပါလေ၏။ မည်သို့ဆိုစေ ၎င်းတို့သည် ကမ္ဘာကျော် ဆရာတော်၏ ကပ်္ပိယများ ဖြစ်ကြသောကြောင့် ကမ္ဘာကျော် ကပ်္ပိယများ ဖြစ်ကြလေသတည်း။

ဝီရသူ(မစိုးရိမ်)

28.1.2021