ကမ္ဘာကျော်ဆရာတော်၏ ကမ္ဘာမကျော်သော အတွေးအခေါ်များ (၃၆)
“အမျိုးသားရေးအတွက် ပေးဆပ်ရလေသလော”
စာရေးသူ နိုင်ငံရေးလိုင်းမှ အမျိုးသားရေးလိုင်းသို့ ပြန်လည် ရောက်ရှိလာသည့် အချိန်မှစ၍ ယနေ့အချိန်ထိ အန္တရာယ်ပေါင်းများစွာ ကျရောက်ခဲ့ပေသည်။ ထိုအန္တရာယ်များတွင် အနီနှင့် အနက် အသိုင်းဝိုင်း နှစ်ရပ်ကပေးသော အန္တရာယ်က အများဆုံးပင်။ မီဒီယာမည်သည်ကား အနီနှင့်အနက်တို့၏ မွေးစားသား ဖြစ်နေသောကြောင့် ၎င်းတို့၏ မိထွေးဖထွေးများအလိုကျ စာရေးသူကို ပစ်မှတ်ထား၍ အမြဲတိုက်ခိုက်လေတော့၏။ မီဒီယာမှိုင်းမိသော ရဟန်းရှင်လူ ပြည်သူများသည် စာရေးသူအပေါ် အထင်အမြင် လွဲမှားရာမှ စော်ကားပြစ်မှားသည့်အဆင့်ထိ ရောက်ရှိခဲ့တော့၏။ ဤသည်ကို မီဒီယာအဆိပ်သင့်သည်ဟု ခေါ်ပေသည်။ လော်ဘီမီဒီယာတို့ စာရေးသူကို အမြဲတိုက်ခိုက်လေ့ရှိသော လုပ်ကြံသတင်းတစ်ခုကား “စာရေးသူနောက်မှာ စစ်တပ်ရှိသည်၊ ခရိုနီရှိသည်၊ ကြံ့ခိုင်ရေးရှိသည်”စသည်တို့တည်း။ “မည်သည့် ခရိုနီက စာရေးသူကို ငွေသိန်းပေါင်း ထောင်ချီသောင်းချိ ပေးထားသည်။ မည်သည့်ပုဂ်္ဂိုလ်က စာရေးသူ အတွက် ငွေသိန်းပေါင်း သောင်းသိန်းမက ဘဏ်မှာ အပ်ပေးထားသည်။ ပြည်တွင်းဘဏ်မှာတင်သာ မဟုတ်ဘဲ နိုင်ငံခြားဘဏ်မှာပါ စာရေးသူအမည်ဖြင့် ဒေါ်လာသန်းပေါင်းများစွာ စစ်ဆေးတွေ့ရှိရသည်”စသည့် လုပ်ကြံသတင်းများဖြင့် တိုက်ခိုက်ကြခြင်း ဖြစ်၏။ လက်ရှိဘ၀၌ကား အမျိုးသားရေးလုပ်ပါမှ ရှိရင်းစွဲ ဒကာ ဒကာမများပင် စွန့်ခွာသွားကြလေတော့၏။ ထို့အပြင် ၂၀၁၂ ခုနှစ် မြစ်ကြီးနားထောင်မှ လွတ်မြောက်လာသည်မှစ၍ ယခုအချိန်ထိ စာရေးသူအား သိန်းပေါင်းရာနှင့်ချီ၍ လှူဒါန်းသူပင် မရှိခဲ့ဖူးပေ။ စာရေးသူ၏ န၀ကမ္မ (လိုရာသုံး)ငွေ အဖြစ် လှူဒါန်းကြသူများတွင် ဆယ်သိန်းကျပ် လှူဒါန်းသူများမှာ တစ်နှစ်လျှင် သုံးဦးလေးဦးမျှသာ ရှိတတ်ပေသည်။ မွေးနေ့ပွဲအတွက် သိန်းအစိတ် သိန်းငါးဆယ် လှူသည်ကား အများဆုံးပမာဏသာတည်း။ တရားပွဲများ၌လည်း ဓမ္မပူဇာအလှူငွေ များပြားစွာရသည့်ပွဲ မရှိသလောက်ပင်။ ချိတ်ထမီ ဆရာတော်လေးကဲ့သို့ ဓမ္မပူဇာမျိုး တစ်သက်လုံး၌ တစ်ခါလေးမျှပင် မရခဲ့ဖူးပေ။ သို့သော် မသိသူများကမူ စာရေးသူကပင် ဘုန်းကြီးသူဌေးဖြစ်နေသလိုလို ကားထည်လဲစီးနေသလိုလို ငွေရေလိုသုံးနေသလိုလို အထင်ကြီးနေကြပေသည်။ ထို့ကြောင့် ဤစာမူကို ရေးရခြင်း ဖြစ်ပေ၏။
၂၀၁၂ ခုနှစ် မြစ်ကြီးနားထောင်မှ လွတ်လာပြီး မကြာမီ ပထမဦးဆုံး စွန့်လွှတ်လိုက်ရသည်ကား ဆန်ပြုတ်ဒါယကာ ဖြစ်ပေသည်။ ၎င်းသည် စာရေးသူ၏ ဆွမ်းခံအိမ်ရှင် လုပ်ငန်းပိုင်ရှင်ကြီးဖြစ်လေသည်။ သူက စာရေးသူကို စွန့်ခွာသွားခြင်း ဖြစ်၏။ မနက်အစော အရုဏ်ဆွမ်းပို့နေကျ နွားနို့ဆန်ပြုတ်လေး မသောက်ရတော့ပေ။ သူအကြောင်းပြသည်ကား “ဒီမှာ သားရေလုပ်ငန်း လုပ်နေပါတယ်ဆိုမှ ဟိုဆိုင်ဈေးမ၀ယ်ရ ဟိုလူနှင့် အရောင်းအ၀ယ် မလုပ်ရ လာတားမြစ်နေသေးတယ်”ဟူ၏။ အဆိုပါ ကျောင်းဒါယကာကြီးသည် ရဲရဲတောက် အမေ့သားကြီးလည်းဖြစ် ရွှေကျီးညိုတို့နှင့် အရောင်းအ၀ယ်လည်း လုပ်နေသောကြောင့် စာရေးသူအပေါ် ခါးသီးစွာ မုန်းတီးသွားခြင်းဖြစ်သော်လည်း ၂၀၀၃ ခုနှစ် အိုးဘိုး မရောက်ခင်ကမူ အင်တိုက်အားတိုက် အားပေးခဲ့သူ ဖြစ်ပါသည်။ ထိုစဉ်က သူလည်း သည်လုပ်ငန်း စာရေးသူလည်း သည်တရားပင်။ လုပ်ငန်းချင်း တရားချင်း တူသော်လည်း ခေတ်ကာလချင်း မတူသောကြောင့် ထင်၏။ စာရေးသူကို အကြည်ညိုပျက်သည်ထက် အမုန်းဖက်သည်က ပို၍ အလေးသာနေလေသည်။ အကြောင်းမှာ သူသည် စာရေးသူတို့ အောင်မြင်ခဲ့သော အဘိဝံသ စာမေးပွဲကျင်းပရာ ပရိယတ်္တိအသင်းကြီး၏ ဥက္ကဋ္ဌတာဝန် ထမ်းဆောင်နေချိန်၌ စာရေးသူကို ပုစ္ဆက (မေးခွန်းထုတ်သူ)အဖြစ် တစ်ခါမျှ မပင့်တော့သောကြောင့် ဖြစ်၏။ ၎င်းဦးဆောင်သော အသင်းလူကြီး အများစုသည် ရဲရဲတောက်များ ဖြစ်ကြသဖြင့် စာရေးသူကို ၎င်းတို့အသင်းအတွက် လုံးဝ မသုံးဘဲ ၀ိုင်းကြဉ်ထားခြင်း ဖြစ်ပေသည်။ စာရေးသူအပေါ် မိခင်အသင်းကြီးက ဥပေက္ခာပြုလိုက်သလို ခံစားရသည်မှလွဲ၍ စာရေးသူလည်း မည်သူ့ကိုမျှ အပြစ်မတင်ခဲ့ပါပေ။ ဤသည်မှာ အမျိုးသားရေးလုပ်သဖြင့် စတင် စွန့်လွှတ်ခဲ့ရသော ဆွမ်းတစ်နပ် (၀ါ) လက်ဦးပေးဆပ်ခြင်း တစ်ခုပင် ဖြစ်သတည်း။
ကြီးမားသော ပေးဆပ်မှုတစ်ခုကို ပြရမည်ဆိုလျှင် ရင်နင့်စွာ ခံစားရပေသည်။ စာရေးသူအပေါ် သံယောဇဉ်လည်းရှိ ကျေးဇူးတရားလည်းရှိသော ဒါယကာ ဒါယိကာမ မိသားစု တစ်ခု၏ စွန့်ခွာမှုက စာရေးသူအတွက် ထိချက်အနာဆုံး ဖြစ်လေ၏။ စွန့်မည့်စွန့်တော့လည်း လေယာဉ်ပေါ်မှာ တွေ့လျှင်ပင် နှုတ်မဆက်ချင်၍ နေရာရွှေ့ထိုင်သွားလောက်အောင် မုန်းတီးသည်အထိ ဖြစ်ခဲ့လေ၏။ စာရေးသူ ဆွမ်းခံသည့်အခါ ထိုသူတို့အိမ်ကို နောက်ဆုံးထားရလေသည်။ အကြောင်းမှာ ထိုသူတို့က ဆွမ်းချိုင့်ပါ ထည့်လှူလိုက်သည့်အပြင် ကားရှိလျှင်ကား ကားမရှိလျှင် ဆိုက္ကားဖြင့် အမြဲလိုက်ပို့သောကြောင့် ဖြစ်၏။ ၀ီရသူ(မစိုးရိမ်) ဟူသော ကလောင်အမည် ပေါ်ပေါက်လာစေမည့် ထေရ၀ါဒစာအုပ် ထုတ်ဝေရာ၌ ၎င်းတို့သည် ကုန်ကျငွေများ လှူဒါန်းခဲ့သူ ဖြစ်ပါသည်။ စာရေးသူ ဆွမ်းခံမကြွနိုင်သည့် အချိန်များ၌ အမြဲ ဆွမ်းချိုင့်ပို့လေ့ရှိကာ စာရေးသူလိုအပ်ချက်မှန်သမျှကို အမြဲ ထောက်ပံ့လှူဒါန်းကြသူများ ဖြစ်ပါသည်။ ၎င်းတို့၏ မိခင် ဒါယိကာမကြီးသည် စာရေးသူ ဆွမ်းခံကြွလာလျှင် ပြုံးရွှင်စွာ “ဘုန်းဘုန်း စိတ်လျှော့ စိတ်လျှော့”ဟု အမြဲတမ်း ပြောတတ်သူ ဖြစ်ပါသည်။ ထိုစဉ်က စာရေးသူမှာ ဒုတိယစာအုပ် ထုတ်ဝေခွင့် မပေးသဖြင့် ကမ္ဘာအေး သာသနာရေးနှင့် အတိုက်အခံလုပ်၍ ငြင်းခုန်နေရချိန်ဖြစ်သဖြင့် စာအုပ်ထုတ်ဝေခွင့် မရကြောင်း ရင်ဖွင့်ရာမှ လူတွေ့တိုင်း “ဘုန်းဘုန်း စိတ်လျှော့ စိတ်လျှော့”ဟု အမြဲတမ်း သတိပေးခြင်း ဖြစ်ပါသည်။ ထိုအချိန်များ၌ စာရေးသူသည် သားအမိကဲ့သို့ ခံစားရလေ့ ရှိပါသည်။ နောက်များမကြာမီ စာရေးသူ ပါတော်မူသွားစဉ်၌လည်း လိုလေသေးမရှိ အမြဲထောက်ပံ့သည့်အပြင် လွတ်မြောက်ရာလွတ်မြောက်ကြောင်း အမြဲကြိုးစားပေးခဲ့ကြပေသည်။ ၎င်း၏ သမီးကြီးဖြစ်သူ စာရေးသူ၏ ဆွမ်းခံအိမ် ဆွမ်းဒါယိကာမကြီးက ဆိုလျှင် စာရေးသူ၏ မွေးသက္ကရာဇ်ကို ရှာကြံ၍ ဗေဒင်တွေမေး ယတြာတွေချေဖြင့် သူတို့စွမ်းနိုင်သမျှ စာရေးသူ လွတ်မြောက်ရေး ကြိုးစားကြပေသည်။ သမီးငယ်နှင့် သားမတ်ဖြစ်သူတို့ကမူ စာရေးသူ၏ မွေးနေ့ အထိမ်းအမှတ်အဖြစ် အိုးဘိုထောင်သို့ လာရောက်၍ အလှူပေးကျွေးမွေးသည့်အပြင် မီးဖိုကြီးအတွက် လိုအပ်လျက်ရှိသော ထမင်းပေါင်းအိုးများပါ လှူဒါန်းသွားကြလေ၏။ သို့သော် ထိုအလှူရှင်များသည် စာရေးသူနှင့် တွေ့ခွင့်မရခဲ့ကြပါ။ ထိုခေတ်ထိုအခါက အကြောက်တရား ထွန်းကားနေချိန် ဖြစ်သဖြင့် ထောင်ပိုင်က ပေးမတွေ့ရဲခြင်း ဖြစ်၏။ စာရေးသူ မည်သို့ ခံစားရမည် သူတို့ မည်သို့ခံစားရမည်ဆိုသည်ကို ထား၍ သူတို့၏ သဒ္ဓါတရားနှင့် သံယောဇဉ်ကို အလေးအမြတ် မပြု၍ပင် မရနိုင်တော့ပေ။
ပစ္စည်းလေးပါး ဒါယကာ ဒါယိကာမများကလည်း လက်မလျှော့ကြသေးပေ။ ကိုယ်အား ဉာဏ်အား ရှိသမျှ အစွမ်းကုန် ကြိုးစားကြလေ၏။ သီတဂူဆရာတော်ကြီး အိုးဘိုထောင်သို့ အလှူပေး ကြွလာသည့်အခါ လိုက်ပါလာကြပေသည်။ စာရေးသူရှိရာသို့ သီတဂူဆရာတော်ကြီးက ခြေလှမ်းကျဲကျဲဖြင့် ဆိုက်ဆိုက်မြိုက်မြိုက် ရောက်တော်မူသည့်အခါ စာရေးသူအား ရင်ဝယ်သားပမာ ၎င်း၏ရင်ခွင်ထဲ ဆွဲသွင်းကာ ခေါင်းကလေးကို ပွတ်သပ်၍ နှစ်သိမ့်အားပေးတော်မူပေသည်။ ဤသည်ကို မိခင်ဖြစ်သူ ဆွမ်းအစ်မကြီးက မျက်ရည်စက်လက်ဖြင့် ဖူးမြော်နေရှာ၏။ ဆွမ်းအစ်မလေးတစ်ယောက်ကမူ ငုတ်တုတ်ထိုင်၍ လက်ဖြင့်မျက်နှာကိုအုပ်ကာ အသံမထွက်ဘဲ ကြိတ်ငိုနေရှာပေ၏။ သီတဂူဆရာတော်ကြီး၏ ကရုဏာအလှူပွဲ၌ စာရေးသူသည် တရားနာခွင့်လည်း ရရှိပေသည်။ ဆွမ်းဒါယကာ ဒါယိကာမများနှင့်လည်း တွေ့ဆုံခွင့်ရပေသည်။ အဆိုပါ မိသားစုမှ မိခင်ဖြစ်သူနှင့် သားမက်ဖြစ်သူကိုပါ နှုတ်ဆက်စကားပြောခွင့် ရရှိခဲ့ပေသည်။ စာရေးသူလည်း အာသာပြေ သွား၏။ ထိုသူတို့လည်း ကျေနပ်သွားမည် ထင်ပါသည်။ နှစ်ပေါင်းများစွာ ခွဲခွာနေရသော ဆွမ်းခံကိုယ်တော်လေးကို အကျဉ်းကျနေရာ အိုးဘိုဂေဟာအထိ လိုက်လံတွေ့ဆုံ အားပေးထောက်ပံ့ခဲ့ဖူးသော ၎င်းတို့၏ ပုံရိပ်ကို ယခုအထိ မြင်နေမိဆဲ ဖြစ်ပေ၏။ စာရေးသူ နေ့စဉ် တရားထိုင်သည့်အခါ ၎င်းတို့ကို တမ်းတမ်းတတ သတိရစိတ်များ ၀င်လာတတ်ပေသည်။ ထိုအခါ ၎င်းတို့၏ ကျေးဇူးတရားများကို ပြန်လည်ဆင်ခြင်၍ ၎င်းတို့၏ လွမ်းဖွယ်ပုံရိပ်များကို အာရုံယူကာ လေးနက်စွာ မေတ္တာပို့သမိလေ၏။
စာရေးသူ မြစ်ဆုံထောင်မှ ပြန်ရောက်ခါစ၌ ပစ္စည်းလေးပါး ဒါယကာ မိသားစုထဲမှ မိခင်ဖြစ်သူ ဒါယိကာမကြီးနှင့် မကြာခဏ စကားပြောဖြစ်ပေသည်။ သမီးနှင့် သားမက်တို့ကား ဖုန်းဖြင့်သာ နှုတ်ဆက်ဖူးလေ၏။ ထိုအချိန်က စာရေးသူသည် ဖိုးသူတော် ၀တ်စုံဖြင့်သာ နေထိုင်ကာ အရပ်ဝတ်လဲအစိုးရကို နိုင်ငံရေး တောင်းဆိုချက်များ တောင်းဆိုနေချိန်ဖြစ်သဖြင့် စာရေးသူနား မကပ်ဝံ့ခြင်းလည်း ဖြစ်ပေမည်။ သင်္ကန်းဝတ်ပွဲ ကျင်းပသည့်နေ့၌ကား မိခင် ပစ္စည်းလေးပါး ဒါယိကာမကြီး လာ၏။ န၀ကမ္မငွေ ဆယ်သိန်းကျပ် လှူသွား၏။ ဤမျှသာ ထိတွေ့ခွင့် ရလိုက်ပါသည်။ ထိုအချိန်မှစ၍ ယခုအချိန်ထိ မတွေ့ရတော့ပါ။ သားမက်ဖြစ်သူကမူ အရေးအကြောင်းရှိလျှင် ဖုန်းဆက်၍ မေးမြန်းတတ်လေ၏။ တစ်နေ့သောအခါ စာရေးသူထံ ဖိတ်စာတစ်စောင် ရောက်လာလေ၏။ သိမ်ကျောင်းရေစက်ချပွဲ ဖိတ်စာဖြစ်၏။ အလှူရှင်များကား စာရေးသူ၏ ပစ္စည်းလေးပါး ဒါယကာ ဒါယိကာမ မိသားစုပင်။ စာရေးသူ ပျော်ရွှင်မိသွား၏။ “ထောင်မှထွက်ကတည်းက မိသားစုလိုက် တစ်ခါမျှ မတွေ့ဖြစ်သေး။ သည်တစ်ခါတော့ တွေ့ရပေတော့မည်”ဟု အားခဲထားလိုက်၏။ သို့သော် ကံဆိုးသည်လော ရေစက်ကုန်ပြီဟု ယူဆရမည်လော မပြောသာပြီ။ သမီးအကြီးဖြစ်သူ ဆွမ်းဒါယိကာမကြီးနှင့်သာ နှုတ်ဆက်စကား ပြောလိုက်ရလေ၏။ အကြောင်းမှာ လာပင့်သောကားက ပျက်သွားသောကြောင့်လည်းကောင်း၊ ကားကြုံရှာသည်မှာ ကြာသွားသောကြောင့်လည်းကောင်း၊ ဧည့်ခံပွဲ မမီလိုက်သောကြောင့် ဖြစ်၏။ စာရေးသူရောက်တော့ တရားဟော ရေစက်ချပင် ပြီးသွားပေပြီ။ မိသားစု စုပေါင်းဓာတ်ပုံ ရိုက်နေသည်ကိုတော့ တွေ့ခဲ့ရ၏။
ကိုးနှစ်ကျော် ကွဲကွာနေခဲ့သော မိသားစုကို ဓာတ်ပုံအရိုက်ခံနေစဉ် ခဏမျှသာ မြင်တွေ့လိုက်ရခြင်း ဖြစ်ပါသည်။ အလှူပွဲပြီးလျှင် တွေ့ဆုံနိုင်ခွင့် ရှိသေးသော်လည်း စာရေးသူမှာ တောင်ငူတရားပွဲ အမီ သွားရမည်ဖြစ်၍ ဆွမ်းစားပြီး ပြန်လာခဲ့ရလေ၏။ တာဝန်ခံ ဦးပဉ္ဇင်းလေးများက လှူဖွယ်ဝတ္ထု တစ်ပါတည်း ယူသွားဖို့ လျှောက်ထားကြသော်လည်း တရားပွဲဆက်စရာရှိ၍ မယူဖြစ်ခဲ့ပါ။ ပင့်သံဃာအားလုံးကို လိုက်လံ လှူဒါန်းသည့်အခါမှသာ မစိုးရိမ်ကို ပို့ပေးဖို့ မှာခဲ့ရလေ၏။ သို့သော်။ သို့သော်မှ တကယ့် သို့သော်ပင်။ လှူရံပါ ဆုံးရှုံးသွားခြင်း ဖြစ်၏။ ယခုအချိန်ထိ ကျောင်းသို့ ရောက်မလာတော့ပါ။ ဖုန်းဆက်ပြောရလျှင်လည်း မသင့်တော်ပါ။ ပစ္စည်းလေးပါး ဒါယကာ မိသားစုနှင့် ရေစက်ကုန်ပြီ ရေစက်ပြတ်ပြီဟု အတိတ်ကောက်ရမည်ကဲ့သို့ ရှိချေ၏။ သိန်းပေါင်းသောင်းချီကုန်ကျခံ၍ လှူဒါန်းထားသော သိမ်ရေစက်ချပွဲကြီးမှာ ပင့်သံဃာကို လှူဒါန်းရာ လှူဖွယ်ပစ္စည်းတန်ဖိုးကား နည်းပါးလိမ့်မည် မဟုတ်။ သို့သော် စာရေးသူမှာ မြင်ပင် မမြင် ရလိုက်ပါပေ။ ၎င်းတို့လှူဒါန်းသော သိမ်ကျောင်းပိုင်ရှင် ဆရာတော်သည် စာရေးသူနှင့် အလွန်တရာ ရင်းနီးသူဖြစ်ပေသည်။ စာရေးသူနှင့် ညီအစ်ကိုတမျှ ရင်းနီးရာမှ ပစ္စည်းလေးပါး ဒါယကာများနှင့် သိရှိရခြင်း ဖြစ်ပါသည်။ အဆိုပါ နောင်တော်ကြီး၏ ကလေးတရားပွဲ စီဒီအချပ်များကို စာရေးသူက ၎င်းတို့ကို လက်ဆောင်ပေးရာမှ ကြည်ညိုသွားပြီး စာရေးသူ မရှိသည့်နောက်ပိုင်း အဆက်အသွယ်ရကာ ကြည်ညိုသွားကြခြင်း ဖြစ်ပါသည်။ နောင်တော်ကြီးနှင့် စကားစပ်မိ၍ ပစ္စည်းလေးပါး ဒါယကာများအကြောင်း ပြောမိတိုင်း လှူဖွယ်ဝတ္ထုကို သတိရမိသော်လည်း မလျှောက်ထားဖြစ်ပါ။ အရာရာ အားလုံး ပြတ်စဲသွားကြပြီဟု မိမိကိုယ်ကိုယ် အတိတ်ကောက်ကာ ပြုံးမိနေသည်ကား အမှန်ပင်။
တစ်နေ့သောအခါ ရန်ကုန်လေဆိပ်မှ လေယာဉ်ဆီသို့ ကြိုပို့ယာဉ်ပေါ်တွင် သားမက်ဖြစ်သူနှင့် ဆုံဆည်းမိပါသည်။ နှစ်ဦးသား နေကောင်းကျန်းမာမျှသာ နှုတ်ဆက်မိကြ၏။ လေယာဉ်ပေါ်၌ စာရေးသူက လက်ယာဘက် ခုံတန်း ရှေ့ဆုံးခုံ၊ သူက လက်ဝဲဘက်ခုံတန်း ဒုတိယခုံမှာ နေရာရ၏။ စာရေးသူက ၎င်းအား မကြာခဏ ကြည့်မိ၏။ ဆရာဒကာနှစ်ဦး အကြည့်ချင်းဆုံကြသော်လည်း ပြုံးမပြမိကြ။ နောက်တစ်ခါ ကြည့်မိသော် ၎င်းနေရာမှာ ၎င်းမရှိတော့ပေ။ “သြော် မကြည့်ချင် မမြင်ချင်လို့နေမှာ”ဟု အတွေးပေါက်သွား၏။ စာရေးသူ အိုးဘိုမှာနေရစဉ် ၎င်းတို့အား အမြဲ မေတ္တာပို့သလို ၎င်းတို့နှင့်ပတ်သက်၍လည်း အမြဲ စိတ်ကူးယဉ်လေ့ရှိ၏။ ၎င်းတို့ကို ကျောထောက်နောက်ခံပြု၍ ယဉ်ကျေးလိမ္မာ သင်တန်းများ ဖွင့်မည်၊ ပရဟိတ (ကုသိုလ်ဖြစ်လုပ်ငန်း၊ ပါရမီလုပ်ငန်း)များ လုပ်မည်ဟု အားခဲထားခြင်း ဖြစ်၏။ ၎င်းတို့ ကျောင်းဆောက်လှူရာ ဆရာတော်ကို အားကျမိ၍ စိတ်ကူးယဉ်ခြင်းလည်း ဖြစ်ပါမည်။ ထိုဆရာတော်ကား ဒါယကာ ဒါယိကာမများ အင်အားတောင့်၏။ ထို့ကြောင့် ၎င်းလုပ်လိုရာ သာသနာရေးလုပ်ငန်းများ၌ နောက်ဆံတင်းစရာ မလိုပေ။ စာရေးသူမှာကား ကောက်သင်းကောက်စားသူများကဲ့သို့ပင် တရားပွဲ ဓမ္မပူဇာလေး ရလိုက် ပရဟိတထဲထည့်လိုက်၊ ပညာရေးထဲထည့်လိုက်၊ အမျိုးသားရေးထဲ ထည့်လိုက်ဖြင့် အလျင်မီအောင် မနည်းလုံးပန်းနေရ၏။ ဤမျှ အခက်အခဲရှိသူကိုပင် ကမ္ဘာ့မီလျံနာ သူဌေးကြီးအသွင် ကောလာဟလများ ထုတ်လွှင့်ကာ ထင်ယောင်ထင်မှားဖြစ်အောင် လုပ်ဆောင်နေကြခြင်းကား နိုင်ငံရေးလုပ်ကြံမှုပင် ဖြစ်ပါသည်။ အမျိုးသားရေးလုပ်သဖြင့် လှူမည့်တန်းမည့်သူ အသစ်မတိုးသည့်အပြင် ရှိစုမဲ့စုလေးပင် ပဲ့ထွက်ပြုတ်ကျ ဖိတ်စင်ကုန်သည်ကို သိစေလိုရင်း အမှန်ပင်။ မည်သို့ဆိုစေ စာရေးသူ မေတ္တာမပျက်ပါ။ သံယောဇဉ်လည်း မပျက်ပါ။ မိမိအပေါ် ကျေးဇူးကြီးမားသော မိသားစုကို သတိရတိုင်း မေတ္တာပို့သနေမည်သာ ဖြစ်ပါ၏။
ဝီရသူ(မစိုးရိမ်)
12.2.2021