ဉေယျဓမ်တောရသို့ … (၁၂)
================
နတ်တလူကို သွားကြပါတော့မယ်။ စာရေးသူလည်း ကဗျာစပ်လိုက် စာကျက်လိုက်လုပ်ရင်း လမ်းလျှောက်နေပါတယ်။ ဆရာတော်ကြီးစွန့်ကြဲတော်မူတဲ့ ပရိက္ခရာထဲက ဖိနပ်တစ်ရံကို ထုတ်ယူကြည့်လိုက်တော့ စာရေးသူစီးတဲ့ နံပါတ်(၉)ဖြစ်နေပါတယ်။ အဟောင်းကလည်း နံပါတ်(၉)ပါပဲ။ ဒါပေမဲ့ ဆိုဒ်အကြီး နံပါတ်(၉)ဖြစ်နေလို့ ဖနောင့်အပြင်ဘက် အတော်ထွက်နေပါပြီ။ ဒါကြောင့် အဟောင်းကို ကုဋီသွားရာအခန်းထဲက နံရံဘေးမှာ ထားခဲ့ပါတယ်။ အာဂန္တုဆရာတော်များ ကြွလာတဲ့အခါ ကုဋီတက်ရင်း စီးလို့ရအောင်ပါ။
ဘုရားရှိခိုးပြီး အားလုံးထွက်လာခဲ့ပါတယ်။ သာသနဝုဍ္ဎိကျောင်းဝင်းတံခါးကြီးမှ ထွက်လာတာနဲ့ ဘယ်ဘက်ဘေးမှာ ဆိုင်းဘုတ်ကလေးတစ်ခု တွေ့ရပါတယ်။ လမ်းအမည်လေးပါ။ “ဓမ္မပဒလမ်း”တဲ့။ ဆန်းတယ်နော်။ ဓမ္မ-တရား၊ ပဒ-အစု။ ဓမ္မပဒ- တရားအစု။ နိဗ္ဗာန်ရောက်ကြောင်း တရားအစု စတာတွေပေါ့။ ခုဒ္ဒကနိကာယ်ထဲမှာပါတဲ့ ဓမ္မပဒပါဠိတော်ကျမ်းဆိုရင် လူတိုင်းကြားဖူးပြီးသား ဖြစ်မှာပါ။ ဒါကို ရည်ရွယ်ပြီး ပေးထားပုံရပါတယ်။
ကန့်သတ်နယ်မြေဆုံးတော့ ကပ္ပိယအဖွဲ့သားတွေ အလုပ်ကိုယ်စီနဲ့ ကြိုဆိုနေကြပါတယ်။ စာရေးသူတို့ကို နှုတ်ဆက်တဲ့အနေနဲ့ အလုပ်တွေရုပ်ပြီး ရှိခိုဦးချကြပါတယ်။
အားလုံးဟာ ကံကောင်းပြီးသားပါ။
ကုသိုလ်ထူးလို့ ဆရာတော်ကြီးကို အမြဲဖူးခွင့်ရတာပါ။
သူများတွေဆို ဖူးချင်လွန်းလို့ ဟိုအဝေးကြီးကနေတောင် လာကြရတာ။ အိပ်ရေးလည်းပျက်၊ လူလည်းပင်ပန်းနဲ့ပေါ့။
ကပ္ပိယတွေကတော့ အနီးအနားလေးမှာနေပြီး အမြဲဖူးနေရတာ အတိတ်ကံက ကောင်းပြီးသား။
ဒါကြောင့် လုပ်ရင်းကိုင်ရင်း နမောတဿရွတ်ဖို့ပဲ တိုက်တွန်းခဲ့ပါတယ်။
ဧည့်ပရိသတ်အပေါ်မှာပဲဖြစ်ဖြစ်၊ ကိုယ်အချင်းချင်းအပေါ်မှာပဲဖြစ်ဖြစ် အားမရမှု၊ အလိုမကျမှုများရှိရင် သည်းခံကြဖို့၊ ကုသိုလ်အရေးဖြစ်လို့ အကုသိုလ်အဝင်မခံကြဖို့ပဲ သြဝါဒပေးခဲ့ပါတယ်။
စာရေးသူက ဆရာငြိမ်းချမ်းသာရဲ့ကားနဲ့ တပည့်နှစ်ပါးက စားရေးသူတို့ကားနဲ့၊ နတ်တလူဆရာတော်လေးကလည်း ကားတစ်စီးဆိုတော့ စုစုပေါင်း ကားသုံးစီးနှင့် နတ်တလူသို့ ထွက်လာခဲ့ကြပါတယ်။
နတ်တလူဆရာတော်လေး သီတင်းသုံးရာ ကျောင်းဆောင်အပေါ်ထပ်မှာ နေရာပေးပါတယ်။ ဆွမ်းလောင်းမည့် ပရိသတ်တွေ တဖွဲဖွဲရောက်လာသလို ရွာခံနယ်ခံတွေလည်း ဖွေးဖွေးလှုပ်မျှပါပဲ။ ဓမ္မစကြာဝတ်အသင်း လူတန်းကြီးတစ်ခုတည်းနဲ့တင် မျက်စိတစ်ဆုံး မကပါဘူး။
ကိုဗစ်လွတ်မြောက်နယ်မြေအလား ထင်ရတယ်။ ဘယ်သူမှ Mask (နှာခေါင်းစည်း) မတပ်ကြလို့ပါပဲ။
ဆွမ်းလောင်းပွဲမှာ လောင်းလှူကြတဲ့ပစ္စည်းတွေက တစ်ပါးလျှင် ခွေးဘီလူးကားတစ်စီးစီ ရရှိတာမို့ စာရေးသူတို့ သုံးပါးအတွက် ကင်တာကားတစ်စီး စီစဉ်လိုက်ပါတယ်။
ကင်တာကားမောင်းလာတဲ့ ကားဆရာထဲမှ ဖုန်းရကြောင်း၊ နတ်တလူရောက်ခါနီးမှ ကားတွေ အပိတ်ခံထားရကြောင်း၊ ဖြတ်သွားဖြတ်လာကားတွေကို လမ်းဘေးရွာထဲမှ ပစ်ခတ်နေလို့ စစ်တတပ်နဲ့ တိုက်ပွဲဖြစ်ကြောင်း၊ တိုက်ပွဲပြီးမှ လာလို့ရမှာဖြစ်ကြောင်း တပည့်တစ်ပါးက လျှောက်ထားလာပါတယ်။
မကြာခင် ကင်တာကားဆရာရောက်လာပြီး အခင်းဖြစ်ပွားပုံတွေ ပြောပြနေပါတော့တယ်။
နတ်တလူအနီးအနားမှာ တိုက်ပွဲတွေဖြစ်နေပေမယ့် မင်းဘိသိက်ပရိသတ်ကတော့ ကမ္ဘာ့အပြင်ဘက်ရောက်နေသလိုလို ကမ္ဘာကြီးနဲ့ အဆက်အသွယ်မရသလိုလို အပူအပင်မရှိ၊ ကြောင့်ကြမှုမရှိနဲ့ ကုသိုလ်အရေးပဲ တွေးနေကြတယ်ထင်ပါရဲ့။
ဆရာတော်ကြီးရဲ့ ဘုန်းတန်ခိုးပါပဲ။
အတီးအမှုတ် အကအခုန်တွေ စကြတော့ စာရေးသူတို့လည်း ခဏလှည့်ကြည့်ကြပါတယ်။ မင်းဘိသိက်ခံစေတီတော်ကို အရင်ဖူးပြီးမှ ပွဲကြည့်ပရိသတ်ကို အကဲခတ်၊ စတုဒိတာအခင်းအကျင်းတွေ၊ ဆွမ်းလောင်းမဏ္ဍပ်တွေ လိုက်ကြည့်၊ ကျောင်းဝင်းကြီးကို ပတ်ကြည့်နဲ့ အတော်လေးစုံသွားပါတယ်။
ကိုဗစ်လွတ်မြောက်နယ်မြေမှာ Maskတပ်ထားသူဆိုလို့ စာရေးသူတစ်ပါးတည်းပါ။ အားလုံးရဲ့အမြင်မှာ ဆန့်ကျင်ဘက်လို ဖြစ်နေတော့ ဆန်းနေတာပေါ့နော်။
ဒါပေမဲ့ သိတဲ့လူကတော့ သိကြတာပါပဲဗျ။
တစ်နေရာမှာ ဆိုင်းဘုတ်လေးတစ်ခု တွေ့မိလိုက်တယ်။
“သာသနာ့နယ်မြေ၊
လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေး ဆွေးနွေးငြင်းခုံခြင်း မပြုရ”တဲ့။
ဆရာတော်ကြီးရဲ့ သတိပေးချက်တစ်ခု ဖြစ်ပုံရပါတယ်။
တန်ဖိုးရှိလိုက်တာနော်။
အလွှာစုံ၊ အရောင်စုံ ပရိသတ်တွေ ငြင်းခုံကြရင်ဖြင့် ကုသိုလ်တစ်ပဲ ငရဲတစ်ပိဿာတောင် ဖြစ်သွားနိုင်တာပေါ့။
ဆရာတော်ကြီးက လမင်းကြီးလေ။ အားလုံးနဲ့ သက်ဆိုင်တာပေါ့။ ဆရာတော်ကြီးမေတ္တာကလည်း လူသားအားလုံးအပေါ် တစ်ပြေးညီထားရှိတာလေ။ အားလုံး တန်းတူ ကုသိုလ်ရစေချင်ကြတာပေါ့။
မရောနဲ့နော်။
ကုသိုလ်ရေးနှင့် နိုင်ငံရေး။
ဦးပဉ္စင်း
ဝီရသူ(မစိုးရိမ်)
29.3.2022