ဉေယျဓမ်တောရသို့ … (၁၃)
===============
စာရေးသူတို့ လိုက်ကြည့်တာက နတ်တလူသာသနာပြုစခန်းကြီး တစ်ခုလုံးလိုလို ဖြစ်သွားပါတယ်။ ထမင်းဟင်း ချက်ပြုတ်နေကြတာတွေရော၊ ဧည့်သည်တွေ ဆွမ်းလောင်းဖို့ ပြင်ဆင်နေကြတာတွေရော စုံနေအောင် လိုက်ကြည့်နေတော့ အပြန် နည်းနည်းနောက်ကျသွားပါတယ်။ ကျောင်းဝင်းကြီးက ကျယ်တာကိုး။
ဆရာငြိမ်းချမ်းသာတို့ ရောက်နှင့်နေပြီး စာရေးသူတို့ကိုစောင့်နေတာ တွေ့ရပါတယ်။ နတ်တလူသာသနာပြုစခန်းမှာ ဆရာသွေးတို့နှင့်လည်း ထပ်မံစကားပြောရ၊ နတ်တလူကပ္ပိယများနှင့်လည်း တွေ့ရလို့ စားရေးသူအပေါ်ထားရှိတဲ့ ဆရာတော်ကြီးရဲ့ သံယောဇဉ်ကို ပိုပြီး သိရှိခွင့်ရလာပါတယ်။
မန္တလေးမှ ကပ္ပိယကိုဟန်ဝင်း၊ ဉေယျဓမ်မှ ကပ္ပိယမောင်ညီထွန်းနှင့် မောင်ပုတီးကျော်တို့လည်း စားရေးသူကို လာရောက်နှုတ်ဆက်ကြပါတယ်။
ကပ္ပိယညီထွန်းဆိုတာ ဆရာတော်ကြီးနားမှာ နှစ်ပေါင်းများစွာ ဝေယျာဝစ္စပြုနေတဲ့ လူငယ်လေးပါ။ အင်မတန်ကံထူးတဲ့ လူငယ်လေးပေါ့။ ဆရာတော်ကြီးနားမှာ အမြဲနေရဖို့ မလွယ်ဘူးဆိုပါတယ်။ ဆရာတော်ကြီးက တစ်ကြိမ်တစ်ခါလေးတောင် ချွတ်ချော်မှားယွင်းမှုကို ခွင့်မပေးသူ ဖြစ်ပါတယ်။ ခိုင်းတဲ့အတိုင်းမလုပ်ရင်လည်း တစ်ခါပဲသုံးတယ်။ နောက် မသုံးတော့ဘူးတဲ့။ ခိုင်းတဲ့အတိုင်းလုပ်ပေမယ့် တစ်ခုတစ်ခု လွဲချော်မှားယွင်းသွားရင်လည်း တစ်ခါပဲသုံးတယ်။ နောက်မသုံးတော့ပါဘူးတဲ့။ ကပ္ပိယညီထွန်းကတော့ အမှားအယွင်း အချွတ်အချော်မရှိလို့ မြဲနေတာပါတဲ့။
ကပ္ပိယညီထွန်း လျှောက်ထားပြလို့ ဆရာတော်ကြီးက စာရေးသူအပေါ် ဘယ်လိုမျှော်လင့်ချက်ရှိတယ်၊ ဘယ်လိုသံယောဇဉ်ကြီးတယ်ဆိုတာ သိရှိရတာပါ။ နတ်တလူဆရာတော်လေးရော ဆရာသွေးတို့အဖွဲ့ရော အကုန်လုံး သိရှိလိုက်ရတာ ဖြစ်ပါတယ်။
စာရေးသူတို့တည်းခိုရာ သာသနဝုဍ္ဎိကျော်းဆောင်ကို ဆရာတော်ကြီးက မြောက်ကျွန်းလို့ ခေါ်ဆိုပါတယ်။ တစ်နေ့မှာ ကပ္ပိယညီထွန်းကို ဆရာတော်ကြီးက “လာ- မြောက်ကျွန်းသွားရအောင်ဗျာ” ဟုဆိုကာ ရှေ့မှ ကြွတော်မူပါတယ်တဲ့။
သာသနဝုဍ္ဎိကျောင်းဆောင်ထဲက ပစ္စည်းတွေကို နေရာရွှေ့ဖို့၊ စာရေးသူတို့တည်းခိုရာမှာ အဆင်ပြေဖို့အတွက် အစစအရာရာ ညွှန်ကြားတော်မူပါတယ်။
ရေချိုးခန်းမှာဆိုရင် မိုးရေ၊ စက်တွင်းရေ နှစ်မျိုးရှိတာ သေချာလျှောက်ဖို့၊
စတိုခန်းမှာဆိုရင် ရေသန့်ဘူးများ၊ ဖျော်ရည်ဘူးများ၊ အင်ရှူးဝါး၊ မစ်တိုဗာဘူးများ ထားရှိကြောင်းကို သေချာပြဖို့၊
ရေနွေးတည်စရာ၊ ရေနွေးသောက်စရာ၊ လဘက်ခြောက်ထားရှိရာ နေရာများကို သေချာပြဖို့ အစုံအလင် မှာကြားတော်မူပါတယ်။
စာရေးသူအိပ်ခန်းဆိုရင်လည်း ခေါင်းအုံးကို အထူရော အပါးရော ထားဖို့၊ “အထူကြိုက်ရင် အထူအုံးလိမ့်မယ်၊ အပါးကြိုက်ရင် အပါးအုံးလိမ့်မယ်။”
စောင်ကိုလည်း ခြေရင်းမှာ သေချာခေါက်တင်ထားပေးဖို့၊ “အေးရင် ခြုံလိမ့်မယ်၊ အိုက်လို့ မခြုံလည်း ခြေတင်အိပ်လို့ရတယ်”ဆိုကာ အစစအရာရာ သေချာမှာပြီး အိပ်ရာပြင်ဆင်တာကို ဂရုစိုက် စောင့်ကြည့်တော်မူတဲ့အကြောင်း သိရှိလိုက်ရပါတယ်။
ဒီလောက် ဂရုစိုက်တာမျိုး တစ်ခါမျှ မကြုံဖူးဘူးလို့ ဉေယျဓမ်ကပ္ပိယက ဆိုပါတယ်။
ဒီလောက်ဆိုရင် စာရေးသူအပေါ်ထားရှိတဲ့ မဟာဗောဓိမြိုင်ဆရာတော်ကြီးရဲ့ သံယောဇဉ်အတိမ်အနက်ကို သိရှိကြလောက်ပါပြီ။
ဆရာတော်ကြီးရဲ့ ကဗျာတွေနဲ့ပတ်သက်ပြီးတော့လည်း ပြောဖြစ်ကြပါတယ်။
ကာရံလည်း မိ၊ နဘေလည်း ထပ်၊ စကားလုံးလည်း ကောင်း၊ စားသားလည်း ပြောင်မြောက်၊ ရည်ရွယ်ချက်လည်း ကောင်း၊ စေတနာလည်း မှန်လို့ အင်မတန် ဟတ်ထိတဲ့အကြောင်း စားရေးသူက ပြောပြလိုက်တာပါ။
အိုးဘိုသို့ ပါတော်မမူခင်တုန်းကဆို စားရေးသူ သွားလေရာ လွယ်အိပ်ထဲမှာ “ကဗျာ့ဘဏ်တိုက်”စာအုပ် အမြဲပါပါတယ်။ ကားပေါ်ရောက်တိုင်း ကဗျာကျက်ပါတယ်။ ဒီကဗျာတွေဟာ စာရေးသူရဲ့ လက်နက်တွေ၊ စာရေးသူရဲ့ အားမာန်တွေ ဖြစ်ခဲ့ပါတယ်။
ဆရာတော်ကြီးရဲ့ ကဗျာတွေကို စာရေးသူက ကြိုက်လို့ကျက်တယ်။ ကြိုက်လို့ ပြန်ဟောတယ် လို့ ဆိုရမှာပါ။
“ကိုယ်ချင်းစာထားကြည့်”ဆိုတဲ့ ကဗျာ အခုရွတ်ဆိုရင် အခုရင်ထဲထိနေတုန်းပါပဲ။ ရောက်လေရာအရပ်မှာ အဲဒီကဗျာလေးနဲ့ သာသနာပြုပါတယ်။ အိုးဘိုတုန်းကဆို အတော်အလုပ်ဖြစ်တဲ့ ကဗျာလေးပါ။
“ပြည်ချစ်စစ်သားတို့ ဝင်ခွင့်မရတဲ့ စစ်မျက်နှာ”တဲ့။
ကဗျာခေါင်းစဉ်နဲ့တင် ပက်လက်လန်သွားရပါတယ်။
ရင်ဘတ်ကို ထိလွန်းလို့လေ။
“အယူသည်းတို့၏ အူမည်းတူ၊ ဖြူပါသည် ဘယ်သူပြောမတုံး”တဲ့။
နဘေမိတဲ့ ကာရံလေးပါ။
အပြတ်မိတယ်၊ ဟတ်ထိတယ် နော် … ။
ဦးပဉ္စင်း
ဝီရသူ(မစိုးရိမ်)
30.3.2022