ဉေယျဓမ်တောရသို့ … (၁၉-ခ)
ဉေယျဓမ်တောရသို့ … (၁၉-ခ)
ဆရာတော်ကြီးက တရားဆေးကလွဲလို့ ဘယ်ဆေးဝါးမှ မမှီဝဲပေမယ့် ကျန်းမာရေးတော့ ကောင်းပုံရပါတယ်။ တပေါင်းလဆန်း ၁၂ရက်နေ့က ဆွမ်းခံကြွတာ နှစ်နာရီခွဲလောက် ကြာတယ်လို့ ဆိုပါတယ်။ လူတိုင်းကိုလည်း နှုတ်ဆက်တယ်။ အစအဆုံးလည်း ရေတောင်မသောက်။ မောတောင် မမောဘူးလို့ ဆိုပါတယ်။ လူတွေအုံနေလို့သာ ယပ်ခတ်ပေးရတာလို့ ဆိုပါတယ်။
စာရေးသူတို့မှာတော့ တပေါင်းလပြည့် နတ်တလူဆွမ်းလောင်းပွဲ နှစ်နာရီလောက်ပဲ ကြာပါတယ်။ သံပုရာရည်လည်း သောက်၊ ရေလည်း သောက်ရပါတယ်။
ဒါကြောင့် ဆရာတော်ကြီးက သူ့တရားဆေးနဲ့သူ ဟုတ်နေတာပဲလို့ ပြောရတော့မှာပါပဲ။
နေ့ဆွမ်းစားပြီး ဗိုက်တောင့်နေတာနဲ့ ထိုင်ပြီး တရားမမှတ်နိုင်လို့ စာတွေရေးတယ်လို့ ဆရာတော်ကြီးရဲ့ ကဗျာတစ်ပုဒ်ထဲမှာ စပ်ဆိုထားတာ တွေ့လိုက်ရပါတယ်။
ပါဠိစာပေထဲမှာတော့ သံဃာတော်တွေဟာ နေ့ဆွမ်းစားပြီးချိန်မှာ စင်္ကြံကြွ ကမ္မဋ္ဌာန်းစီးဖြန်းကြတယ်လို့ ဆိုပါတယ်။
အမ္ဗဋ္ဌလုလင်၊ သစ္စကလုလင်တို့ ဘုရားဖူးလာကြတဲ့အခါ ရဟန်းတော်တွေ စင်္ကြံကြွနေတာကို တွေ့မြင်ရကြောင်း အမ္ဗဋ္ဌသုတ်မှာရော၊ စူဠသစ္စကသုတ်မှာပါ တွေ့ရှိရပါတယ်။ အဲဒီလို စင်္ကြံကြွတာကို ဒိဝါပဓာနိကာလို့ ခေါ်ပါတယ်။ နေ့အခါ ကမ္မဋ္ဌာန်းအားထုတ်သူလို့ အဓိပ္ပါယ်ရပါတယ်။
အမ္ဗဋ္ဌလုလင်၊ သစ္စကလုလင်တို့ ရောက်လာချိန်ဟာ နေ့ဆွမ်းစားပြီးစ မွန်းတည့်ချိန်ကြီးမှာပါ။ အဲဒီအချိန်မှာ ဘာကြောင့် စင်္ကြံကြွကြသလဲဆိုရင် မွန်မြတ်တဲ့ ဆွမ်းဘောဇဉ်ကြောင့် ထိနမိဒ္ဓဖြစ်တတ်လို့ပါပဲ။ အဲဒီလို ထိနမိဒ္ဓဆိုတဲ့ လေးလံထိုင်းမှိုင်း ငိုက်မြည်းတဲ့စိတ်တွေကို ပယ်ဖျောက်ချင်လို့ စင်္ကြံကမ္မဋ္ဌာန်း စီးဖြန်းကြတာပါတဲ့။
ဆွမ်းစားပြီး၊ စင်္ကြံလျှောက်၊
စင်္ကြံလျှောက်ပြီး၊ ရေချိုး၊
ရေချိုးပြီး ကိုယ်ငွေ့လှုံ၊
ကိုယ်ငွေ့လှုံပြီး တရားထိုင်မှတ်ရင် သမာဓိရလွယ်တယ်။ မှတ်လို့ကောင်းတယ်လို့ ဆိုပါတယ်။
(ရေချိုးပြီးတဲ့အခါ ဆုံးရှုံးသွားတဲ့ အပူဓာတ်တွေ ချက်ချင်းပြန်ရအောင် သင်္ကန်းခြုံပြီးနေတာကို ကိုယ်ငွေ့လှုံတယ်လို့ ခေါ်ပါတယ်။ အပူထုတ်ခြင်းတစ်မျိုးပါပဲ။ စာရေးသူလည်း အမြဲတန်း အဲလိုလုပ်ပါတယ်။)
ဒိဝါ ပဓာနိကာတိ ဒိဝါပဓာနာနုယုဉ္စနကာ၊ ဒိဝသဘာဂေ သမဏဓမ္မကရဏတ္ထံ တေ ဧဝံ စင်္ကမန္တီတိ ဝုတ္တံ ဟောတိ။ (သီ၊ ဋီသစ်။ ၂။ ၂၄၆)
ပဏီတဘောဇနပစ္စယဿ ထိနမိဒ္ဓဿ ဝိနောဒနတ္ထံ။
တာဒိသာနဥှိ ပစ္ဆာဘတ္တံ စင်္ကမိတွာ နှတွာ သရီရံ ဥတုံ ဂဏှာပေတွာ နိသဇ္ဇ သမဏဓမ္မံ ကရောန္တာနံ စိတ္တံ ဧကဂ္ဂံ ဟောတိ။ (မ။ ဋ္ဌ။ ၂။ ၁၇၄) (ဒီ။ ဋ္ဌ။ ၁။ ၂၂၃)
စာရေးသူလည်း ဆွမ်းစားပြီး လမ်းလျှောက်တဲ့စနစ်ကို တောရိပ်ခိုတုန်းကမှ ရရှိခဲ့တာပါ။ နေ့ရော ညပါ ကွန်ပျူတာလက်တော့ပ်တစ်လုံးနဲ့ အလုပ်ရှုပ်နေတာကြောင့် နေ့ဆွမ်းစားပြီးချိန်မှာ လမ်းလျှောက်ရင်း မေတ္တာပို့တဲ့ နည်းစနစ်ကို ကျင့်သုံးမိသွားတာပါ။ ဖြေးဖြေးမှန်မှန်လျှောက်ရင်း ဆွမ်း၊ သင်္ကန်း၊ ကျောင်း၊ ဆေး စတဲ့ ပစ္စည်းပစ္စယတွေနဲ့ ဆက်စပ်တဲ့ ကုသိုလ်ရှင်အားလုံးကို မေတ္တာပို့ပါတယ်။ အစာလည်းကြေ၊ သမာဓိလည်းတက်၊ မေတ္တာပို့မှုလည်း ထိရောက်လို့ အတော်အဆင်ပြေတဲ့ ကမ္မဋ္ဌာန်းပါ။
အခုအချိန်ထိ စာရေးသူဟာ ဆွမ်းစားပြီးတိုင်း လမ်းလျှောက်မေတ္တာပို့တဲ့ စင်္ကြံကမ္မဋ္ဌာန်းကို လက်မလွတ်သေးပါဘူး။ တစ်ခါတလေ အရေးကြီးကိစ္စရှိလို့ ခဏတဖြုတ်လေး ထိုင်မိရင်တောင် ဗိုက်ကြီးလေးသလို ခံစားရပါတယ်။ ကျန်းမာရေးရှုထောင့်အရ ကြည့်ရင်လည်း စားပြီး အိပ်တာထိုင်တာတွေဟာ ကျန်းမာရေးနှင့် မညီညွတ်ပါဘူး။ ဒါကြောင့် မြတ်စွာဘုရားရဲ့ ဒိဝါပဓာနိက- စင်္ကြံကမ္မဋ္ဌာန်းကို နာရီဝက်လောက်ပဲဖြစ်ဖြစ် ပြုလုပ်နိုင်မယ်ဆိုရင် အကောင်းဆုံးပါပဲ။
ဆရာတော်ကြီးကို ဖူးမြော်စဉ်က ဒီအကြောင်း မလျှောက်ထားဖြစ်ခဲ့တာက ဗိုက်တောင့်လို့ တရားမမှတ်နိုင် စာရေးတာပဲလုပ်နိုင်တယ်ဆိုတာ မသိရသေးလို့ပါ။
စာရှုသူအားလုံး အစာစားပြီးတိုင်း လမ်းလျှောက်ခြင်းဖြင့် ကျန်းမာရေးနှင့် ညီညွတ်သော ဘဝသုခကို ထူထောင်နိုင်ပါစေသော်…ဝ်။
ဦးပဉ္စင်း
ဝီရသူ(မစိုးရိမ်)
7.4.2022