သတင်း

ကမ္ဘာကျော်ဆရာတော်၏ ကမ္ဘာမကျော်သော အတွေးအခေါ်များ (၁၇-က)
“အိပ်စက်အနားယူခြင်း”

ကမ္ဘာကျော်ဆရာတော်၏ ကမ္ဘာမကျော်သော အတွေးအခေါ်များ (၁၇-က)
“အိပ်စက်အနားယူခြင်း”
————————————————-
အရှင်ဝီရသူ (မစိုးရိမ်)

စာရေးသူသည် အိပ်စက်အနားယူချိန်ကို ခြောက်နာရီသာ သတ်မှတ်ထားပါသည်။ နေ့ဘက်တစ်နာရီနှင့် ညဘက်ငါးနာရီ စုစုပေါင်း ၂၄နာရီတွင် နေ့စဉ် ခြောက်နာရီသာ အိပ်စက်ပါသည်။ အိပ်ချိန်မှန်သော်လည်း အိပ်ရာဝင်ချိန် မမှန်ပါ။ အလုပ်အပေါ်မူတည်၍သာ အိပ်ရာဝင်ပါသည်။ မွန်းလွဲ ၂း၀၀နာရီမှ အလုပ်ပြတ်လျှင် မွန်းလွဲ ၂း၀၀နာရီတွင် အိပ်ရာဝင်ပါသည်။ ည ၁၂း၀၀နာရီမှ အလုပ်ပြတ်လျှင် ည ၁၂း၀၀နာရီတွင် အိပ်ရာဝင်ပါသည်။ အိပ်ရာဝင်ချိန်ကား အလုပ်အပေါ်၌သာ မူတည်နေပါသည်။

တစ်ရက်တွင် ၂၄နာရီ ရှိသည့်အနက် ၆နာရီသာ အိပ်စက်သဖြင့် ကျန် ၁၈နာရီသည် လှုပ်ရှားချိန်ဖြစ်ပါသည်။ ထိုလှုပ်ရှားချိန် ၁၈နာရီတွင် ရေချိုးချိန်၊ ဆွမ်းစားချိန်၊ ဝတ်တက်ရွတ်ဖတ်ချိန်များ နုတ်လိုက်လျှင် ၁၆နာရီကျန်ပါသည်။ ထိုကြောင့် ၈နာရီကို မိမိအတွက်၊ ၁၆နာရီကို လောကအတွက်ဟု သတ်မှတ်နိုင်ပါသည်။ အချိန်ရှိခိုက် လုံ့လစိုက်ဟူသည့် စကားပုံနှင့်အညီ အချိန်ကို တန်ဖိုးထား လေးစားပါသည်။ ငါးမိနစ်ရလျှင် ငါးမိနစ်အလုပ်လုပ်ပါသည်။ ဥပမာ- ရေချိုးပြီးသည့်အခါ ဆွမ်းစားသွားရန် ငါးမိနစ်လိုသေးသည်ကို တွေ့ရလျှင် ထိုငါးမိနစ်စာအတွက် အလုပ်တစ်ခုခု လုပ်လိုက်ပါသည်။ ဥပမာ- ဖုန်းဆက်ခြင်း၊ မက်ဆေ့ပို့ခြင်း စသည်တို့ဖြစ်ပါသည်။

ဘုန်းကြီးဘဝတွင် စည်းစိမ်သုံးပါး ရှိပါသည်။ ရေချိုးလျှင် ဇိမ်နှင့်ချိုးရခြင်း၊ ဆွမ်းစားလျှင် ဇိမ်နှင့်စားရခြင်း၊ အိပ်စက်လျှင် ဇိမ်နှင့်အိပ်စက်ရခြင်းတို့ ဖြစ်ပါသည်။ အပူအပင်ကင်းစွာ နားအေးပါးအေးနေရ စိတ်အေးလက်အေးစားရသည်ကို ဆိုလိုဟန်တူပေသည်။ စာရေးသူတွင် စားကောင်းခြင်းမစားရ၊ အိပ်ကောင်းခြင်း မအိပ်ရလောက်အောင် အလုပ်များပြားမှု မရှိသော်လည်း စားချိန်၊ အိပ်ချိန်၊ ရေချိုးချိန်များကား ဇိမ်ကျလှသည်မဟုတ်ပါ။ ဆွမ်းစားကျောင်းသွားလျှင် ဖုန်းထားခဲ့သော်လည်း အရေးကြီးဖုန်းလာသည်ဟုဆိုကာ ဆွမ်းစားကျောင်းမရောက်ခင် အပြေးလိုက်ပို့သည်မျိုးနှင့်လည်း ကြုံရပါသည်။ ဆွမ်းစားသွားခါနီး ဖုန်းလက်ခံပြောမိရာမှ ဆွမ်းစားကျောင်းသွားရာ လမ်းတစ်လျှောက်မှာပါ ဖုန်းပြောရသည်မျိုးလည်း ရှိပါသည်။ ရေချိုးခန်းထဲတွင် နာရီချိတ်ထားကာ နာရီတကြည့်ကြည့် ရေချိုးရတတ်သလို အရေးကြီးဖုန်းလာသည်ဟုဆိုကာ ရေချိုးခန်းထဲထိ ဖုန်းလာပို့သည်နှင့်လည်း ကြုံရပါသည်။ ရေချိုးရင်းတန်းလန်းနှင့်ပင် ဖုန်းပြောရသည်မျိုးလည်း ရှိပါသည်။ အိပ်ချိန်တွင်လည်း အရေးပေါ်ဖုန်းများ ဝင်လာတတ်ပါသည်။ အရေးပေါ်လျှင် ပေါ်သလို အလုပ်လုပ်ရပါသည်။ နှစ်ပရိစ္ဆေဒကြာမြင့်စွာ ညအခါဖုန်းမပိတ်ဘဲ အိပ်ရာဝင်ပါသည်။ အရေးအကြောင်းရှိလျှင် အကူအညီတောင်းလိုသူများအတွက် ဖြစ်ပါသည်။ မကြာသေးခင်ကာလမှပင် အိပ်ရာဝင်လျှင် Flight Mode လုပ်ခြင်း၊ ပါဝါပိတ်ခြင်းများ လုပ်ခဲ့ရခြင်း ဖြစ်ပါသည်။

ဘုန်းကြီးစည်းစိမ်သုံးပါးရှိရာတွင် သုံးပါးလုံးမှာ ဇိမ်မကျနိုင်ခဲ့သော ဘဝပါပင်တည်း။

ဆက်လက်ဖော်ပြပါမည်။
(၂၀၂၂ ခုနှစ်၊ မတ်လ ၂၈ ရက်ထုတ် Myanmar Guardian News Journal၊ အတွဲ (၁)၊ အမှတ် (၂၂)တွင် ဖော်ပြပါရှိသော ဆောင်းပါး)