သတင်း

ကမ္ဘာကျော်ဆရာတော်၏ ကမ္ဘာမကျော်သော အတွေးအခေါ်များ (၁၈-ခ)

“ရုပ်ပွားတော်ကို ပူဇော်နည်း”

ကမ္ဘာကျော်ဆရာတော်၏ ကမ္ဘာမကျော်သော အတွေးအခေါ်များ (၁၈-ခ)

“ရုပ်ပွားတော်ကို ပူဇော်နည်း”
———————————————–—
အရှင်ဝီရသူ (မစိုးရိမ်)

ဘုရားခန်းကို တံခါး သို့မဟုတ် ခန်းဆီးတပ်မထားလျှင် ဘုရားရှေ့တွင် သွားလာနေထိုင်သမျှ အဂါရဝ ဖြစ်ပါသည်။ ဘုရားကို မရိုသေရာ ရောက်ပါသည်။ ဘုရားခန်းထဲ တွေ့ကရာပစ္စည်းများ သိမ်းဆည်းထားလျှင်လည်း အဂါရဝ ဖြစ်ပါသည်။ ဘုရားခန်းသည် စတိုခန်း မဟုတ်ပါ။ သို့ဖြစ်၍ ဘုရားခန်းထဲ၌ ရှင်းလင်းနေရပါမည်။ ဘုရားနှင့် စပ်ဆက်သမျှသာ ထားရှိရပါမည်။ ဘုရားပန်းအိုး၊ သောက်တော်ရေခွက်၊ ဆွမ်းတော်ပန်းကန်၊ အမွှေးတိုင်ပူဇော်ရာ၊ ဆီမီးထွန်းညှိရာ၊ မျက်နှာသုပ်ပုဝါ၊ ကျမ်းစာအုပ် ဤမျှသာ ထားရှိရပါမည်။ အမွှေးတိုင်ထုပ်များ၊ ဖယောင်တိုင်ထုတ်များ၊ မီးခြစ်များပင် မထားသင့်ပေ။ နီးစပ်ရာ၌သာ ထားသင့်ပါသည်။ သို့မှသာ ဘုရားကို ဘုရားနှင့်တူအောင် တူတူတန်တန် ပူဇော်နိုင်ပေမည်။ အများစုသည် ဘုရားကိုမြင်လျှင် စိတ်ကြည်လင်အောင်ဟုဆိုကာ တံခါးမတပ်၊ ခန်းဆီးမကာဘဲ ဘုရားခန်းထဲ၌ ရုပ်ပွားတော်ကို ဟာလာဟင်းလင်း ထားရှိကြခြင်းပင်။ ရုပ်ပွားတော်သည် အလှဆင် ပစ္စည်းမဟုတ်ပေ။ ကိုးကွယ်အားထားရာ ဖြစ်ပါသည်။ စိတ်ကြည်လင်လိုလျှင် မှန်တံခါး တပ်ထားနိုင်ပါသည်။ မီးပန်း၊ မီးဆိုင်းများ ပူဇော်ထားနိုင်ပါသည်။ ဓမ္မတေးများ သာယာချိုအေးဖြေးညှင်းသက်သာစွာ ဖွင့်ထားနိုင်ပါသည်။

ရုပ်ပွားတော်သည် အဝိညာဏက (သက်မဲ့)ဖြစ်သော်လည်း သက်တော်ထင်ရှား မြတ်စွာဘုရားပမာ စိတ်ထားတတ်လျှင် သက်တော်ထင်ရှား မြတ်စွာဘုရားကို ပူဇော်သကဲ့သို့ပင် ကုသိုလ်အပြည့်အဝရရှိကာ ကောင်းကျိုးသုခ အပြည့်အ၀ခံစားရမည်သာ ဖြစ်ပါသည်။

တိဋ္ဌန္တေ နိဗ္ဗုတေ စာပိ၊ သမေ စိတ္တေ သမံ ဖလံ။
စေတောပဏိဓိဟေတုဟိ၊ သတ္တာ ဂစ္ဆန္တိ သုဂ္ဂတိံ။
သက်ရှိဘုရားနှင့် ရုပ်ပွားတော်ကို တန်းတူကြည်ညိုနိုင်လျှင် တန်းတူအကျိုးပေးသည်။ စိတ်တောင့်တတိုင်း ပြည့်စုံနိုင်သကဲ့သို့ သုဂတိဘုံသို့ လားရသည်ဟူ၍ ဆိုလိုပေသည်။

မိဘကို ရိုသေသော သားသမီးကောင်းသည် မိဘရှေ့တွင် မဖွယ်မရာ မပြုလုပ်ဝံ့၊ အမနာပ မပြောဆိုဝံ့ကြသကဲ့သို့ ဘုရားကို ကြည်ညိုသော အမျိုးကောင်းသား၊ အမျိုးကောင်းသမီးများသည်လည်း ရုပ်ပွားတော်ရှေ့တွင် မဖွယ်မရာ ပြုလုပ်ခြင်းမျိုး၊ အမနာပပြောဆိုခြင်းမျိုး ရှောင်ကြဉ်သင့်ပေသည်။ ရုပ်ပွားတော်ကြီး ငုတ်တုတ်ထား၍ တုံးလုံး ပက်လက် အိပ်စက်နေကြသူများ၊ အော်ကြီးဟစ်ကျယ် ဖုန်းဆက်နေသူများ၊ ဖုန်းဖြင့် ဇာတ်ကားကြည့်နေသူများ၊ သမီးရည်းစားအကြည်ဆိုက်နေသူများကား မြင်မကောင်းလောက်အောင် များပြားတတ်လှပေသည်။ အချို့သည် ရုပ်ပွားတော်ကို နောက်ခံထားလျက် ဓာတ်ပုံအရိုက်ခံကြပေသည်။ ထိုသို့သော ဘုရားကျောပေးမှုမျိုးသည် သတ္ထရိအဂါရဝ(ဘုရား၌ မရိုသေမလေးစားခြင်းအပြစ်) ဖြစ်ပါသည်။ စေတီတော်ကို နောက်ခံထားကောင်းသော်လည်း ရုပ်ပွားတော်ကို နောက်ခံမထားကောင်းပါ။ ရုပ်ပွားတော်သည် အဝိညာဏက (သက်မဲ့) ဖြစ်၍ ရိုသေရကောင်းမှန်း သိပုံမရကြပေ။ အကုသိုလ် အသေးအဖွဲလေးပင် ဖြစ်သော်လည်း ဘဝစည်းစိမ် ဆုံးရှုံးပျက်စီးလောက်အောင် မကောင်းကျိုး ခံစားရတတ်ပါသည်။ သီရိလင်္ကာပြည်သူများသည် ရုပ်ပွားတော်ကို ကွယ်၍ ဓာတ်ပုံရိုက်ခြင်း၊ ကျောပေး၍ ဓာတ်ပုံရိုက်ခြင်းများကို ကြီးလေးသည့်ပြစ်မှုအဖြစ် ပြစ်တင်ရှုတ်ချကြလေသည်။ ဘုရားအဆုံးအမ အပြည့်အ၀ ရထားသူများ ဖြစ်လေသတည်း။

ဆက်လက်ဖော်ပြပါမည်။
(၂၀၂၂ ခုနှစ်၊ ဧပြီလ ၄ ရက်ထုတ် Myanmar Guardian News Journal၊ အတွဲ (၁)၊ အမှတ် (၂၃)တွင် ဖော်ပြပါရှိသော ဆောင်းပါး)