ကမ္ဘာကျော်ဆရာတော်၏ ကမ္ဘာမကျော်သော အတွေးအခေါ်များ (၁၈-ဂ)
“ရုပ်ပွားတော်ကို ပူဇော်နည်း”
ကမ္ဘာကျော်ဆရာတော်၏ ကမ္ဘာမကျော်သော အတွေးအခေါ်များ (၁၈-ဂ)
“ရုပ်ပွားတော်ကို ပူဇော်နည်း”
———————————————–—
စာရေးသူတို့ မစိုးရိမ်တိုက်သစ်၌ စာသင်သံဃာများ များပြားလွန်းလှသဖြင့် ဂန္ဓကုဋိ (ဘုရားကျောင်းဆောင်)သာ မရှိလျှင် သတ္ထရိအဂါရဝ အကုသိုလ် ဖြစ်လိုက်ကြမည်မှာ တစ်ပုံတစ်ပင်ပေတည်း။ ထိုအရေးကို သိမြင်သဖြင့် ကျေးဇူးရှင် မစိုးရိမ်တိုက်သစ် ဆရာတော်ကြီးက ရုပ်ပွားတော်ကို တစ်ကျောင်း တစ်ဆူသာ ပူဇော်ထားပါသည်။ ဂန္ဓကုဋိကိုလည်း မှန်ဖြင့် ဆောက်လုပ်ထားပါသည်။ မှန်ကျောင်းဆောင် ဖြစ်၏။ ထို့ကြောင့် ဘုရားကျောင်းဆောင်နှင့် သံဃာဆောင် ကတ္တားခြားသွားပါတော့သည်။ စာသင်သားများ အဂါရဝ မဖြစ်တော့ပါ။ သြဝါဒပေးသည့် အခါ၌လည်း သတ္ထရိအဂါရဝ မဖြစ်အောင် နေတတ်ရန်လိုကြောင်းနှင့် ထိုသို့သော အပြစ်မျိုး မဖြစ်ရလေအောင် မှန်ကျောင်းဆောင်ဖြင့် ရုပ်ပွားတော်များကို ပူဇော်ထားကြောင်း မိန့်တော်မူတတ်ပါသည်။ တောင်မြို့ မဟာဂန္ဓာရုံ ဆရာတော်ကြီး၏ တစ်ကျောင်းတိုက် ဘုရားတစ်ဆူမူကို ထောက်ခံကြောင်းလည်း မကြာခဏ မိန့်တော်မူပါသည်။
အချို့သော ကျောင်းတိုက်များ၌ ဝတ်တက်ရာ၊ ဆွမ်းကပ်ရာ အခါ၌သာ ခန်းဆီးကိုဖွင့်၍ ကျန်အချိန်များတွင် ခန်းဆီးချထားတတ်ပါသည်။ ဘုရားခန်း ရှိမှန်း မသိနိုင်သော်လည်း သတ္ထရိအဂါရဝအပြစ် လုံးဝ မဖြစ်တော့ပါ။
စာရေးသူလည်း ရုပ်ပွားတော် မရှိလျှင် ထိုင်၍ ဘုရားဝတ်တက်ခြင်းမျိုး မလုပ်တတ်ပါ။ စင်္ကြံလျှောက်လျက်သာ ရွတ်ဖတ်ပူဇော်ပါသည်။ တံခါးမရှိ ခန်းဆီးသာရှိလျှင် ခန်းဆီးကို ဝတ်တက်ရာ၊ ရေချမ်းကပ်ရာ အခါ၌သာ ဖွင့်ပါသည်။ ခန်းဆီးမရှိလျှင် ခန်းဆီးဝယ်၍ တပ်ဆင်ပါသည်။ အချို့အဆောင်များတွင် သေးငယ်လှသဖြင့် ရုပ်ပွားတော်နှင့် နီးကပ်စွာ နေရပါသည်။ မှန်ကျောင်းဆောင်ဖြင့် သီးသန့်ပူဇော်ထားသော်လည်း ဖြတ်သွားဖြတ်လာ မပြုလုပ်ဝံ့ပါ။ သို့အတွက် ခန်းဆီးတပ်ဆင်ကာ ဝတ်တက်ရာ၊ ရေချမ်းကပ်ရာ အခါ၌သာ ခန်းဆီးဖွင့်ပါသည်။
ဘုရားရုပ်ပွားတော်များကို ရိုသေကြပါ။
ရိုသေလျှင် ရိုသေသည့်အလျောက် ကောင်းကျိုးခံစားရပါမည်။
မရိုသေလျှင် မရိုသေသည့်အလျောက် အကုသိုလ် ဖြစ်ပါသည်။
စီးပွားဥစ္စာများ ရှာဖွေရခက်ခဲခြင်း၊ စည်းစိမ်ဥစ္စာများ ဆုံးရှုံးပျက်ပြားခြင်းနှင့် ကြုံရတတ်ပါသည်။
စာရှုသူအားလုံးအနေဖြင့် သက်ရှိထင်ရှား မြတ်စွာဘုရားသကဲ့သို့ သဘောထားကာ ရုပ်ပွားတော်အား ကြည်ညိုတတ်ကြပါစေသော် . . . ဝ်။
ရုပ်ပွားတော်ကို ပူဇော်နည်း ပြီးပါပြီ။
အရှင်ဝီရသူ(မစိုးရိမ်)
၂၉-၅-၂၀၂၀
(၂၀၂၂ ခုနှစ်၊ ဧပြီလ ၄ ရက်ထုတ် Myanmar Guardian News Journal၊ အတွဲ (၁)၊ အမှတ် (၂၃)တွင် ဖော်ပြပါရှိသော ဆောင်းပါး)