သတင်း

ကမ္ဘာကျော်ဆရာတော်၏ ကမ္ဘာမကျော်သော အတွေးအခေါ်များ (၂၀-ခ)

ကမ္ဘာကျော်ဆရာတော်၏ ကမ္ဘာမကျော်သော အတွေးအခေါ်များ (၂၀-ခ)

“ ကျောင်းသန့်ရှင်းရေး ကုသိုလ်တော်”
—————————————————–
အရှင်ဝီရသူ (မစိုးရိမ်)

စာရေးသူ၏ ငယ်ဆရာဖြစ်တော်မူသည့် ကျောက်ဆည်မြို့၊ ရွှေလှံထောင်ကျောင်းဆရာတော်သည် ကျေးဇူးရှင်ဝေဘူဆရာတော်ကြီး၏ တပည့်အရင်းဖြစ်ပါသည်။ ထို့ကြောင့် စာရေးသူတို့အား ဝေဘူဆရာတော်ကြီး၏ သြဝါဒတရားတော်များကို မကြာခဏ ပြောပြလေ့ရှိပါသည်။ သန့်ရှင်းရေးကုသိုလ်နှင့်ပတ်သက်သည့် သြဝါဒတစ်ခုကား စာရေးသူအတွက် အဖိုးမဖြတ်နိုင်သည့် အနဂ္ဃရတနာတစ်ခု ဖြစ်ခဲ့ပါသည်။ “ဒါတွေကို မစင်ပုံကြီးတွေလို့ မအောက်မေ့ကြနဲ့၊ သံသရာအတွက် ရွှေတုံးကြီးတွေလို့ သဘောထားကြ”ဟု မိန့်ကြားတော်မူနေပုံကို အာရုံပေါ်အောင် ဖူးမြော်နေမိပေသည်။ ဆရာတော်ကြီး မိန့်တော်မူသည့် သံသရာရွှေတုံးရွှေခဲကြီးများဆိုသည်မှာ မစင်ပုံများကို ဆိုလိုပါသည်။ မှန်ပါသည်။ ဇာတ်ပွဲ၊ အငြိမ့်ပွဲရာသီတွင် ဝေဘူချောင်သွားရာလမ်းတစ်လျှောက်တွင် မစင်ပုံများကို မြင်တွေ့ရတတ်ပါသည်။ ထိုနေရာသို့ရောက်လျှင် နှာခေါင်းပိတ် အသက်အောင့်ကာ အပြေးအလွှားသွားကြရပါသည်။ အပြေးအလွှားသွားရန် မသင့်တော်သည့် ဆွမ်းခံသံဃာတော်များအဖြစ်ကား နေ့စဉ်ဘင်ပုတ်ငရဲကျသလိုသာ ဖြစ်နေပါတော့သည်။ သို့သော် မည်သူမျှ ရှင်းလင်းဖော်မရကြပါ။ ထိုအခြေအနေကိုရိပ်မိသော ဝေဘူဆရာတြော်ကီးကား ကိုယ်တော်တိုင် မစင်ကြုံးတော်မူပါသည်။ ဆရာတော်ကြီးကိုယ်တိုင် ရှေ့မှလုပ်ပြနေသည့်အခါ ဥပုသ်သည်များ၊ တပည့်သံဃာများ လုံးဝ မနေသာတော့ပါ။ အားလုံးဝိုင်းဝန်းသန့်ရှင်းကြရပါတော့သည်။ ထိုအခါ ဆရာတော်ကြီးက မစင်ကြုံးရင်း “အခုသာ မစင်ဖြစ်နေတာဗျ၊ သံသရာမှာဆို ရွှေတုံးကြီးတွေ ဖြစ်ချင်ဖြစ်နေမှာဗျ”ဟု မိန့်တော်မူခြင်း ဖြစ်ပါသည်။

ကျေးဇူးရှင် ဝေဘူဆရာတော်ဘုရားကြီး မစင်ကြုံးစဉ် ပြုံးတော်မူပုံ (ပြုံးပြုံးကြီးနှင့် သြဝါဒပေးတော်မူပုံ)ကို ပုံဖော်ဖူးမြော်မိသည့်အခါတိုင်း ကြည်ညိုမဆုံး ဖြစ်နေပါတော့၏။

ဆရာတော်ကြီးသည် မစိုးရိမ်ကျောင်းသားဟောင်းဖြစ်၏။ စာသင်သားဘဝကတည်းက သေနာသနဝတ် မြဲတော်မူသည်ဟု သီတင်းသုံးဖော်များက ပြောပြလေ့ရှိကြောင်းလည်း သိရှိရပါသည်။ ညစဉ် သံဃာတော်များ အိပ်မောကျနေချိန်တွင် ကုဋီသန့်ရှင်းရေးလုပ်ကာ ရေဖြည့်လေ့ရှိသည်ဟု ပြန်လည်သိရှိရခြင်းပင်။

ကျေးဇူးရှင် လယ်တီဆရာတော်ကြီးလည်း ထို့အတူပင်။ သံဃာတော်များ အိပ်မောကျနေချိန်တွင် ကုဋီသန့်ရှင်းရေးလုပ်ခြင်း၊ ရေဖြည့်ခြင်းများဖြင့် သံဃာ့ဝေယျာဝစ္စကုသိုလ် ညစဉ်ယူလေ့ရှိသည်ဟု သိရပါသည်။ တပည့်သံဃာများ သိသွားသည့်အခါ တပည့်များက တောင်းပန်လျှောက်ထား တားမြစ်ကြလေသည်။ ဆရာတော်ကြီးက “သံသရာအဆက်ဆက်က သားကျွန်၊ မယားကျွန် ခံခဲ့ရပြီးပြီ၊ သာသနာတော်နှင့် ကြုံကြိုက်တုန်း သံဃာ့ကျွန်တော့ ခံခွင့်ပြုပါ”ဟု မိန့်တော်မူသဖြင့် တပည့်များလည်း အားနာစိုးရွံ့စွာ ကုဋီတက်ကြရသောဟု ဆို၏။

စာရေးသူသည် ဝေဘူဆရာတော်ကြီး၏ သိဿာနုသိဿ (မြေးတပည့်)ဖြစ်လေရာ ဝေဘူဆရာတော်ကြီး၏ ဓမ္မအမွေ ခံယူထားပါသည်။ လယ်တီဆရာတော်ကြီးကို ကြည်ညိုသဖြင့် လယ်တီဆရာတော်ကြီး၏ သြဝါဒကို ဦးထိပ်ပန်ဆင်ထားပါသည်။ ထို့ကြောင့် ရောက်လေရာအရပ်တွင် သန့်စင်ခန်း သန့်ရှင်းရေး အမြဲလုပ်ပါသည်။ မစိုးရိမ်တိုက်သစ်ရောက်ကာစ စာသင်တန်းဘဝကတည်းက သံဃာ့ကုဋီ(အများသုံးအိမ်သာ)များကို အမြဲသန့်ရှင်းပါသည်။ လက်သုတ်ပုဝါများကို တစ်ပတ်လျှင်တစ်ခါနှုန်း လျှော်ဖွပ်ပါသည်။ အဖိတ်နေ့ညတွင် ဆပ်ပြာဖြင့် ရေစိမ်ထားကာ ဥပုသ်နေ့မနက် လျှော်ဖွပ် နေလှန်းပါသည်။ ခြောက်သွေ့သွားသည့်အခါ ကုဋီတွင် ချိတ်ဆွဲထားပါသည်။ စာသင်သံဃာများ ချမ်းသာစွာလက်သုတ်ခွင့်ရသွားကြပါသည်။ စိတ်ချမ်းသာဖွယ် ကုသိုလ်ပင်။

စာရေးသူ အကျဉ်းသားဘဝ အိုးဘိုမှ မြစ်ဆုံသို့ ပြောင်းရွှေ့ရသောအခါ အများသုံးအိမ်သာစနစ်နှင့် ကြုံတွေ့ရပါသည်။ လှောင်အိမ်အခန်းလေးထဲ နေရသောအခါ ဂန်ဖလား(ပလပ်စတစ်ဇလုံ)နှင့် အညစ်အကြေးစွန့်ရပြီး အခန်းဖွင့်ထားသည့်အခါ အများသုံးအိမ်သာ အသုံးပြုရပါသည်။ လူတစ်ထိုင်သာသာ အိမ်သာလေးဖြစ်ကာ တံခါးအစား ပုဆိုးစကို ခန်းဆီးသဖွယ် ကာရံထားပါသည်။ ခန်းဆီးဖွင့်ထားလျှင် အိမ်သာလူမရှိကြောင်း သိရပြီး ခန်းဆီးကာထားလျှင် လူရှိမှန်း သိရလေသည်။ အိုးဘိုမှပြောင်းလာကာစ အများသုံးအိမ်သာစနစ်နှင့် ကြုံရသဖြင့် ပျော်ရွှင်နေမိပေသည်။ သို့သော် သန့်ရှင်းမည့်သူမရှိသဖြင့် အိမ်မသာမယာ ဖြစ်နေလေတော့၏။ ထိုအခါ စာရေးသူက အိမ်သာသန့်ရှင်းရေးလုပ်ပါတော့၏။ သီးသန့်အကျဉ်းသားကြီးများက ဝိုင်းတားပါသည်။ “ဆရာတော်… အမြဲဆင်း ရှိတယ်ဘုရား၊ သူ့လုပ်ခိုင်းပါဘုရား၊ သူလုပ်နေကျပါဘုရား။”ဟူ၏။ အိမ်သာသန့်ရှင်းရေးအလုပ်သည် နိမ့်ကျသောအလုပ်ဖြစ်၍ ဘုန်းကြီးလည်းလုပ်စရာမလို၊ သူတို့လည်း လုပ်စရာမလို၊ အမြဲဆင်းလေး လုပ်လိမ့်မည်ဟု ယူဆထားပုံရပါသည်။ ‘အမြဲဆင်း’ဆိုသည်မှာ ရာဇဝတ်အကျဉ်းသားထဲမှ လပိုင်းနှစ်ပိုင်းလောက်သာ နေရမည့်သူတစ်ဦးဦးကို သန့်ရှင်းရေးလုပ်ရန် သီးသန့်လွှတ်ပေးထားသည့် သာမန်အကျဉ်းသားတစ်ဦး ဖြစ်ပါသည်။ အိုးဘိုအဆိုအရမူ ‘ပေါ်တာ’ဟု ခေါ်ပါသည်။ “ပေါ်တာလုပ်တော့ ပေါ်တာကုသိုလ်ရတာပေါ့ဗျာ၊ ဘုန်းကြီးလုပ်တော့ ဘုန်းကြီးကုသိုလ်ရတာပေါ့”ဟု ပြန်ပြောကာ နေ့စဉ်ကုသိုလ်ဝတ်တစ်ခုအနေနှင့် အိမ်သာသန့်ရှင်းရေးလုပ်ပါသည်။ ရောက်စတုန်းကကဲ့သို့ ခန်းဆီးဖွင့် ကျောပေးမလုပ်တော့ဘဲ အိမ်သာတက်လျက် ခန်းဆီးကာထားလျက်ပင် ဆေးကြောခြင်း၊ ရေလောင်းခြင်း၊ ဆေးရည်ဖျန်းခြင်းများ ပြုလုပ်ကာ ရေပုံးဖြင့်ရေခပ်၍ ရေဖြည့်ပါသည်။ ဘုန်းကြီးကိုတားမရမှန်းလည်းသိ၊ အိမ်သာသန့်ရှင်းသွား၊ အနံ့ဆိုးကင်းသွား၍ တက်ရသည်မှာလည်း အဆင်ပြေလာမှန်း သိသွားကြ၍ ထင်သည်။ လူတိုင်းကိုယ်စီ အိမ်သာသန့်ရှင်းရေးကုသိုလ် အရယူကြပေတော့၏။ အနံ့ဆိုးပျောက်အောင် အိမ်သာသုံးဆေးရည် မကြာခဏဝယ်ပေးရသည့်အဆင့်ထိ တိုးတက်လာလေတော့၏။ ညတာဝန်ကျ ဝန်ထမ်းများလည်း ညစဉ်လာရောက်အားပေးကြလေသည်။ “တိုက်အိမ်သာက သန့်ရှင်းသောကြောင့်”ဟုဆို၏။ စာရေးသူတို့နေထိုင်ရာ တိုက်ဝန်းကို တိုက်ဆောင်ဟုခေါ်၍ သာမန်အကျဉ်းသားများနေထိုင်ရာအဆောင်ကို အိပ်ဆောင်ဟု ခေါ်လေသည်။ မြစ်ကြီးနားထောင်တစ်ခုလုံး စာရေးသူတို့တိုက်ဆောင်အိမ်သာသည် အသန့်ရှင်းဆုံးအိမ်သာအဖြစ် ဝန်ထမ်းလောကတွင် နာမည်ကြီးလာလေတော့၏။ စိမ်ချမ်းသာစရာ အမှတ်တရကုသိုလ်ကလေးပါပင်။

ဆက်လက်ဖော်ပြပါမည်။
(၂၀၂၂ ခုနှစ်၊ မေလ ၂ ရက်ထုတ် Myanmar Guardian News Journal၊ အတွဲ (၁)၊ အမှတ် (၂၅)တွင် ဖော်ပြပါရှိသော ဆောင်းပါး)