ကမ္ဘာကျော်ဆရာတော်၏ ကမ္ဘာမကျော်သော အတွေးအခေါ်များ (၂၃-ခ)
ကမ္ဘာကျော်ဆရာတော်၏ ကမ္ဘာမကျော်သော အတွေးအခေါ်များ (၂၃-ခ)
—————————
“ ပြုပြင်သင့်သော အားနည်းချက်
————————
အရှင်ဝီရသူ (မစိုးရိမ်)
စာရေးသူသည်သူပုံမြင်တိုင်း ပုံနှိပ်စက်အစုတ်ကြီးကို သူနှင့်တွဲ၍ မြင်နေမိပေသည်။ သူ့ဗီဒီယိုဖိုင်ကြည့်ရတိုင်း ငွေကြေး အကူအညီတောင်းသံလေးကို ကြားယောင်နေမိပေသည်။
သူသည်စာရေးသူကိုပြန်မကြည့်ပါ။ ပုံနှိပ်စက်မြင်တိုင်း တပည့်များက စာရေးသူ ကို လှောင်ပြောင်ကြပါသည်။ ထိုအခါ မင်းတို့က ဒါပဲသိတာ။ ငါ့မှာ ငွေ ငါးသိန်း တောင် အဆစ်ပါသွားသေးဟု ပြန်ပြောမိတတ်ပါသည်။ တပည့်များ ပို၍အံ့အားသင့်သွားကြပါသည်။
မှန်ပါသည်။ စာရေးသူဘဝတွင် ငွေလည်းချေးပေးလိုက်ရသေး၊ ဘယ်သူမှ မသိပါစေနဲ့ ဆိုသည့် သူ့အမိန့်ကို နာခံရင်း အောင့်အည်းနေခဲ့ရသေးဆိုသည့် အဖြစ်သို့ ရောက်ရှိခဲ့ပါသည်။ ဤသည်မှာ စာရေးသူ၏ အားနည်းချက်တစ်ခုပင်တည်း။
အခြားတစ်ခုလည်း ရှိပါသေးသည်။ မန်းမဟော်သဓာမြေကွက် ဂရမ်ချမပေးသည့်သတင်း ထွက်ပေါ်လာသည့်အခါ ဦးပဉ္ဇင်းတစ်ပါးက ဖုန်းဆက်၏။ သမ္မတရုံးတွင် သူ့လူများရှိကြောင်း၊ သူ့လူများ လုပ်ပေးနိုင်ကြောင်း၊ သူ့လမ်းကြောင်းနှင့်သူ သွား၍ရနိုင်ကြောင်း၊ သူ့လူများ လုပ်ပေးခဲ့သည်မှာ မည်ရွေ့မည်မျှပင်ရှိကြောင်း၊ ထိုအထဲတွင် အထင်ရှားဆုံးမှာ အဆိုတော် မည်သူပင်ဖြစ်ကြောင်း အားတက်သရော ပြောလာခြင်းဖြစ်ပေသည်။ အမျိုးသားရေးကျောင်းတော်ကြီး တည်ဆောက်ရေး လုပ်ငန်းတွင်သူတို့လည်း တစ်ဖက်တစ်လမ်းမှ ပါဝင်ချင်ပါသည်၊ ရစေရပါမည်၊ ရအောင်လုပ်ပေးပါမည်၊ အပ်သာအပ်လိုက်ပါဟုလည်း အာမခံလာပါသည်။
မန်းမဟော်သဓာဆောက်လုပ်ခွင့် အရေးသည် အစိုးရမူဝါဒနှင့်သာ သက်ဆိုင်သည်ဖြစ်သောကြောင့် သမ္မတရုံး အဆက်အသွယ်ရှိသူ မဆိုထားဘိ ဝန်ကြီး အဆင့်ပင် လုပ်မပေးနိုင်ပေ။ ထို့ကြောင့် စာရေးသူကငြင်းပယ်လိုက်ပေသည်။အကြိမ်ကြိမ်ဖုန်းဆက်၊ အကြိမ်ကြိမ်အာမခံကာ လုပ်မပေးရလျှင် သေတော့မည့်ပုံစံမျိုး၊ လုပ်ပေး၍ ရရှိခဲ့လျှင် သူရဲကောင်းဖြစ် တော့မည်ဟု ယုံကြည်နေသည့်ပုံစံမျိုးဖြင့် အကြိမ်ကြိမ် ချဉ်းကပ်လာသည့်အခါ စာရေးသူလည်း အားနာလာကာ သူတို့က အောက်ကျို့ခံကာ လာရောက်ကူညီပါလျက်ဟူသောအတွေးက ကြီးမားစွာရိုက်ခတ်လာခဲ့ပါသည်။
ထို့ကြောင့် အဖွဲ့ကို တိုင်ပင်ရလေသည်။ အဖွဲ့က ကိုယ်တိုင်သွားတွေ့ကာ အခြေအနေမဟန်၍ ပြန်လာကြလေ၏။ ပွဲစားခမဟုတ်သော်မှ စရိတ်စက ကျခံရမည်ဆို၏။ စရိတ်စက စိုက်ပေးထားပါ။ အောင်မြင်လျှင် ဆယ်ဆမကပါဘူး။ အဆတစ်ရာလည်း ပေးနိုင်ပါတယ်။ ပြန်ပေးပါမည်ဟုပြောသည့်အခါ ကားဆီဖိုးတောင်းလေ၏။ ကိုယ်တိုင်လာတွေ့မည်၊ နေပြည်တော်မှလာရမည်၊ စဉ့်ကူးဘက်မှ လာရမည်၊ အသွား အပြန် ကားဆီဖိုးပေးရန်သာ တောင်းဆိုပါသည်။ ရုံးအဝင်အထွက်၊ လက်ဆောင်ပဏ္ဏာစသည့် အခြားလိုအပ်ချက်ကိုမူ သူတို့သာစိုက်ထုတ်ပါမည်ဟု ဆိုလာ၏။
၎င်းဦးပဉ္စင်းက ဖုန်းနံပါတ်အပြောင်းအလဲလည်း မလုပ်ပါ။ နေရပ်လိပ်စာလည်း အမှန်ပါ။ သူ့ဖေ့စ်ဘွတ်ခ်အကောင့်ထဲ ဝင်ကြည့်သည့်အခါတွင်လည်း ပုံအစစ်တင်ထားပါသည်။ အမျိုးသားရေးသမား ဖြစ်ပါသည်။ မဘသညီလာခံ အမြဲတက် ရောက်သော်လည်း မဘသအဖွဲ့ဝင်မဟုတ် ပေ။ ထို့ကြောင့် သံဃာအချင်းချင်း လိမ် လည်လိမ့်မည်မထင်၍ လာရောက်တွေ့ဆုံ ခွင့် ပေးလိုက်ပါသည်။ သူပြောသကဲ့သို့ အရာရှိများ မဟုတ်ကြပါ။ ပွဲစားများသာ ဖြစ်ပါသည်။ သို့သော် ဆီဖိုးငါးသိန်းပေး လိုက်ရပါတော့သည်။
မန်းမဟော်သဓာကော်မတီမှ လူကြီးတစ်ဦးဖြစ်သည့် တရားလွှတ်တော်ရှေ့နေကြီးက တရားခံစစ်သကဲ့သို့ စစ်ဆေးမေးမြန်းသည်ကို မခံမရပ်နိုင်ဖြစ်သွားပုံရပါသည်။ မကျေမနပ်ဖြင့် ရင်ဖွင့်ကာ ဆီဖိုးလည်းမတောင်း၊ ပွဲစားခလည်း မယူဘဲ အိတ်စိုက်လုပ်ပေးမည်၊ ရစေရမည်ဟု ထပ်မံအာမခံကာ စာရွက်စာတမ်းများ ထပ်တောင်းလာသဖြင့် ပို့ပေးခဲ့သော်လည်း ယခုအချိန်ထိ ပေါ်မလာတော့ပေ။
လူကဲခတ် ညံ့ရကောင်းလားဟု တပည့်များက အပြစ်တင်ကြ၏။ ဒကာများက တပည့်တော်တို့ရှိပါလျက် အလိမ်ခံရတယ်ဆိုတာကြားမကောင်းပါဘူးဘုရား ဟု လျှောက်ကြ၏။ ကိုယ့်အပြစ်နှင့်ကိုယ် ဖြစ်၍ ငြိမ်ခံနေရသော်လည်း အဆိုပါ ဦးပဉ္စင်းသည် ဖိုးတွမ်တီးမဟုတ်ပါ၊ လုပ် ပေးချင်စိတ် အားကြီးသူသာ ဖြစ်ပါသည်။ သေချာပေါက်ရမည်ဟု ယုံကြည်မှုလွန်ကဲ ကာ ဖြစ်မြောက်စေလိုသော ဇောကပ်နေသူသာ ဖြစ်ပါသည်။
တွေ့ဆုံရန်ဆီဖိုးပေးရမည်ဟု ကတိတောင်းထားသောကြောင့် အလုပ်ဖြစ်မြောက်သည်ဖြစ်စေ၊ မဖြစ်မြောက်သည်ဖြစ်စေ ဆီဖိုးကား ပေးရမည်သာ ဖြစ်ပါသည်။ ဆီဖိုးပေးလိုက်ရခြင်းကို အလိမ်ခံရသည်ဟု မဆိုသာပေ။ ဤသို့သာ ဖြေသိမ့်နေရပေသည်။ အမှန်မှာ အားနာခြင်း၊ ယုံကြည်လွယ်ခြင်းတည်းဟူသော ပင်ကိုအားနည်းချက်၏ ရလဒ်တစ်ခုသာ ဖြစ်ပါသတည်း။
လူသားတိုင်း သဘောကောင်းကြပါသည်။ ထိုသို့သဘောကောင်းကြခြင်းသည် အတ္တကို မထိပါးမီသာ ဖြစ်ပါသည်။ အတ္တကို ထိမှန်လာလျှင်ကား အစွယ်ကိုယ်စီ ထွက်လာကြစမြဲသာ ဖြစ်ပါသည်။ ဤသည်မှာ ပုထုဇဉ်သဘာဝဖြစ်ပါသည်။
ဆက်လက်ဖော်ပြပါမည်။
(၂၀၂၂ ခုနှစ်၊ မေလ ၂၃ ရက်ထုတ် Myanmar Guardian ဂျာနယ်၊ အတွဲ(၁)၊ အမှတ်(၂၈)တွင် ဖော်ပြပါရှိသော စာမူဖြစ်ပါသည်)