ပါရမီပျိုးခင်းသွေးလှူအသင်း

“မွေးနေ့အထိမ်းအမှတ် သွေးလှူဒါန်းပွဲ အောင်မြင်စွာပြီးစီး”

“မွေးနေ့အထိမ်းအမှတ် သွေးလှူဒါန်းပွဲ အောင်မြင်စွာပြီးစီး”

မန္တလေး၊ ဇွန်၊ ၂၆ရက်

          မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ မစိုးရိမ်တိုက်သစ်၊ ဓမ္မသဟာယကျောင်းနာယက၊ ဝံသာနု ဓမ္မကထိက၊ အမျိုးသားရေးဝါဒီဆရာတော် ဘဒ္ဒန္တဝိစိတ္တာဘိဝံသ – အရှင်ဝီရသူ (မစိုးရိမ်)၏ သက်တော် ၅၆နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် စုပေါင်း သွေးလှူဒါန်းပွဲကြီးကို ရန်ကုန်၊ မန္တလေး၊ မိတ္ထီလာမြို့များ၌ အောင်မြင်စွာ ကျင်းပခဲ့ကြောင်းသိရသည်။

          ရန်ကုန်သွေးလှူဒါန်းပွဲကို မွေးနေ့ပွဲအကြိုအဖြစ် မင်္ဂလာဒုံမြို့နယ်၊ အမှတ်(၁)၊ တပ်မတော် ဆေးရုံ ခုတင် ၁၀၀၀၌ ယ္ခုလ-၂၃ရက်နေ့ကလည်းကောင်း၊ မန္တလေးနှင့် မိတ္ထီလာမြို့တို့၌ ယ္ခုလ-၂၆ရက် နေ့ကလည်းကောင်း စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြောင်း သိရသည်။

          ထို့အပြင် မင်္ဂလာဒုံမြို့နယ်၊ အမှတ်(၁) တပ်မတော်ဆေးရုံ၊ ခုတင် ၁၀၀၀နှင့် ပြင်ဦးလွင်မြို့၊ တပ်မတော်ဆေးရုံတို့၌ လူနာများနှင့် ဝန်ထမ်းများအား အာဟာရဒါနအဖြစ် နေ့လည်စာထမင်းတစ်နပ် လှူဒါန်းခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

          မင်္ဂလာဒုံမြို့နယ်၊ အမှတ်(၁) တပ်မတော်ဆေးရုံ၊ ခုတင် ၁၀၀၀၌ ယ္ခုလ – ၂၃ရက်နေ့က ကျွေးမွေးခြင်းဖြစ်ပြီး အလှူရှင်များမှာ ဦးရန်ကြီးအောင် + ဒေါ်တင်တင်မော်(မော်မော်ရွှေဆိုင်) ရွှေပြည်သာမြို့နယ်တို့ဖြစ်ကာ ပြင်ဦးလွင်မြို့ တပ်မတော်ဆေးရုံ၌ ယ္ခုလ-၂၆ရက်နေ့က ကျွေးမွေးခြင်း ဖြစ်ပြီး အလှူရှင်များမှာ အရှင်အရိယဝံသ (ပေါက်ကိုယ်တော်)အမှူးပြုသော ဒါယကာ၊ ဒါယိကာမများ ဖြစ်ကြပါသည်။

          ဆရာတော် အရှင်ဝီရသူ မွေးနေ့ အထိမ်းအမှတ်အဖြစ် ကျင်းပပြုလုပ်ကြသော အဆိုပါ စုပေါင်း သွေးလှူဒါန်းပွဲကို ရန်ကုန်တွင် မျိုးချစ်မြန်မာရဟန်းတော်များသမဂ္ဂအဖွဲ့က ဦးစီးကျင်းပရာ သွေးအိတ်ပေါင်း -၂၂၉အိတ် လှူဒါန်းနိုင်ခဲ့ကြောင်း၊ မန္တလေးတွင် ပါရမီပျိုးခင်း သွေးလှူရှင်များအသင်းက ကြီးမှူးကျင်းပရာ ပြည်သူ့ဆေးရုံကြီး၌ သွေးအိတ်ပေါင်း – ၁၃၉အိတ်၊ ခုတင် ၃၀၀ဆေးရုံ၌ သွေးအိတ်ပေါင်း- ၉၆အိတ်၊ ဗဟိုအမျိုးသမီးဆေးရုံ၌ သွေးအိတ်ပေါင်း- ၅၀အိတ်၊ စုစုပေါင်း – ၂၈၅အိတ် လှူဒါန်းနိုင်ခဲ့ကြောင်း သိရှိရသည်။

          မိတ္ထီလာမြို့ စုပေါင်းသွေးလှူဒါန်းပွဲကို တပ်မတော်ဆေးရုံ၌ ဒေါ်ခင်ဆွေဝင်းက ဦးစီးကျင်းပကာ သွေးအိတ်ပေါင်း- ၁၅အိတ် လှူဒါန်းနိုင်ခဲ့ကြောင်း သိရှိရသည်။

          ရန်ကုန်၊ မန္တလေး သွေးလှူပွဲများသို့ ဆရာတော် အရှင်ဝီရသူကိုယ်တိုင် ကြွရောက်အားပေးခဲ့ပြီး မိတ္ထီလာမြို့ သွေးလှူဒါန်းပွဲသည် မန္တလေးသွေးလှူပွဲနှင့် တစ်ရက်တည်းကျနေသဖြင့် ကြွရောက်နိုင်ခြင်း မရှိကြောင်း သိရသည်။

          ရန်ကုန်၊ မန္တလေး၊ မိတ္ထီလာ သုံးမြို့ပေါင်းလျှင် သွေးအိတ်ပေါင်း – ၅၂၉အိတ် ရရှိကြောင်း၊ လူနာပေါင်း – ၅၂၉ဦးကို အသက်ဆက်ပေးနိုင်ခဲ့ကြောင်း၊ ဇီဝိတဒါနပင်ဖြစ်ကြောင်း၊ ဒါနဥပပါရမီ ကုသိုလ်ဖြစ်ကြောင်း၊ အလွန်တရာမြင့်မြတ်ကြောင်း ဆရာတော် အရှင်ဝီရသူကိုယ်တိုင် အနုမောဒနာ တရားဟောကြားကာ ရေစက်ချ အမျှပေးဝေခဲ့ကြောင်း သတင်းရရှိသည်။

                                                                                                သတင်းဓါတ်ပုံ

                                                                                                အရှင်ဝီရတေဇော

                                                                                                အရှင်ကုမုဒ