သတင်း

ရေဘေးကူညီရေး အလှူတော် (၇)

မုဉ္စလိန္ဒာ သိမ်ကုန်းရွာ

ရေဘေးကူညီရေး အလှူတော် (၇)

မုဉ္စလိန္ဒာ သိမ်ကုန်းရွာ

————————————————

       စက်တင်ဘာလ ၂၆ ရက်နေ့ မနက်ပိုင်းဝါးပင်တပ်ရွာမှ အပြန် ကားဆရာဦးဆယ်အိမ်မှာ နေ့ဆွမ်းစားကြပါတယ်။

       သံဃာ ရှစ်ပါးစာ အရေးပေါ် ချက်ပြုတ်ထားကြတာပါ။ တောထမင်း တောဟင်းများဖြစ်၍ စားရတာ မြိန်ပါတယ်။ ရေနွေးပွဲမှာ နွားနို့စစ်စစ် တစ်ခွက်စီ သောက်ရပါတယ်။

       နေ့ဆွမ်းစားပြီး လက်ဆေးပါးစပ်ဆေးလုပ်ကာ အပေါ့အပါးသွားပြီး ခြံဝင်းထဲ လှည့်ပတ်ကြည့်ပါတယ်။

       ကားဆရာတွေ ထမင်းစားနေချိန်လေး တောရှုခင်းအလှ သဘာဝတရားလေးတွေ လိုက်လံ ခံစားတာပါ။

       ညောင်ပင်ကြီးတစ်ပင် တွေ့ပါတယ်။ ရေခံမြေခံကောင်းတော့ အရွက်ကလေးတွေက အရောင်လက်နေပါတယ်။ အာဟာရပြည့်ဝတယ်ပေါ့နော်။

       ညောင်ပင်ကြီးကို မော့ကြည့်ပြီး ရုက္ခစိုးကြီးကို ကုသိုလ်အမျှပေးဝေခဲ့ပါတယ်။

       ဆက်လက်ထွက်ခွါရာ ရွှေမြင်တင်ဘုရားကို ရောက်ပါတယ်။ ရွှေမြင်တင်ဘုရားမှာ ခဏနားပြီး ရွှေနန်းပေါ်ရွာ ဒုက္ခသည် နှစ်ဦးနှင့် တွေ့ပါတယ်။ တစ်ရွာလုံးမှာ ဒီနှစ်အိမ်ပဲ ရေထဲပါသွားတာပါ။ ရေကြောင့် ပျက်စီးတဲ့ အိမ်အမြောက်အများ ရှိကြပေမဲ့ ရေထဲမျောပြီး အိမ်အလုံးလိုက် ပါသွားတာကတော့ ဒီနှစ်အိမ်ပါပဲ။

       ရွာထဲအထိ မသွားတော့ဘဲ ဒီနှစ်ဦးကို ရွှေမြင်တင်ဘုရားမှာပဲ တစ်ဦးငါးသိန်းကျပ်စီ လှူဒါန်းခဲ့ပါတယ်။

       ဒုက္ခသည်စခန်း မရှိတဲ့ ဒုက္ခသည်နှစ်ဦးပါ။ ဒါလေးတွေကို ရှာဖွေပြီး စာရင်းပြုစုာထားတဲ့ နောင်တော်ညီနောင်နှစ်ပါးကို အထူးကျေးဇူးတင်မိပါတယ်။

         မကြာခင် – သိမ်ကုန်းရွာသို့ ရောက်ပါတယ်။ သိမ်ကုန်ကျောင်းသို့ ဝင်ပါတယ်။ ဓမ္မရုံကြီးပေါ်ကနေ သိမ်ကုန်းကျောင်းဝင်းကြီးကို စီးကြည့်တော့ ခုချိန်ထိ ရွံ့တွေဗွက်တွေ မခြောက်သေးပါဘူး။ အုတ်တံတိုင်းတွေ ပြိုကျနေတာ သစ်ပင်တွေပြိုလဲနေတာ ရေစီးနဲ့အတူပါလာတဲ့ သစ်တုံး သစ်ခက် အမှိုက်သရိုက်တွေ ဟိုတစ်စ ဒီတစ်စ ပြန့်ကြဲနေတာ တွေ့ရပါတယ်။

       အသင့်စောင့်နေတဲ့ ဒုက္ခသည်တွေကို ငါးသိန်းစီလှူပါတယ်။ အိမ်မျော ဒုက္ခသည်က ၂၁ဦးပါ။ ငါးသိန်းကျပ်စီဆိုတော့ ၁၀၅သိန်းပေါ့။

       လေးဦးကတော့ ကျောင်းသား ကျောင်းသူတွေပါ။ မိသားစုက အိမ်ပျောက်သွားလို့ ပညာရေးတစ်ဝက်တစ်ပျက်နဲ့ ကျောင်းဆက် မတက်နိုင်မှာစိုးလို့ ၅သိန်းကျပ်စီ လှူဒါန်းခဲ့ပါတယ်။ လေးဦးဆိုတော့ သိန်း၂၀ ကျပ်ပေါ့။

       စုစုပေါင်း ၁၂၅ သိန်းကျပ် လှူနိုင်ခဲ့ပါတယ်။    

       အိမ်ပါသွားလို့ ခိုကိုးရာမဲ့ဖြစ်ခဲ့ကြတဲ့ ပြည်သူနဲ့ မိသားစုရေဘေးသင့်သွားလို့ ပညာရေးထောက်ပံ့မှု လိုအပ်နေတဲ့ ကျောင်းသူကျောင်းသားတွေကို လှူဒါန်းရတဲ့

ကုသိုလ်ကတော့ ဧရာမ မဟာကုသိုလ်ကြီးဖြစ်ကြောင်း ရေးဘေးကူညီရေး အလှူရှင်များ သိစေချင်တာပါ။

       သတ္တဝါမှန်သမျှ ဘေးမခ ချမ်းမြသာယာ ရှိပါစေ။