၂၀၁၇ ခုနှစ်၊ ဇူလိုင်လ(၁၃)ရက်၊ ညနေပိုင်းမှာ ကိုင်းကြီးရွာသို့ ရောက်ရှိပါတယ်။ ကိုင်းကြီးရွာဆိုတာ ရခိုင်ပြည်နယ်မြောက်ပိုင်း မောင်တောမြို့နယ်တောင်ပိုင်းမှာ ရှိပါတယ်။ ပြီးခဲ့တဲ့ သြဂုတ်လ (၃)ရက်နေ့က မြိုတိုင်းရင်းသားတွေ အစုလိုက်အပြုံလိုက် အသတ်ခံခဲ့ရလို့ ကမ္ဘာကျော်သွားတဲ့ ရွာကလေးပါ။
ရခိုင်ရွာနှင့် မြိုရွာဆိုပြီး နှစ်ရွာရှိပါတယ်။ စာရေးသူတို့ရောက်ခဲ့တဲ့ရွာကတော့ ရခိုင်ရွာဖြစ်ပါတယ်။ ရခိုင်ရွာမှာ မြိုရွာမှ ရွာသူရွာသားများ လာရောက်တွေ့ဆုံကြပါတယ်။ သြဂုတ်လ(၃)ရက်နေ့က အသတ်ခံလိုက်ရတဲ့ တိုင်းရင်းသားတွေကတော့ ကိုင်းကြီး(မြိုရွာ)ပဲ ဖြစ်ပါတယ်။
ရခိုင်နှင့် မြိုတိုင်းရင်းသားတွေကို ပုံမှန်အတိုင်း ကလေးကစားစရာ၊ သတင်းအချက်အလက်နားထောင်စရာ၊ အလှဆင်စရာ၊ ဓာတ်မီး၊ မီးအိမ်၊ ယောဂီဝတ်စုံ၊ မိုးကာအိင်္ကျီ စတာတွေ လှူဒါန်းခဲ့ပါတယ်။ ကုသိုလ်ရှင်ကတော့ မိုးထိမိုးမိ ရွှေတောင်ကြီး ဗုဒ္ဓဘာသာ ထွန်းကားပြန့်ပွားရေးအဖွဲ့ ဖြစ်ပါတယ်။ စာရေးသူက ဘုရားတရားမြဲဖို့ နမောတဿ ရွတ်ဆိုဖို့ မှာကြားခဲ့သလို ဒေါက်တာအရှင်ဥတ္တမသီရိ က ခွန်အားဖြည့်မိန့်ခွန်းများ မိန့်ကြားတဲ့အခါ တဝါးဝါးတဟားဟားနဲ့ ရယ်တဲ့သူက ရယ်၊ လက်ခုတ်လက်ဝါးတီးတဲ့သူက တီးနဲ့ အတော်အားရှိသွားကြပုံရပါတယ်။