တန်ဆောင်မုန်းလဆန်း ၆ရက်(25.10.2017)ရက်နေ့ ညနေ ၆း၀၀ နာရီမှာ မန္တလေး၊ မဟာအောင်မြေမြို့နယ်၊ မဟာဝိသုဒ္ဓါရုံတိုက်သစ်၊ သူဌေးတန်းကျောင်းဆရာတော်ကြီးအား သွားရောက်ဖူးမြော်ပါတယ်။
ခရီးရောက်မဆိုက်ပါပဲ။ နေကောင်းလား အရင်မေးပါတယ်။ ရှိခိုးဦးချရင်း ဂျာနယ်လ်ကပ်လှူအပြီးမှာ ဒီနားလာဟု ခေါ်ပါတယ်။ စာရေးသူက လက်အုပ်ချီ အရိုအသေပြုရင်း အနားသွားတဲ့အခါ စာရေးသူရဲ့ ဦးခေါင်းကို လက်ဝါးဖြင့်အုပ်ထားပါတယ်။ စာရေးသူက ဆရာတော်ကြီး တစ်ခုခုပြောချင်တယ်ထင်ပြီး အမိန့်ရှိပါဘုရားဟု လျှောက်တဲ့အခါ ငါ ဆုတောင်းပေးမလို့ကွဟု မိန့်ကာ သစ္စာဆို ဆုတောင်းပေးပါတယ်။ ဆရာတော်ကြီး သစ္စာဆိုဆုတောင်းပေးတာ စက္ကလန့်လေးဆယ်ကြာပါတယ်။
“ငါသည် ၂၂၇ သွယ်သော ရဟန်းသိက္ခာများကို မကျိုးပေါက်အောင် ထိန်းသိမ်းစောင့်ရှောက်ခဲ့လို့ ရဟန်းသီလဖြူစင်သန့်ရှင်းခဲ့တယ်။ ဤမှန်သောသစ္စာစကားကြောင့် ဒီဦးဇင်းအပေါ်ကျရောက်ဆဲ ကျရောက်လတ္တံ့သော ဘေးဥပါဒ်အန္တရာယ်များ ကင်းဝေးစေသတည်း” ဆရာတော်ကြီး သစ္စာဆိုအပြီးမှာတော့ စာရေးသူက သာဓုသုံးကြိမ်ခေါ်ကာ ပေးတဲ့ဆုနဲ့ပြည့်ပါစေ။
ဆရာတော်ကြီး ဘွဲ့အမည်က ဘဒ္ဒန္တမာနိတသိရိဘိဝံသပါ။ သက်တော်ရှစ်ဆယ်ကျော်ပါပြီ။ ယခင်က သူဌေးတန်းကျောင်းမှာ သီတင်းသုံးပေမယ့် သက်တော်ရှည်ဆရာတော်ကြီးလည်းဖြစ်၊ အတက်အဆင်းလည်း ခက်ခဲတာကြောင့် ဝါဆိုဆရာတော်ကြီး သီတင်းသုံးတော်မူခဲ့ရာ အလယ်တိုက်ကြီး အောက်ထပ်အခန်းကျယ်ကြီးထဲမှာ ပြောင်းရွှေ့သီတင်းသုံးတော်မူပါတယ်။
ဆက်လက်ပြီး စာရေးသူကို သြဝါဒပေးပါတယ်။
သာသနာမှာ အားကိုးလောက်တဲ့ပုဂ္ဂိုလ်ဆိုတာ ဂိုဏ်မရှိဘူးကွ၊ ဂိုဏ်းဆိုတာ အစဉ်အလာစောင့်ရှောက်တဲ့ အနေနဲ့ လုပ်ကြရတာ၊ ကိုယ့်အစဉ်အလာ မပျက်အောင် ကိုယ့်အစဉ်အလာနဲ့ နေထိုင်ဟု မိန့်တော်မူကာ အခြားစပ်မိစပ်ရာပြောပြီးမှ ကောင်းကောင်းနေပေါ့ကွာ၊ ကိုယ့်သိက္ခာနှင့်ကိုယ်၊ ဂိုဏ်းဂုဏ်၊ တိုက်တာဂုဏ်၊ ဒါတွေကို ကိုယ့်ပုံစံနှင့်ကိုယ် ထိန်းသိမ်းပြီးနေထိုင်ပါ ဟု ထပ်မံမိန့်တော်မူပါတယ်။
အဲဒီနောက် မင်းလာတာ ဟန်ကျတယ်ကွာဟုဆိုကာ ထိုင်ခုံပေါ်ထိုင်ခိုင်းပါတယ်။ ထေရ်ကြီးဝါကြီးဆရာတော်ကြီးများနှင့် တပြေးညီမထိုင်ဝံ့လို့ အခက်တွေ့နေပါတယ်။ ရပါတယ်ဘုရား ဒီလိုပဲ ထိုင်ပါ့မယ်လျှောက်တဲ့အခါ အသက်က ၅၀ ပြည့်တော့မယ် ထိုင်ဟု ခပ်ပြတ်ပြတ် မိန့်တော်မူပါတယ်။ စာရေးသူကလည်း ခပ်ကြောက်ကြောက်နှင့် မဝံ့မရဲ ထိုင်လိုက်ရပါတယ်။
စာချတာ ရှားကုန်ပြီကွဟု မကြာမကြာမိန့်ပါတယ်။
မစိုးရိမ်တိုက်ကြီးမှ ဆရာတော်ကြီး ဦးကောဝိဒ(ဘုန်းကြီးကော)စာချကောင်းကြောင်း ခဏခဏချီးကျူးပါတယ်။ မစိုးရိမ်တိုက်သစ်မှာ သံဃာနှစ်ထောင့်ငါးရာကျော်ရှိကြောင်းလျှောက်တဲ့အခါ ဝမ်းသာမဆုံး ဖြစ်နေပါတယ်။ စာရေးသူက ဋီကာကျော်တို့ ကင်္ခါတို့ ပို့ချကြောင်း လျှောက်ထားတဲ့အခါ သာဓုအကြိမ်ကြိမ်ခေါ်တော်မူပါတယ်။
ဆရာတော်ကြီးက အနည်းငယ်နားလေးပေမယ့် အဆိုးကြီးတော့ မဟုတ်ပါဘူး။ အတန်ငယ် အော်ပြောရင် ကြားပါသေးတယ်။ မျက်စိကတော့ အတော်ကောင်းပါတယ်။ စာဖတ်စာရေးလုပ်နိုင်ပါသေးတယ်။
ဆရာတော်ကြီးပြုစုထားတဲ့ ကျမ်းစာအုပ်တွေကို ဗီရိုတစ်လုံးနှင့် စနစ်တကျ ထိန်းသိမ်းထားတာတွေ့ရပါတယ်။ များသောအားဖြင့် ထေရုပ္ပတ္တိကထာကျမ်းတွေပါ။
အဲဒီကျမ်းတွေကို လက်ညှိုးထိုးညွှန်ပြပြီး ဘဝနှင့်နိဗ္ဗာန်စာအုပ်တစ်အုပ် လက်ဆောင်ပေးပါတယ်။ ဘဝနှင့်နိဗ္ဗာန်စာအုပ်ဟာ အအောင်မြင်ဆုံး လက်ရာဖြစ်ပြီး တတိယအကြိမ် ထုတ်ဝေနိုင်ခဲ့ပါပြီ။
ဆရာတော်ကြီးက မျက်စိကောင်းသလို သံဃာများအား အမြဲအကဲခတ်စောင့်ကြည့်ပုံရပါတယ်။ စာအံကျောင်း၊ စာဝါ၊ ဘုရားဝတ်တက်၊ ဥပုသ်ပြုကံစတာတွေ မှန်/မမှန် စောင့်ကြည့်တဲ့သဘောပါ။
ဟိုအရင်တုန်းက ညသန်းခေါင်ကျော်ကြီးတွေမှာ တံတိုင်းကျော်ပြီး ပွဲခိုးကြည့်တာတွေ တွေ့ရတယ်ကွ၊ အခု မမြင်တာကြာပြီလို့ မိန့်တဲ့အခါ စာရေးသူက ဟန်းဆက်ကိုကိုင်ပြပြီး ဒီထဲမှာလည်း ပွဲရှိတယ်၊ ဗီဒီယိုလည်းရှိတယ်၊ ဘောလုံးပွဲလည်းရှိတယ်၊ ဒါနဲ့ အကုန်ကြည့်လို့ရတယ်ဘုရားဟု လျှောက်ထားတဲ့အခါ တအံ့တသြဖြစ်သွားပြီး သြော် ဒါကြောင့်ငြိမ်နေကြတာကိုး ငြိမ်ချမ်သားကောင်းလှချည်းလားလို့ အောက်မေ့နေတာဟု မှတ်ချက်ပြုရင်း ရယ်တော်မူပါတယ်။
ဆရာတော်ကြီးက သိက္ခာ ၄ ဝါမှစပြီး အခုအရွယ်အထိ အာပတ်သင့်တယ်လို့ မထင်ရအောင် ဝိနည်းရိုသေခဲ့တာပါ။ TV ဗီဒီယို၊ ဇာတ်ပွဲ၊ အငြိမ့်ပွဲဆိုတာဝေးလို့ ဖုန်းတောင်မှ ကြိုးဖုန်းပဲ ကိုင်တာပါ။
ဝိသုဒ္ဓါရုံဆရာတော်ကြီးတို့ခေတ်က သင်္ကန်းအဝါရောင် ဝတ်ခဲ့ပုံရကြောင်းနှင့် မြောင်းမြဆရာတော်ကြီးတို့ခေတ်မှာ သင်္ကန်းအညိုဝတ်ခဲ့ကြကြောင်း ရွှေကျင်ဆိုပေမယ့် အချို့ဆရာတော်တွေ အဝါရောင်ပြောင်းဝတ်ကြကြောင်း၊ ဆရာတော်ကြီးကတော့ ညိုပြီးမှ ဝါရမှာ တာဝန်ကြီးလို့ အရောင်မပြောင်းကြောင်း မိန့်တော်မူပါတယ်။
အထိုင်အထတစ်ခုပဲ ခက်ခဲတာပါ။ အစာအာဟာရလည်း ဘုဉ်းပေးနိုင်၊ နှစ်နှစ်ခြိုက်ခြိုက်လည်း အိပ်နိုင်သေးလို့ တစ်နာရီကျော်စကားပြောနေပေမယ့် မောပန်းသည့်လက္ခဏာမတွေ့ရပါဘူး။ အရိုးပေါ် အရေတင်ဖြစ်နေတာကတော့ ပရိယတ္တိအားသန်လို့ ပင်ပင်ပန်းပန်းအားထုတ်ခဲ့တဲ့ ဒဏ်ကြောင့်ပါပဲ။
ဆရာတော်ကြီးက စာရေးသူကို တပည့်အရင်းပမာ စောင့်ရှောက်လာခဲ့တာ ၂၀၀၀ ခုနှစ်ကတည်းကပါ။ ထေရဝါဒစာအုပ်ထုတ်တုန်းက ခေါ်ယူအားပေးရာမှ ဖူးမြော်ခွင့်ရခဲ့ပြီး ပရိယတ္တိရွှေချိန်ခွင် စာအုပ်မထုတ်ခင် ဆရာတော်ကြီးကိုယ်တော်တိုင် အစအဆုံး တည်းဖြတ်ပေးတော်မူခဲ့တာပါ။
မဟနနဲ့ အတိုက်အခံလုပ်ကာ စာရေးသူဘက်ရပ်တည်ရင်း သာသနာတော်အတွက် ကျေးဇူးများတဲ့ ပရိယတ္တိရွှေချိန်ခွင်စာအုပ်ကို ထုတ်ဝေခွင့်ပြုသင့်ကြောင်း စာဖြင့် အတိအလင်းထောက်ခံပေးခဲ့တာပါ။
သာသနာတော်ကို ချစ်မြတ်နိုးလွန်းတဲ့ ဆရာတော်ကြီးကို စဥ့်ကိုင်မြို့က ဘာသာရေးဆုတောင်းပွဲအကြောင်း လုံးဝမလျှောက်ခဲ့ပါဘူး။ ဓာတ်ပုံလည်း မပြခဲ့ပါဘူး။ ဆရာတော်ကြီး စိတ်ထိခိုက်ပြီး ကျန်းမာရေး ချို့တဲ့သွားမှာစိုးလို့ပါ။
စာရေးသူမှာလည်း နေ့စဉ်လိုလို အရှုပ်တွေလုပ်ရင်း အလုပ်တွေရှုပ်နေတာကြောင့် ဆရာတော်ကြီးထံ မရောက်ဖြစ်ခဲ့ပါဘူး။ ဆရာတော်ကြီးရဲ့ အနီးနေ ကပ္ပိယဒကာ(ကျွန်းလှ)ကျောင်းရောက်လာလို့သာ မှတ်မှတ်ရရ သွားဖြစ်ခဲ့တာပါ။
သံဃာတော်တွေအတွက် ဆန်နှစ်အိတ်နှင့် ဆားတစ်အိတ်စွန့်လိုက်ပါသေးတယ်။ မနက်အရုဏ်စာအတွက် ရည်မှန်းလှူဒါန်းလိုက်တာပါ။ ဒကာကျွန်းလှနှင့် တပည့်များကို မနက်ဖြန်(26.10.2017)ရက်နေ့မှာ ကျောင်းအရောက်သွားပို့ကြဖို့ အတန်တန် မှာတော်မူပါတယ်။
ထေရ်ကြီးဝါကြီး ဆရာတော်ကြီးများကို ဖူးမြော်ပူဇော်ခွင့်ရတဲ့ ကုသိုလ်က နည်းနည်းနောနော ကုသိုလ်မဟုတ်ပါဘူး။ ဆရာတော်ကြီးရဲ့ သြဝါဒလည်း နာကြားရ၊ ခြေဆုပ်လက်နယ် ဝေယျာဝစ္စလည်းပြုရနဲ့ ဂုဏ်ယူလို့ မဆုံးနိုင်အောင်ပါပဲ။
သူဌေးတန်းဆရာတော်ကြီး သက်ရှည်ကျန်းမာစွာ ထေရဝါဒသာသနာတော်ကြီးကို စောင့်ရှောက်နိုင်ပါစေလို့ပဲ ဆုတောင်းနေမိပါတော့တယ်။