15.11.2017 ရက်နေ့ ညနေပိုင်းမှာ မီးတိုက်ရွာမှ ပြန်လာခဲ့ကြပါတယ်။ အပြန်လမ်းမှာ ဘင်္ဂလီတန်းကြီးတွေ့ခဲ့ရပါတယ်။
တောတောင်ထဲမှထွက်လာတာပါ။ ကားလမ်းကို ဖြတ်ကူးနေကြတာပါ။ လုံခြုံရေးတွေက ကားလာလို့ ခဏရပ်နားခိုင်းပေမဲ့ မရပါဘူး။ တသီတတန်းကြီး သွားမြဲသွားနေကြတာပါပဲ။ ကားတန်းကြီးက သူတို့ကို ရပ်စောင့်နေရပါတယ်။
တောထဲမှ စစ်သားတွေထွက်လာကာ လက်ပြလိုက်မှ ဘင်္ဂလီတန်းကြီး ခဏနားကြပါတယ်။ အားလုံး ကားပေါ်မှမဆင်းဖို့ သတိပေးကြရပါတယ်။ တစ်ချို့က လူသားချင်းစာနာတဲ့အနေနှင့် ရေဗူးလေးတွေ မုန့်လေးတွေ ဝေပေးချင်ကြပေမယ့် ပြဿနာတစ်စုံတစ်ရာ ဖြစ်မှာကြောင့် တားထားကြရပါတယ်။
အမျိုးသမီးတွေ ကလေးငယ်တွေ အဖိုးအဖွားတွေပဲ များပါတယ်။ လူငယ်တွေနှင့် ယောက်ျားရင့်မာကြီးတွေ မတွေ့ရသလောက်ပါပဲ။ သူတို့တတွေဟာ ဘူးသီးတောင်မှ လာကြတာဖြစ်တယ်။ တောင်ပြိုကိုဆက်သွားကြမှာ ဖြစ်တယ်။ တောင်ပြိုလက်ဝဲကနေ ဘင်္ဂလားဒေ့ရှ်ကို ကူးမှာဖြစ်တယ်ဆိုတာလောက်တော့ သိခဲ့ရပါတယ်။
ညနေစောင်းမှာ သင်္ဘောလှရွာသို့ ရောက်ပါတယ်။ သင်္ဘောလှရွာဆိုတာ အိမ်ခြေ ၁၃၆ အိမ်ရှိတဲ့ ဒိုင်းနက် တိုင်းရင်းသားတို့ကျေးရွာဖြစ်ပါတယ်။ အသက် ၁၀၀ ပြည့် အဖွားနှစ်ဦးကို ထူးထူးခြားခြားတွေ့ရပါတယ်။ သံဃာတွေရော လူတွေရော ဝိုင်းဝန်းလှူဒါန်းကြပါတယ်။ အချိန်မရတဲ့အတွက် ဘုန်းကြီးကျောင်းပေါ်ထိမတက်နိုင်တော့ဘဲ အိမ်ဝန်းထဲက မြေကွက်လက်တစ်ခုမှာပဲ လှူကြ တန်းကြရပါတော့တယ်။
ရွာဘုန်းကြီးအတွက် အလှူငွေတစ်သိန်းကျပ်နှင့် သင်္ကန်းအပါအဝင် လှူဖွယ်ဝတ္ထုများ လှူဒါန်းပါတယ်။ ရွှေဝါတောင့် တစ်ရာ့ခြောက်ဆယ်၊ ငရုပ်သီးသုံးအိတ်၊ ပဲသုံးအိတ်၊ ခေါက်ဆွဲလေးဖာ၊ ငပိသုံးအိတ်၊ ဟင်းချိုမှုန့်သုံးထုပ်၊ ဆီနှစ်ပုံး၊ အဝတ်အထည်တစ်ထောင် လှူဒါန်းခဲ့ပါတယ်။
ခြုံစောင်ကတော့ အိမ်စေ့မရတော့ပါဘူး။ ၇၅ ထည်ပဲ ကျန်လို့ ၇၅ ထည်ပဲ လှူနိုင်ပါတော့တယ်။ ဖွားသက်ရှည်နှစ်ဦးအား ငါးသောင်းကျပ်စီနှင့် ကလေးများအား အချိုရည်၊ မုန့်၊ သကြားလုံးတို့ ဝေငှပေးခဲ့ကြပါတယ်။ ဒိုင်းနက်လူမျိုး ကလေးငယ်လေးတွေ အအေးဗူးကို အလုအယက် သကြားလုံးကို အလုအယက် သောက်ကြ စားကြတာတွေ့ရတာ အင်မတန် ပျော်ရွှင်ဖို့ကောင်းပါတယ်။