သတင်း

ဒီမိုကရေစီလို့ပြောရင် ယုံမှာတောင်မဟုတ်ဘူး(၄)”

လွတ်လပ်စွာဟောပြောခွင့်၊ လွတ်လပ်စွာရေးသားခွင့် လွတ်လပ်စွာဆန္ဒထုတ်ဖော်ခွင့်ခတာတွေဟာ လူ့အခွင့်အရေးတွေဖြစ်ပါတယ်။

ဒီလိုလူ့အခွင့်အရေးတွေရရှိဖို့ အာဏာရှင်ကို တော်လှန်ခဲ့ကြတဲ့သမိုင်းတစ်လျှောက်မှာ လက်ရှိ အာဏာရပါတီဖြစ်တဲ့ NLD ပါတီဟာ ထိပ်ဆုံးမှာပါဝင်တဲ့အတိုက်အခံပါတီကြီးဖြစ်ခဲ့ပါတယ်။

လူ့အခွင့်အရေးတို့ တရားဥပဒေစိုးမိုးရေးတို့ ပွင့်လင်းမြင်သာမှုတို့ စတာတွေဟာ NLD ပါတီရဲ့ လက်သုံးစကားတွေဖြစ်ပြီး ပြည်သူလူထုအတွက်တော့ သည်းခြေကြိုက်စကားများဖြစ်ပါတယ်။

ဒါကြောင့်လည်း NLD ပါတီကြီးကို ပုံအောပစ်လိုက်ကြတာပါ။ NLD ပါတီကြီးက ၂၀၁၅ အထွေထွေရွေးကောက်ပွဲကြီးမှာ သောင်ပြိုကမ်းပြိုအနိုင်ရရှိခဲ့ပြီး ၂၀၁၆ ခုနှစ် ဧပြီလမှာ အစိုးရတစ်ရပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။

NLD အစိုးရတက်ပြီးလို့ မကြာခင်မှာပဲ မဘသဟာ တရားဝင်အဖွဲ့အစည်းမဟုတ်ဘူးလို့ မဟနက ကြေညာချက်ထုတ်ပြန်ပေးရလောက်အောင် လက်စွမ်းပြခဲ့ပါတယ်။ ဒါဟာ တရားဥပဒေစိုးမိုးရေး နတ်သမီးရဲ့ ပထမဆုံးလက်ရာပဲဖြစ်ပါတယ်။

အတိုက်အခံခေတ်တုန်းက မကြိုက်ပါဘူး၊ မလိုအပ်ပါဘူး၊ မဖြစ်သင့်ပါဘူး၊ မတရားပါဘူးလို့ သူတို့ကိုယ်တိုင် ဝေဖန်ခဲ့ကြတဲ့ မဟနအဖွဲ့အစည်းကြီးနဲ့ ညွှန်ကြားလွှာတွေကိုသူတို့ကိုယ်တိုင်ပဲ ပြန်လည်သုံးစွဲပြီး စတင်ဖြိုခွဲလိုက်တဲ့လက်ရာအစစ်ပါ။

မဟနညွှန်ကြားလွှာမတရားမှန်းသိပါလျက် ၂၀၀၈ အခြေခံဥပဒေမှာ လွတ်လပ်စွာဖွဲ့စည်းခွင့် ပြဋ္ဌာန်းထားမှန်း သိပါလျက်၊ ၂၀၁၄အသင်းအဖွဲ့ဥပဒေ တရားဝင်ပြဋ္ဌာန်းထားမှန်းသိပါလျက် ဒီဥပဒေကိုကျော်လွန်ကာ စစ်အာဏာရှင်လက်စွဲ ညွှန်ကြားလွှာကြီးကို မြိန်ရည်ရှက်ရည်စားသုံးလိုက်ခြင်းပဲ ဖြစ်ပါတယ်။

အဲ့ဒီက နောက်ပိုင်းမှာတော့ အတုမရှိဂျာနယ်၊ အောင်ဇေယျတုဂျာနယ်တို့ကို ထုတ်ဝေခွင့်ပြန်လည် ရုပ်သိမ်းပစ်လိုက်ကြပြန်ပါတယ်။ ဒါလည်း ညွှန်ကြားလွှာကြီးနဲ့ မဟနရဲ့ အမိန့်အာဏာကို အကြောင်းပြပြီး ပိတ်ပစ်လိုက်ကြတာပါ။

အတိုက်အခံခေတ်က မလိုအပ်ပါဘူးဆိုတဲ့ ညွှန်ကြားလွှာတွေဟာ အစိုးရဖြစ်လာတဲ့ အချိန်မှာတော့ လက်ကသုံးတောင်ဝှေးလို မရှိမဖြစ်လိုအပ်နေတဲ့ လက်နက်တစ်ခုဖြစ်သွားတော့တာပါ။

အဲဒီနောက်ပိုင်းမှာ ပိုဆိုးလာပါတယ်။ စာနယ်ဇင်းတွေမှာသာ ပိတ်ပင်တားဆီးနေတာမဟုတ်ဘဲ အွန်လိုင်းပေါ်အထိ လိုက်လံပိတ်ပင်နေပါတော့တယ်။ ကုလားဆိုတဲ့ စကားလုံးရေးမိတဲ့အကောင့်တွေ မှန်သမျှ အရေးယူခံရတဲ့အဆင့်အထိရောက်အောင် ပိတ်ပင်တားဆီးပစ်လိုက်ကြတာပါ။

ကုလားထိုင် ကုလားပဲ ပဲကုလားဟင်း ကုလားသေ ကုလားမော စတာတွေကို ထည့်ရေးမိတဲ့သူတွေတောင် အကောင့်အပိတ်ခံရ၊ ဖိုင်းချခံရနဲ့ Facebook Team ရဲ့ အရေးယူမှုကို ခံရပါတော့တယ်။

အဲဒီလိုပါပဲ NLD အစိုးရကို ဝေဖန်သူတွေ၊ ထောက်ပြသူတွေအားလုံးဟာ တစ်နည်းနည်းနဲ့ အရေးယူခံနေရတော့တာပါပဲ။

Facebook အကောင့်တွေ မမြဲကြသလို Like Page တွေလည်း အပိတ်ခံရပါတော့တယ်။ အကောင့်မမြဲသူတွေ၊ အကောင့်အပိတ်ခံရတဲ့သူတွေကိုကြည့်လိုက်ရင် NLD ကို ဝေဖန်ထောက်ပြနေကြတဲ့ အမျိုးသားရေးသမားတွေဖြစ်နေတာတွေ့ရပါတယ်။

ဒါဟာ လူ့အခွင့်အရေးကို အပြတ်အသတ် ချိုးဖောက်လိုက်ခြင်းပဲ ဖြစ်ပါတယ်။ အတိုက်အခံဘဝတုန်းက လက်သုံးစကားတွေဖြစ်တဲ့ လွတ်လပ်စွာဟောပြောခွင့်၊ လွတ်လပ်စွာရေးသားခွင့် စတာတွေကို သူတို့ကိုယ်တိုင် လုံးဝခွင့်မပြုနိုင်ကြောင်း ပြဆိုလိုက်ခြင်းပဲ ဖြစ်ပါတယ်။

ဦးသိန်းစိန်အစိုးရလက်ထက်မှာ စာနယ်ဇင်း မလွတ်လပ်သော်လည်း Facebook လွတ်လပ်တယ်ဆိုပြီး သမ္မတ အိုဘားမားကိုယ်တိုင် အိမ်ဖြူတော်မှာ အိုင်ပက်ဖြင့် Facebook ကြည့်ပြီး သဘောကျနေတဲ့ပုံတွေ သတင်းအဖြစ် ပျံ့နှံ့ခဲ့တာကို သတိရမိပါသေးတော့တယ်။ သမ္မတကြီး အိုဘားမားရေ NLD အစိုးရလက်ထက်မှာ Facebook တောင် မလွတ်လပ်တော့ဘူးဗျလို့ အော်ပြောလိုက်ချင်ပါတော့တယ်။

ပိုပြီးဆိုးလာတာက NLD လော်ဘီလို့ ယူဆရသူတွေက ဦးပဉ္စင်းဝီရသူရဲ့ Facebook အကောင့်အတုတွေ ဖန်တီးပြီး ပရိသတ်မုန်းအောင်၊ ပြည်သူတွေ အကြည်အညိုပျက်အောင် စနစ်တကျ လုပ်ဆောင်လာတာတွေကို လုံးဝအရေးမယူဘဲ ဦးပဉ္စင်းဝီရသူရဲ့ Facebook အကောင့်အစစ်ကို ဟိုအကြောင်းပြလိုက်၊ ဒီအကြောင်းပြလိုက်နဲ့ အတင်းအဓမ္မ လိုက်ပြီးပိတ်နေတော့တာပါပဲ။ တစ်ပတ်အပိတ်ခံလိုက်ရ၊ တစ်လအပိတ်ခံလိုက်ရနဲ့ NLD အစိုးရရဲ့ အရပ်သားဒီမိုကရေစီအရသာကို မြိန်မြိန်ရှက်ရှက်ကြီးကို ခံစားနေရတော့တာပါ။

အကောင့်အစစ်ကိုအကြောင်းအမျိုးမျိုးပြပြီး အရေးယူနေကြပေမယ့် Hate Speech တွေ တွင်တွင်သုံးနေတဲ့ အကောင့်အတုတွေကိုတော့ သဘောရှိ ကရောဟိ အပြောငါးပိ ပုံစံမျိုးချိုးကာ လူမိုက်အားပေး လုပ်နေတာကိုလည်း တွေ့ရပါတယ်။ အခုနောက်ပိုင်းမှာတော့ လိုင်းပေါ်မှာ Wira Thu ဆိုတဲ့ စကားလုံး ဘယ်သူမှ သုံးစွဲလိုပမရအောင် အရေးယူပေးဖို့ တောင်းဆိုလာတာကိုလည်း တွေ့လာရပါတယ်။ ဦးဆောင်တောင်းဆိုသူတွေကို ကြည့်လိုက်ရင် ဒီမိုကရေစီအင်အားစုလို့ သူတို့ကိုယ်သူတို့ ကြွေးကြော်ခဲ့ကြတဲ့ NLD လော်ဘီအကြီးစားကြီးတွေဖြစ်နေတာပါပဲ။

ဆက်သွယ်ရေးဥပဒေပြဋ္ဌာန်းထားတာဟာ အွန်လိုင်းပေါ်မှာ ရာဇဝတ်မှု ကျူးလွန်သူတွေကို အပြစ်ပေးဖို့ပါ။ အွန်လိုင်းသန့်ရှင်းရေးလုပ်တဲ့သဘောပါ။ အဲဒီဥပဒေအရ အရေးယူလို့ ရနိုင်တဲ့ပို့စ်တွေတင်ရင်လည်းပဲ ဝီရသူကို တရားစွဲလို့ ရနေတာပါပဲ။ အဲဒီဥပဒေနဲ့ လွတ်ကင်းအောင် ရေးနေတယ်ဆိုရင်တော့ အရပ်သားဒီမိုကရေစီအစိုးရကြီးက သဘောထားကြီးရမှာလေ။

ထို့အတူပါပဲ ဦးသိန်းစိန်အစိုးရလက်ထက်တုန်းက ဦးသိန်းစိန်ပုံတွေကို အယုတ္တ အနတ္တပုံစံမျိုးနဲ့ ရိုင်းရိုင်းစိုင်းစိုင်း၊ ကြမ်းကြမ်းတမ်းတမ်း၊ ညစ်ညစ်ညမ်းညမ်း လုပ်ဆောင်ခဲ့ကြတာတွေကို ဦးသိန်းစိန် အစိုးရက ဘယ်နှစ်ယောက်များ အရေးယူခဲ့ပါသလဲ။ အခုအစိုးရ အရေးယူထားခဲ့တာ ဘယ်လောက်တောင် ရှိနေပြီလဲ။

ဥပဒေကို ကျူးလွန်လို့ အရေးယူခံရတာကို ဘယ်သူမှမပြောလိုကြပေမယ့် အကောင့်အတုဖန်တီးပြီး အမျိုးသားရေးသမားတွေကို လုပ်ကြံနေတာတွေက ဒီမိုကရေစီအစိုးရခေတ် လုပ်ရပ်တွေပဲလား။ ဥပဒေနဲ့ မငြိစွန်းဘဲ ဥပဒေဘောင်ထဲကနေ ဝေဖန်ရေးသားဟောပြောထောက်ပြနေတာတွေကို ဘာကြောင့် မခံမရပ်နိုင်ဖြစ်နေရတာလဲ။ သူတို့ရဲ့ နောက်ဆုံးနည်းဗျူဟာတွေက အွန်လိုင်းပေါ်မှာတောင် သူတို့ကို ဝေဖန်ရဲတဲ့သူမရှိအောင် အမြစ်ပြတ်ချေမှုန်းရေးပဲ ဖြစ်ပါတယ်။

ဒါကြောင့် အုပ်စုဖွဲ့ပြီး ဝီရသူအကောင့်ဖွင့်လို့မရအောင်၊ ဝီရသူဆိုတဲ့ စကား အွန်လိုင်းပေါ်မှာ ပြောလို့မရအောင် လက်မှတ်ထိုးတိုင်ကြားဖို့ စီစဉ်နေကြတာပါ။

ဒါဟာ ဒီမိုကရေစီအနိုင်ကျင့်မှုတစ်ခုပါပဲ။ ပြိုင်ဘက်ကို ကြိုးဝိုင်းထဲမှာ ယှဉ်ပြိုင်ထိုးသတ်ခွင့်မပေးဘဲ ကြိုးဝိုင်း ဝင်ရောက်ယှဉ်ပြိုင်သူ လုံးဝမရှိရလေအောင် စင်အောက်မှာပဲ အပြတ်ရှင်းနေတဲ့ သဘောပါ။ ချန်ပီယံ ပီသရင် အဲဒီလို မလုပ်ပါဘူး။ ချန်ပီယံစစ်မှန်ရင် ကြိုးဝိုင်းထဲမှာပဲ ရင်ဆိုင်ထိုးသတ်ကြပါတယ်။

အချို့အကောင့်တွေ Live လွှင့်ခွင့်မရတော့ပါဘူး။ ဒီမိုကရေစီဘက်တော်သားများက Report ထုကာ အုပ်စုဖွဲ့ အနိုင်ကျင့်ကြလို့ဖြစ်ပါတယ်။

အချို့အကောင့်တွေ Follower ပရိသတ်လျော့နည်းအောင် လျှော့ချခံနေရပါတယ်။ သဘောကတော့ အပင်ကို မချိုးနိုင်သေးခင် အသီးအပွင့်တွေကို ခြွေချနေခြင်းပဲ ဖြစ်ပါတယ်။

ဦးပဉ္စင်းဝီရသူရဲ့ အကောင့်ဆိုရင် Follower ၄၁၃,၀၀၀ မှ ၄၁၂,၀၀၀ အထိလျှော့ချခံရပြီး နေ့စဉ် ၂၀၀ ကျော် အခြွေခံနေရတာပါ။ တက်လာတဲ့ ပရိသတ်အင်အားကများပြီး အခြွေခံရတဲ့ ပရိသတ်နည်းတဲ့ အချိန်နဲ့ တိုက်ဆိုင်သွားတဲ့အခါမျိုးမှာသာ Follower အင်အား ပြန်တက်လာတာတွေ့ရပါတယ်။

ဒါကြောင့် ၄၁၅,၀၀၀ ကျော်လက်ရှိ အနေအထားရောက်ရှိနေတာပါ။ ပုံမှန်ဆိုရင် ငါးသိန်းကျော်ရှိမှာဖြစ်ပေမယ့် နေ့စဉ်ခြွေချခံနေရတာက နှစ်လကျော်ပြီဖြစ်လို့ လျော့နည်းနေတာပဲ ဖြစ်ပါတယ်။

အရပ်သားဒီမိုကရေစီအစိုးရကြီးကို ပြောချင်ပါတယ်။ ကိုယ့်ကိုကိုယ် လိပ်ပြာလုံပါ။ လိပ်ပြာလုံတဲ့သူက ဘယ်သူဘာပြောပြော ခံနိုင်ပါတယ်။ လိပ်ပြာလုံဖို့အတွက် သိက္ခာခြုံဖို့တော့ လိုလိမ့်မယ်။

သိက္ခာရှိသော အစိုးရဆိုတဲ့ စကားလုံး ဒီမိုကရေစီနတ်သမီးလိုလို၊ ဒုတိယဘုရားသခင်လိုလိုကြီးက ပြောဖူးလို့ပါ။

ဝီရသူ(မစိုးရိမ်)
1.11.2017