သတင်း

ဝံသာနုရက္ခိတ ရွှေမျက်မှန် ဦးဝိဇယ(၁)

(ကျစွာဆရာတော်ဘုရားကြီး၏ ထေရုပ္ပတ္တိစာအုပ်ဖြစ်ပါတယ်။ ၁၉၈၁ခုနှစ် မေလမှာ ထုတ်ဝေခဲ့တဲ့စာအုပ်ပါ။ စာအုပ်ပါမိတ်ဆက်စကားအရ ကျစွာဆရာတော်ကြီးအကြောင်းကို အခန်းခွဲပြီး စာတန်းပြုစုထားတာပါ။ အခန်း(၆)ခန်းရှိပြီး အခုတင်ပြမည့်အခန်းကတော့ အခန်း(၃) “ရွှေမျက်မှန် ဦးဝိဇယ၏ နယ်ချဲ့ဆန့်ကျင်ရေး လုပ်ရပ်နှင့် ဝံသာနုရက္ခိတ တရားများစာတန်း” ဖြစ်ပါတယ်။
ဆရာတော်ဦးပုညာနန္ဒာဘိဝံသ ပြုစုထားတာပါ။

အခုခေတ်နှင့်တိုက်ဆိုင်နေလို့ ပြန်လည် တင်ပြခြင်းဖြစ်ပါတယ်။ တို့ပိုင်နက်တွေကို အဓမ္မသိမ်းယူတာ ဘယ်သူတွေလဲဟေ့- အင်္ဂလိပ် အင်္ဂလိပ် တို့တတွေကိုဒုက္ခပေးနေတာ ဘယ်သူတွေလဲဟေ့ – အင်္ဂလိပ် အင်္ဂလိပ် တို့လူမျိုးတွေကို နှိပ်စက်နေတာ ဘယ်သူတွေလဲဟေ့ – အင်္ဂလိပ် အင်္ဂလိပ် ဒို့ရန်သူအစစ်တွေဟာ ဘယ်သူတွေလဲဟေ့ – အင်္ဂလိပ် အင်္ဂလိပ် ဒို့မကြောက်ရမှာ ဘယ်သူတွေလဲဟေ့ – အင်္ဂလိပ် အင်္ဂလိပ် အင်္ဂလိပ်ကိုကြောက်သေးလား ပရိသတ်ကြီး – မကြောက်ဘူး မကြောက်ဘူး(စာ-၁၁၈)
အမျိုးသားရေးလုပ်ရင် ဘုန်းကြီးအချင်းချင်း အမြင်မကြည်ချင်ဘူး၊ လူတွေက နှာခေါင်းရှုံ့တယ် စတာတွေပါဝင်တဲ့ ဒုဋ္ဌဂါမဏိအကြောင်းလည်း ပါပါတယ်။ အခန်းဆက်တင်ပြပေးပါ့မယ်။)

ဝီရသူ(မစိုးရိမ်)
22.11.2017
PM 10:16
========================================================

“ရွှေမျက်မှန် ဦးဝိဇယ၏ နယ်ချဲ့ဆန့်ကျင်ရေးလုပ်ရပ်နှင့် ဝံသာနုရက္ခိတ တရားများစာတန်း”

ဆရာတော်အရှင်ပုညာနန္ဒာဘိဝံသ တင်ပြသည်။

နိဒါန်း

မြန်မာပြည်ကို အင်္ဂလိပ်မျက်နှာဖြူများ သိမ်းယူခံရပြီးနောက် မြန်မာပြည်ဘွား တိုင်းရင်းသားတို့သည် လွတ်လပ်ရေးကိုမရမနေကြိုးစားအားထုတ်ခဲ့လေရာ တဦးတည်းသဘောနှင့် အုပ်ချုပ်သောခေတ်မှ ဒိုင်အာကီခေတ်၊ ဒိုင်အာကီခေတ်မှ ၉၁ ဌာနခေတ်၊ ၉၁ဌာနခေတ်မှ လွတ်လပ်ရေးခေတ်သို့ အဆင့်ဆင့် ပြောင်းလဲရောက်ရှိခဲ့လေသည်။

ဤသို့ လွတ်လပ်ရေးခရီးပြင်းတလျှောက်တွင် ရှေ့ပိုင်းဖြစ်သော ခေတ်ပြောင်းနှစ်ခေတ် လွတ်လပ်ရေး ကြိုးပမ်းမှုနှစ်ဆင့်၌ ဤရွှေမျက်မှန်ဦးဝိဇယခေါ် ကျစွာဆရာတော်ကြီးများ ကြီးမှူးတော်မူသော သံဃသာမဂ္ဂီအဖွဲ့အစည်းကြီးသည် သက်စွန့်ကြိုးပမ်း စွမ်းစွမ်းတမန် ပါဝင်ခဲ့လေသည်။

ဤသို့ လွတ်လပ်ရေးခရီးကြမ်း၌ ဘုန်းတော်ကြီးများလည်း တခဏ်းတကဏ္ဍပါဝင်ခဲ့ရသည့်အဖြစ်ကို နှောင်းလူတို့ မမေ့ရစ်ကြစေရန် ရည်သန်၍ သံဃသာမဂ္ဂီသမိုင်းဟူသော စာစောင်ကို ရေးသားခဲ့ဘူး၏။

ထိုစာစောင်သည် အကြောင်းအမျိုးမျိုးကြောင့် စာအုပ်အဖြစ်သို့ မရောက်ဘဲ စာအုပ်ဘီဒိုထဲ၌ပင်လျှင် လက်ရေးမူအဖြစ်ဖြင့် နှစ်အတော်ကြာ ဝိညာဉ်ချုပ်သကဲ့သို့ မလှုပ်မရှားနေခဲ့ရ၏။

ယခု ၁၃၃၈ ခု ပြာသိုလပြည့်နေ့ ၁၀ ကြိမ်မြောက် ကျစွာဆရာတော်ကြီး၏ ဂုဏ်ကျေးဇူးတော်ကို ရည်မှန်း၍ စာတန်းဖတ်ပွဲကြီးနှင့် ကြုံရသဖြင့် ယင်းသံဃသာမဂ္ဂီသမိုင်းစာစောင်သည် အသက်ဝိညာဉ် ပြန်လည်ဝင် ရောက်လာပြန်ခါ အတန်ငယ် လှုပ်ရှားနိုင်ခွင့်ရသဖြင့် ဝမ်းမြောက်ရပေတော့၏။

သို့သော် မိမိအနေနှင့် ရွှေမျက်မှန်ဦးဝိဇယ၏ နယ်ချဲ့ဆန့်ကျင်ရေးလုပ်ငန်းများဟူသော စာတန်းကဏ္ဍမှ ပါဝင်ရမည်ဖြစ်သဖြင့် ယင်းသံဃသာမဂ္ဂီသမိုင်းစာစောင်မှ ရွှေမျက်မှန် ဦးဝိဇယ ခေါင်းဆောင်တိုက်ရိုက် ဇာတ်လိုက်အနေနှင့်ပါဝင်သော ကဏ္ဍများကိုသာထုတ်နုတ်၍ ဖော်ပြရမည်ဖြစ်ပေသတည်း။

“ဘုန်းတော်ကြီးများ နိုင်ငံရေးလုပ်ဆောင်ရခြင်း၏ အခြေခံအကြောင်းရင်း”
မြန်မာနိုင်ငံကို အင်္ဂလိပ်အစိုးရတို့ တိုက်ခိုက်သိမ်းယူပြီးနောက် မြန်မာပြည်ရှိ သာသနာရေးအခြေအနေမှာ သာသနာဝင်ဦးရေအားဖြင့် တနေ့တခြား ဆုတ်ယုတ်လာခဲ့၏။

မန္တလေးတမြို့တည်းမှာပင် မြန်မာဘုရင်များ လက်ထက်က သံဃာတော်အရေအတွက် ခြောက်သောင်းရှိခဲ့၏။
အင်္ဂလိပ်တို့လက်ထက်အခါ၌ကား တစ်သောင်းခန့်သာရှိတော့၏။
ဆွမ်းရေးကွမ်းရေးမှာလည်း ကြပ်တည်း၍ လာခဲ့၏။ မြန်မာဘုရင်တို့လက်ထက်၌ မုဆိုးမတဦးကပင်လျှင် သံဃာတော်ဆယ်ပါးခန့် ဆွမ်းဝတ်ပြုနိုင်၏။ အင်္ဂလိပ်တို့လက်ထက်၌ကား နှစ်ပါးသုံးပါးလောက်ကိုပင် အနိုင်နိုင်ကြိုးစားရ၏။

တန်ခိုးအာဏာမှာလည်း သိသိသာသာကြီး ယုတ်လျော့လာခဲ့၏။ အင်္ဂလိပ်တို့ခေတ်က မြန်မာဘုန်းတော်ကြီး များ၏ တန်ခိုးအာဏာသည် ခရာဇ်ယန်ဘုန်းကြီး တန်ခိုးအာဏာ၏ ဆယ်စိတ်တစိတ်မျှပင် မရှိတော့ချေ။

ဤသို့လျှင် ဗုဒ္ဓသာသနာတော်ကြီး၏ အရှိန်အဝါသည် အဖက်ဖက်မှ ကျဆင်းလာသဖြင့် တိုင်းပြည်ကြီး လွတ်လပ်ခါ ကိုယ့်မင်းကိုယ်စိုးနှင့် နေရပါမူ ဤဗုဒ္ဓသာသနာတော်ကြီးသည် မြန်မာဘုရင်လက်ထက်တော် အခါက အခြေအနေအတိုင်း စိမ်းလန်းစိုပြေ စည်ပင်ပေရာ၏ဟု နှလုံးပြုမိတော်မူကြသဖြင့် ဘုန်းတော်ကြီး များ နိုင်ငံရေး နိုင်ငံလွတ်လပ်ရေးကို ဆောင်ရွက်တော်မူကြရခြင်း ဖြစ်လေသည်။

“သံဃအဖွဲ့များ ပေါ်ပေါက်လာခြင်း”

၁၂၆၈ ခု၊ (၁၉၀၆ခု)နှစ်တွင် ဗုဒ္ဓဘာသာကလျာဏယုဝ(ဝိုင်-အမ်-ဘီ-အေ)အသင်းကြီးကို စတင်တည် ထောင်သည်။ ၁၂၈၂ခု(၁၉၂၀ခု)နှစ်တွင် ဝိုင်-အမ်-ဘီ-အေ အသင်းကြီးမှ ဂျီ-စီ-ဘီ-အေခေါ် မြန်မာအသင်း ချုပ်ကြီးအဖြစ်သို့ ပြောင်းလဲသည်။

ဤအတောအတွင်း နိုင်ငံရေးနှင့်ပတ်သက်သော သံဃာ့အဖွဲ့အသင်း ထင်ထင်ရှားရှားမပေါ်သေးဘဲ ဆရာတော်ဦးဥတ္တမတစ်ဦးတည်းသာလဆင် ဝိုင်-အမ်-ဘီ-အေ အသင်းကြီးနှင့်ပူးတွဲလျက် နိုင်ငံရေးကို စတင်ဆောင်ရွက်၍ နေပေသေးသည်။

အနည်းငယ်ချဲ့ဦးအံ့။ ဆရာတော်ဦးဥတ္တမသည် ၁၂၈၀ခု(၁၉၁၉ခု)နှစ် ဂျပန်နိုင်ငံမှ ဒုတိယအခေါက် ပြန်လည်ရောက်ရှိလာပြီး သူရိယသတင်းစာတွင် ဝံသာနုရက္ခိတတရားများကို မြန်မာလူမျိုးများ လိုက်နာကျင့်ကြံရန် နိုင်ငံခြားဖြစ် အဝတ်အထည်များကို တတ်နိုင်သမျှ ရှောင်ကြဉ်ပြီး မြန်မာပြည်ဖြစ် ပင်နီနှင့် ယောလုံချည် ယောထမီများ ဝတ်ဆင်ရန်ဟူသော ဆောင်းပါးများကို ရေးသားခြင်း၊ အခွင့်သင့်ရာ အရပ်ဌာနတို့၌ နိုင်ငံရေးတရားများကို ဟောပြောခြင်းတို့ကို စတင်ပြုလုပ်လေသည်။

ဤသို့ ဆရာတော်ဦးဥတ္တမသည် နိုင်ငံရေးကို စတင်ဆောင်ရွက်စအခါတွင် စုံထောက်များက ဆရာတော် ဦးဥတ္တမနောက်သို့ တကောက်ကောက်လိုက်၍နေခြင်း၊ ဟောပုံ ပြောပုံမှာ အနည်းငယ် ကြမ်းတမ်း၍ အရဟတ္တဓဇဂုဏ်နှင့်မညီဟု ထင်မြင်ယူဆခြင်းတို့ကြောင့် နိုင်ငံရေးနှင့် စပ်သောသံဃာ့အသင်းအဖွဲ့ကို ဖွဲ့ဘို့ဝေးစွ၊ မည်သည့်သံဃာကမျှ ဆရာတော်ဦးဥတ္တမအား ဟက်ဟက်ပက်ပက် ပေါင်းသင်းဆက်ဆံခြင်းကို ပင် မပြုကြချေ။

ဤသို့ သံဃာတော်များ ကြောက်အားပိုပြီး အယူအဆသုံမှုံ၍ နေသည်ကို သိရှိတော်မူသော ဆရာတော် ဦးဥတ္တမသည် ဆာရယ်ဂျီနယ်ကရက်ဒေါက် သင်မြန်မာပြည်မှ ထွက်သွားလိုက်ပါ ဟူသော စာကိုပုံနှိပ်ခါ တောရောမြို့ပါမကျန် မြန်မာပြည်အနှံ့အပြား လိုက်လံဝေငှလေသည်။

ထိုစာတန်းကို ဖတ်ရှုရသောရဟန်းရှင်လူ တိုင်းသူပြည်သားအားလုံးမှာ ဘယ့်နှယ်လဲ ဆရာတော်ဦးဥတ္တမ ကတော့ ဘုရင်ခံကိုမောင်းထုတ်နေပြီး ဘယ်လိုများ ဖြစ်ကြမလဲ ဟူသော တွေးလုံး တောလုံးဖြင့် ရဲသွေး ရဲစိတ်ကလေးကြွကာ အတော်ကလေး လှုပ်လှုပ်ရွရွဖြစ်လာလေသည်။

ဤသို့ သံဃာရောလူထုပါ ရဲသွေးရဲစိတ်ကြွလာသည်ကို သိရှိရသော ဆရာတော်ဦးဥတ္တမသည် သံဃာတော်များ ကျိန်းစက်၍ မနေပါနှင့်၊ တိုင်းပြည် ကျွန်ဘဝသို့ ရောက်နေသောအခါ တိုင်းသူပြည်သား များမှာလည်း ကျေးကျွန်များသာ ဖြစ်သည်။

ထိုတိုင်းသူပြည်သားများကိုးကွယ်သော ဘာသာ သာသနာမှာလည်း ကျွန်ဘာသာ ကျွန်သာသနာဖြစ်သည်။ တိုင်းပြည်နှင့်လူမျိုးတို့ ကျွန်ဘဝမှလွတ်မြောက်မှ သာလျှင် သာသနာတော်ကြီး ကြီးပွားထွန်းကားလာနိုင်မည်။

သံဃာ့သာမဂ္ဂီအသင်း အဖွဲ့များကို ဖွဲ့စည်းပြီးကာ လွတ်လပ်ရေးရဘို့အတွက် အပြင်းအထန် ကြိုးစားကြပါဟု နေရာအနှံ့အပြား လိုက်လံ ဟောပြောကာ သံဃသာမဂ္ဂီအသင်း ပေါ်ပေါက်လာရေးကိစ္စကို မနေမနား ကြိုးစားလေသည်။

ဤသို့ကြိုးစားယင်း ၁၂၈၃ ခု(၁၂၈၂ခု ပူးတွဲကမ္ဘာကျော်ပုဂ္ဂိုလ်တရာစာအုပ်)ဒေးဒရဲ ဆူးတလက်ရွာတွင် နိုင်ငံရေးတရားဟောပြောရာ ပုဒ်မ ၁၂၄(က)အရ အစိုးရကို အကြည်အညို ပျက်စေမှုနှင့် တရားစွဲခံရလေသည်။

ဤသို့ အမှုတန်းလန်းနှင့်ပင် နိုင်ငံရေးတရားများကို ဆက်လက်ဟောပြောနေခဲ့ရာ ပုသိမ်ခရိုင် ကျောင်းကုန်းမြို့၌ တရားဟောနေစဉ် ဖမ်းဆီးခံရပြီး မအူပင်ရုံး၌ စစ်ဆေးကာ ထောင်ဒဏ်အပြစ် ပေးလေသည်။

ယင်းသို့ ဆရာတော်ဦးဥတ္တမထောင်ကျခံလိုက်ရသောအခါ သံဃာတော်များ အထူးနိုးကြားလာပြီး ရန်ကုန်မြို့ သရက်တောတိုက်နှင့် ဗဟန်းကျောင်းတိုက်များတွင် သံဃာ့သာမဂ္ဂီအဖွဲ့များကို တိုးချဲ့ဖွဲ့စည်း ကြလေသည်။

ထိုသံဃာ့သာမဂ္ဂီအသင်းများပေါ်စ ပထမပိုင်း ခေတ်ဦးကာလ၌ ကြီးပွားသင့်သလောက် မကြီးပွားကြသေး ဘဲ အလယ်တောရဆရာတော်၊ စလင်းဆရာတော်၊ ဝေဠုဝန်ဆရာတော်စသော ထေရ်ကြီးဝါကြီး ဆရာတော်ကြီးများ ပါဝင်တော်မူလာသောအခါမှသာ တဟုန်းထိုး တိုးတက်ကြီးပွားလာလေသည်။

အောက်ပိုင်း မြန်မာပြည်တွင် မြန်မာပြည်လုံးဆိုင်ရာ သံဃာ့သာမဂ္ဂီအဖွဲ့ပေါင်း ၃၇ ဖွဲ့မျှ ဖွဲ့စည်း တည်ထောင် စည်းရုံးမိကြပြီး ထိုအဖွဲ့ချုပ်အစည်းအဝေးမှ
အလယ်တောရဆရာတော် ပဋ္ဌမ ဥက္ကဋ္ဌ
ရန်ကုန်ဝေဠုဝန်ဆရာတော် ဒုတိယ ဥက္ကဋ္ဌ
ပြည်-ပွင့်လှသိမ်ကုန်းဆရာတော် ဒုတိယဥက္ကဋ္ဌ
ရန်ကုန်ကျောင်းတော်ရာရွှေကျင်တိုက် နန္ဒဝံကျောင်း ဦးဓမ္မောဒယ အကျိုးဆောင် အဖြစ်ဖြင့် တင်မြှောက်ကြပြီးလျှင် နိုင်ငံရေးကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ကြလေသည်။

ဤသို့ အောက်ပိုင်းမြန်မာပြည်တွင် သံဃာတော်များ စည်းလုံးညီညွတ်ကြသည်ကို အားကျအတုယူပြီးကာ အထက်ပိုင်းမြန်မာပြည်၌လည်း သံဃာ့အသင်းအပင်းများ ဖွဲ့စည်းတည်ထောင်လျက် ၁၂၈၃ ခုသီတင်းကျွတ်လ၌ အထက်ပိုင်း ဗုဒ္ဓသာသနာလုံးဆိုင်ရာ သံဃာ့သာမဂ္ဂီအဖွဲ့များ စုရုံးစည်းဝေးကြပြီးလျှင် ထိုအစည်းအဝေးမှ
ဘေးမဲ့ဆရာတော်ဘုရားကြီး ဥက္ကဋ္ဌ၊ အတိုင်ပင်ခံဆရာတော် ငါးကျိပ်ကျော်တို့ကို တင်မြှောက်ပြီးနောက် နိုင်ငံရေးကို ကျယ်ပြန့်စွာ ဆောင်ရွက်ကြလေသည်။

“သံဃာ့အဖွဲ့နှစ်ဖွဲ့ ပူးပေါင်းခြင်း”

ဆိုအပ်ပြီးသည့်အတိုင်း အထက်ပိုင်းမြန်မာပြည်တွင် ဗုဒ္ဓသာသနာလုံးဆိုင်ရာ မဟာသံဃာ့သာမဂ္ဂီအဖွဲ့ချုပ်၊ အောက်ပိုင်းမြန်မာပြည်တွင် မြန်မာပြည်လုံးဆိုင်ရာ မဟာသံဃာ့သာမဂ္ဂီအဖွဲ့ချုပ်ဟု အဖွဲ့ကြီးနှစ်ခု ကွဲပြားလျက်ရှိရာ အလုပ်တူသော်လည်း အမည်ကွဲပြားက စိတ်ဝမ်းကွဲဘွယ်ရာ အကြောင်းရှိသည်၊ အဖွဲ့ချုပ်ကြီးနှစ်ခုကို တဖွဲ့တည်းပေါင်းနိုင်မှသာ ညီညွတ်ရေးအင်အား တောင့်တင်းပြီး လိုအပ်သည့်ခရီးသို့ ရောက်နိုင်မည်ဟု ဆရာတော်ဦးဥတ္တမက တိုက်တွန်းနှိုးဆော်သဖြင့်……….

အောက်ပိုင်းသံဃာ့အဖွဲ့ချုပ်မှ
ရန်ကုန်မြို့ ဝေဠုဝန်ဆရာတော်
ရန်ကုန်မြို့ ဥယျာဉ်တိုက် လေသာဆရာတော်
ပြည်မြို့ ပွင့်လှသိမ်ကုန်းတိုက်အုပ်ဆရာတော်
ပုသိမ် ဦးဝေပုလ္လ
အထက်ပိုင်း သံဃာ့အဖွဲ့ချုပ်မှ
ရွှေပြည်ဆရာတော်
စံကျောင်းဆရာတော်
မိုးထားတိုက် ဦးဝိဇယ(ရွှေမျက်မှန် ဦးဝိဇယ)
ဆင်တဲတိုက် ဦးအာလောက
ဤဆရာတော်များကို သံဃအဖွဲ့ချုပ်ကိုယ်စားလှယ်အဖြစ် တင်မြှောက်ကြပြီးလျှင် ပျဉ်းမနားမြို့ ကန်ဦးတိုက်တွင် မျက်နှာစုံညီ စည်းဝေးကြပြီး တဖွဲ့တည်းပူးပေါင်းဆောင်ရွက်ရေးမူကို စီမံရေးဆွဲ ကြလေသည်။

ထိုဆရာတော်များ ရေးဆွဲသောပူးပေါင်းရေးမူကို အောက်ပိုင်းသံဃာ့အဖွဲ့ချုပ်က ဟင်္သတမြို့၌၄င်း၊ အထက်ပိုင်း သံဃာ့အဖွဲ့ချုပ်က မုံရွာမြို့၌၄င်း အထူးအစည်းအဝေးဖွင့်ကြပြီးလျှင် ညှိနှိုင်းဆွေးနွေးကြလေသည်။ ယင်းသို့ ပူးပေါင်းရေးမူကို ညှိနှိုင်းဆွေးနွေးကြပြီးနောက် ပူးပေါင်းရေး ကွန်ဖရင့်ကြီးကို ၁၂၈၅ ခု ဒုတိယဝါဆိုလတွင် ပျဉ်းမနားမြို့ ကန်ဦးကျောင်းတိုက်မှာပင် ကျင်းပပြုလုပ် လေသည်။ ထိုကွန်ဖရန့်အစည်းအဝေးကြီးမှ
ဘေးမဲ့ဆရာတော် ဥက္ကဋ္ဌချုပ်
ကျေးသီးကုန်းဆရာတော်၊ သက်ပန်းဆရာတော် (အထက်ပိုင်းအတွက်)
အလယ်တောရဆရာတော်၊ ဝေဠုဝန်ဆရာတော်(အောက်ပိုင်းအတွက်)ဒုတိယဥက္ကဋ္ဌ
မန္တလေးမြို့၊ မိုးထားတိုက် ဦးပညာသာမိ အတွင်းရေးမှူးချုပ်အဖြစ်ဖြင့် အများသဘောတူတင်မြှောက်လျက် မြန်မာပြည် သမ္မာသမ္ဗုဒ္ဓသာသနာလုံးဆိုင်ရာ မဟာသံဃာ့သာမဂ္ဂီအဖွဲ့ချုပ်ကြီး ဟူသော အမည်ဖြင့် အထက်အောက် သံဃာ့သာမဂ္ဂီအဖွဲ့များ တပေါင်းတည်း ပေါင်းစည်းမိကြလေသည်။

မှတ်ချက်။ ။ သံဃာ့အဖွဲ့များပေါ်ပေါက်လာမှု၌ တိကျသော မှတ်သားချက်ကား မြန်မာပြည် အောက်ပိုင်း၌ ၁၉၁၉ (မြန်မာသက္ကရာဇ် ၁၂၈၁ခု)ဇန္နဝါရီလတွင် ရန်ကုန်မြို့ ရွှေတိဂုံ ကုန်းပေါ်၌ သံဃာ့သာမဂ္ဂီအသင်းတစ်ခုကို အရှင်နာဂိန္ဒ ကိုယတော်က စတင်ဖွဲ့စည်းတည်ထောင်ခဲ့သည်။ ထိုမှတစတစ တိုးတက်လာရာ ဆရာတော်ဦးဥတ္တမထောင်ဒဏ် အပြစ်ခံရသည်နှင့် ကြုံသောအခါ ၁၂၈၃ ခု၊ နယုန်လပြည့်ကျော် ၁၂ ရက်နေ့၌ အောက်မြန်မာပြည်တွင် ဖွဲ့စည်းမိသော အဖွဲ့ပေါင်း ၃၇ ဖွဲ့ကို မြန်မာပြည်လုံးဆိုင်ရာ မဟာသံဃာ့သာမဂ္ဂီအဖွဲ့ချုပ်ကြီးဟူသော အမည်ဖြင့် စည်းလုံးနိုင်ခဲ့ကြလေသည်။

“ဘုန်းတော်ကြီးများနှင့်ဝံသာနုအသင်း ”
ဆိုအပ်ပြီးသည့်အတိုင်း သက္ကရာဇ် ၁၂၈၁ ခုနှစ်လောက်မှစ၍ သံဃာတော်များ နိုင်ငံရေးကိစ္စကို တစတစနှင့် ဆောင်ရွက်စပျိုး၍ ၁၂၈၃ ခုနှစ်တွင် စည်းမျဉ်းဥပဒေများ ရေးဆွဲကာ စံနစ်တကျ သံဃာ့အဖွဲ့များ ပေါင်းစည်းမိ၍ ခိုင်ခံ့ကျယ်ပြန့်သော သံဃာ့သာမဂ္ဂီအသင်းကြီးတည်ထောင် မိကြလေသည်။
ယင်းသို့သံဃာ့သာမဂ္ဂီအသင်းသန္ဓေတည်၍ ဖွားမြင်လာရသည့်ခေတ်ကာလအတွင်း ၁၂၈၃ခုနှစ်ဝယ် အသင်း၏ ဥပဒေပုဒ်မ ၂(ခ)တွင် မြတ်စွာဘုရား သာသနာတော်ကြီးနှင့် ဘာသာပညာအမျိုး ကြီးပွားတိုးတက်ရေးကို ဆောင်ရွက်ရန်ဟု ဆိုထားသည့်အတိုင်း ယင်းကိစ္စများကို ဆောင်ရွက်နိုင်ရန် ညီညွတ်ရေးသည်အဓိကဖြစ်၏။ သို့ဖြစ်၍ သံဃာ့အဖွဲ့မှ ပေါ်ထွက်လာသော ဓမ္မကထိကများသည် ပဋ္ဌမဦးစွာ ညီညွတ်စည်းလုံးရေးအတွက် ဝံသာနုအဖွဲ့များကို အင်တိုက်အားတိုက် ဖွဲ့စည်းရလေသည်။

ယင်းဝံသာနုအသင်းများတည်ထောင်ပုံကို အောက်ပါ မန္တလေးမြို့ တောင်ပြင်လုံးဆိုင်ရာ သံဃာ့အဖွ့၏ ဆောင်ရွက်ချက်ဖြင့် သရုပ်ဆောင်ခါ ထင်ရှားပြပါအံ့။
မန္တလေးမြို့ တောင်ပြင်တွင် ရွာသစ်၊ ပုတီးတန်း မျက်ပါးရပ်၊ ဟော်ကုန်း၊ မင်္ဂလာဈေး၊ အောင်တော်မူဟု ရပ်ကွက်အများအပြားရှိလေသည်။ ထိုရပ်ကွက်တို့တွင် ရပ်ကွက်တခုတခု၌ သုံးညဥ့် သုံးညဥ့်စီ တရားဟောရသည်။

တရားပွဲ အစီအစဉ်ကို မဆိုသေးမီ နေရာထိုင်ခင်းခင်းကျင်းရပုံ အခက်အခဲကို ဖော်ပြလိုပေသေးသည်။ နိုင်ငံရေးတရားပွဲ ဟူသောအသံကိုကြားလိုက်သည်နှင့်တပြိုင်နက် မျက်နှာဖြူအစိုး ရ၏ လက်ပါးစေစုံထောက်နှင့် ပုလိပ်တို့က အလျင်ရောက်နှင့်ပြီးဖြစ်သည်။

ထိုလက်ပါးစေများက လက်ချက်ဦးစွာ ကုလားထိုင်မပေးရ၊ စာပွဲမပေးရ၊ ခရီးဦးမကြိုရ၊ ကွမ်းဆေးလဘက်မတည်ရ ဟု တရားဟောမည့်ရပ်ကွက်တွင် တိုးတိုးအမိန့်ထုတ်နှင့်ပြီးဖြစ်သည်။

ထိုခေတ်အခါက မန္တလေးမှာ ပုလိပ်ကိုပင် ပုလိပ်တော်မင်းဟု ခေါ်ရသည့်တိုင်အောင် ပြားပြားဝပ်မျှ ကြောက်ရွံ့၍ နေကြရသောအခါဖြစ်သည်။

သို့ဖြစ်၍ တရားပွဲအတွက် ကုလားထိုင်၊ စာပွဲများကို ကိုယ်တိုင်ခင်းကျင်း ပေးလိုသော်လည်း မပေးရဲ၊ ကွမ်းဆေး လဘက်တည်လိုသော်လည်း မတည်ရဲသည်ကများကြသည်ဖြစ်ရာ သံဃာတော်များကိုယ်တိုင် အိမ်တွင်းသို့ဝင်လျက် သံဃာတော်များအတွက် ကုလားထိုင်၊ စာပွဲများကို သယ်ယူခင်းကျင်းပေးရခြင်း၊ ရပ်ကွက်တကွက်မှ ရပ်ကွက်တကွက်သို့ ကွင်ပျစ်(ကုတင်)ကြီးများကို ထမ်း၍ရွေ့ရခြင်း၊ တခါတရံ သောက်ရေအိုးများကိုပင် ကိုယ်တိုင်ထမ်းပိုးသယ်ဆောင်ရသည်အထိ အခက်အခဲနှင့် ကြုံရလေသည်။

ဤသို့ခင်းကျင်းပြီးနောက် ဟောပြောမှုမစမီ ဥက္ကဋ္ဌမည်သူ၊ အတွင်းရေးမှူးမည်ဝါ၊ အမှုဆောင်က မည်သည့်ပုဂ္ဂိုလ်များဟု ဖတ်ကြားကြေငြာပြီးလျှင် ဗုဒ္ဓဘာသာကလျာဏ ယုဝယောက်ျားများအသင်း၊ ဗုဒ္ဓကလျာဏယုဝတီ မိန်းမများအသင်း ဟု ရပ်ကွက်တခုတွင် အသင်းနှစ်သင်းကျစီ ဖွဲ့စည်းပေးရသည်။

ဤသို့ အသင်းဝင်စာရင်းဖတ်ရာ၌ တချို့က သူ့နာမည်ကလေး ထည့်မဖတ်ပါနဲ့၊ စာရင်းမှာပါယင်ပြီးဒါပါ တချို့ကတော့ သူ့နာမည်ကျတော့ တိုးတိုးဖတ်ပါ၊ သိပ်မအော်လိုက်ပါနဲ့ လို့ မှာလိုက်ကြတာ ကိုရွှေပုလိပ် ကြောက်ရှာလွန်းလို့။

ဤကဲ့သို့ အမည်စာရင်းဖတ်၍ အဖွဲ့များ ဖွဲ့စည်းပြီးနောက် မကြောက်ရ ဒေသနာဖြင့် တရားပွဲကို စတင်ဖွင့်လှစ်ရသည်။ ပုလိပ်ဆိုတာ ရိုးရိုးလူဘဲ၊ ဘုန်းကြီးမဟုတ်ဖူး၊ ရှင်ဘုရင်မဟုတ်ဖူး၊ ဒါ့ကြောင့် ပုလိပ်ကို ပုလိပ်လို့ဘဲခေါ်ရမယ်၊ တော်တွေမင်းတွေ ထည့်ပြီး ပုလိပ်တော်မင်းလို့ မခေါ်ရဘူး။ ကိုင်း နှုတ်ရဲအောင် လိုက်ဆိုကြစမ်း။

ဘုန်းကြီး ……………………… ပုလိပ်။
လူထု …………………………. ပုလိပ်။
ဘုန်းကြီး …………………. ဟဲ့ပုလိပ်။
လူထု ………………….ဟဲ့ပုလိပ်။
ဘုန်းကြီး……..ဟဲ့ခွေးပုလိပ်။
လူထု……….ဝါးကနဲရယ်သံများ။

အဲ ပုလိပ်ဆိုတာ အခွန်ဘဏ္ဍာငွေထဲက အခကြေးငွေဝေယူထားတဲ့ တိုင်းသူပြည်သားရဲ့ ကျေးကျွန်တွေဖြစ်တယ်၊ ဒါကြောင့် ညညကျယင် ၃ယောက်တတွဲ ၃ယောက်တတွဲ ရပ်ကွက်ထဲ လှဲ့လှဲ့ပြီး စောင့်ရှောက်နေကြရတယ်မဟုတ်လား။ ဒါကြောင့် သူတို့တွေကို တိုင်းပြည်ရဲ့ အစေခံတွေလို့ မှတ်ရမယ်။ ဘာမှ ကြောက်လန့်နေစရာမလိုဘူး စသောအားဖြင့် မကြောက်ရ ဒေသနာများကို ဟောကြားပြီးနောက်……

နိုင်ငံခြားဖြစ် အဝတ်အထည်များကို ရှောင်နိုင်သမျှ ရှောင်ပြီး တိုင်းရင်းဖြစ်ပင်နီ ယောလုံချည်များကို ဝတ်ဆင်ရန် စသော ဝံသာနုတရားများ၊

မျက်နှာဖြူများသည် တမင်ရန်စပြီး မြန်မာပြည်ကို မတရားသိမ်းယူပုံ၊
နိုင်ငံခြားသားတွေခေါ်လာပြီး မြန်မာအမျိုးသမီးများနှင့် အိမ်ထောင်ရေး ဖန်တီးပေးကာ လူမျိုးကို တစတစမျိုစေပုံ၊
မြန်မာ၏အစီးအပွားများကို အသားလိုက် အတစ်လိုက် ညှစ်ထုတ်ယူပုံ၊
နှုတ်ချိုသော်လည်း စိတ်ထားကောက်၍ အလွန်ကြောက်ဖွယ်ဖြစ်ပုံ စသော မျက်နှာဖြူ မုန်းတီးရေးတရားများ ဖွဲ့စည်းပြီးသော အသင်းအဖွဲ့များ ညီညီညွတ်ညွတ်ရှိကြဘို့ရန် အဓိကအရေးကြီးပုံ၊ စည်းလုံးညီညွတ်မှ လွတ်လပ်ရေးတည်းဟူသော လိုရာပန်းတိုင်ကို ရောက်နိုင်ပုံ၊
တနှစ်တနှစ်တွင် အသင်းဆက်ကြေး ၂၀ကို ဂျီ-စီ-ဘီ-အေ အသင်းချုပ်ကြီးသို့ မပျက်မကွက်ပေးရန်စသော ညီညွတ်ရေးတရားများကို အာဝဇ္ဇန်းရှိ သလောက် ဟောကြားကြလေသည်။

ဤသို့ နိုင်ငံရေးတရားပွဲများကို ချလျက် အသင်း အပင်းတို့ကို အားကြိုးမာန်တက် တည်ထောင်ဖွဲ့စည်းခြင်း သည် ဂျီ-စီ-ဘီ-အေ နဝမကွန်ဖရင့်၌ လူထုအင်အားပြလျက် ဒိုင်အာခီအလိုမရှိ၊ ဟုမ္မရူးမှ လိုချင်သည်ဟု ကြွေးကြော်တောင်းဆိုရန်ဖြစ်သည်။

ထိုအချိန်က နိုင်ငံရေးတရားဟောရာ၌ စိတ်ပါလက်ပါ ပါဝင်ဆောင်ရွက်ဟောပြောတော်မူသော ဘုန်းတော်ကြီးဓမ္မကထိကများမှာ
ဦးဝိသုဒ္ဓ၊
ရွှေမျက်မှန်ဦးဝိဇယ၊
ဦးကုသလ၊
ဦးဝါယမိန္ဒ၊
ဦးပဏ္ဍိတ၊
ဦးသုဂန္ဓရ၊
ဦးတေဇဝန္တ၊
ဦးဝါသဝ၊
ဦးပညာဝံသဖြစ်၍
လူပုဂ္ဂိုလ်ဓမ္မကထိကများမှာ
ဦးဘဦး၊
စီပီခင်မောင်၊
ဦးစိန်ဘ၊
ဦးသူတော်၊
ရွှေမန်းဦးလှ၊
ကျောင်းဆရာဦးဘတင်၊
ဝတ်လုံတော်ရဦးမြဦး စသည်တို့ ဖြစ်ကြလေသည်။