သတင်း

ဝံသာနုရက္ခိတ ရွှေမျက်မှန် ဦးဝိဇယ(၅)

(ကျစွာဆရာတော်ဘုရားကြီး၏ ထေရုပ္ပတ္တိစာအုပ်ဖြစ်ပါတယ်။ ၁၉၈၁ခုနှစ် မေလမှာ ထုတ်ဝေခဲ့တဲ့စာအုပ်ပါ။ စာအုပ်ပါမိတ်ဆက်စကားအရ ကျစွာဆရာတော်ကြီးအကြောင်းကို အခန်းခွဲပြီး စာတန်းပြုစုထားတာပါ။ အခန်း(၆)ခန်းရှိပြီး အခုတင်ပြမည့်အခန်းကတော့ အခန်း(၃) “ရွှေမျက်မှန် ဦးဝိဇယ၏ နယ်ချဲ့ဆန့်ကျင်ရေး လုပ်ရပ်နှင့် ဝံသာနုရက္ခိတ တရားများစာတန်း” ဖြစ်ပါတယ်။
ဆရာတော်ဦးပုညာနန္ဒာဘိဝံသ ပြုစုထားတာပါ။

အခုခေတ်နှင့်တိုက်ဆိုင်နေလို့ ပြန်လည် တင်ပြခြင်းဖြစ်ပါတယ်။ တို့ပိုင်နက်တွေကို အဓမ္မသိမ်းယူတာ ဘယ်သူတွေလဲဟေ့- အင်္ဂလိပ် အင်္ဂလိပ် တို့တတွေကိုဒုက္ခပေးနေတာ ဘယ်သူတွေလဲဟေ့ – အင်္ဂလိပ် အင်္ဂလိပ် တို့လူမျိုးတွေကို နှိပ်စက်နေတာ ဘယ်သူတွေလဲဟေ့ – အင်္ဂလိပ် အင်္ဂလိပ် ဒို့ရန်သူအစစ်တွေဟာ ဘယ်သူတွေလဲဟေ့ – အင်္ဂလိပ် အင်္ဂလိပ် ဒို့မကြောက်ရမှာ ဘယ်သူတွေလဲဟေ့ – အင်္ဂလိပ် အင်္ဂလိပ် အင်္ဂလိပ်ကိုကြောက်သေးလား ပရိသတ်ကြီး – မကြောက်ဘူး မကြောက်ဘူး(စာ-၁၁၈)
အမျိုးသားရေးလုပ်ရင် ဘုန်းကြီးအချင်းချင်း အမြင်မကြည်ချင်ဘူး၊ လူတွေက နှာခေါင်းရှုံ့တယ် စတာတွေပါဝင်တဲ့ ဒုဋ္ဌဂါမဏိအကြောင်းလည်း ပါပါတယ်။ အခန်းဆက်တင်ပြပေးပါ့မယ်။

ဝီရသူ(မစိုးရိမ်)
22.11.2017
PM 10:16
========================================================

“တိမ်မြုပ်၍နေသော ရွှေမျက်မှန် ဦးဝိဇယအကြောင်း ဆောင်းပါးတပုဒ်”
ဂျီ-စီ-ဘီ-အေ ရုံးအုပ်ဆရာတော်ကြီး၏ နောက်ဆုံးစကား
ဤဆရာတော်ကြီးသည် ဂျီ-စီ-ဘီ-အေ ရုံးအုပ် ရွှေမျက်မှန်ဦးဝိဇယဟူသောအမည်ဖြင့် ၂၁ခန့်ကာလ တိုင်တိုင် ဝံသာနုခေတ်နိုင်ငံရေးလောကတွင် ပါဝင်အားသစ်တော်မူခဲ့ရသော နိုင်ငံရေးသက်တော်ရင့် ပုဂ္ဂိုလ်ကြီးတပါးဖြစ်သည်။ ဤဆောင်းပါးတွင် ပါသော နောက်ဆုံးအမေစကားသည် ယခုခေတ် ကာလသားသမီးတို့၏ အယူအဆများနှင့် ကိုက်ညီကြမည်မဟုတ်သော်လည်း ထိုဆရာတော်ကြီး၏ အမျိုးသားရေးအတွက် ဆောင်ရွက်တော်မူခဲ့ရသော ဝိရိယစွမ်းအားကို နောက်ဆုံးစားဦးညွတ်သောအားဖြင့် ပုဂ္ဂိုလ်အများပင် ဖတ်ကြားထိုက်သည်ဟု ယူဆပါသောကြောင့် ဤဆောင်းပါးဖြင့် ဖော်ထုတ်တင်ပြလိုက်ရ ပါသတည်း။
ပုည
ပြာသိုလဖြင့်သဖြင့် ဥတုနိယာမအရ အထွတ်အထိပ်သို့ကျရောက်အောင် ချမ်းဧလှသော အခါသမယပင် ဖြစ်သည်။ ယင်းသို့ဆောင်းဥတုဖြစ်၍ ချမ်းဧလှသည့်အထဲ မဟာအကာလ မိုဃ်းဧကြီးက သူ၏ရာသက်ပန် မိတ်ဆွေ မဟာအကာလလေဧကြီးနှင့်တွဲကာ အဧဇာတ်ပွဲကြီးခင်းကျင်းနေပြန်သဖြင့် လောကဓာတ်တခုံလုံး ရေခဲတုံးကြီးများ ဖြစ်နေလေရော့သလားဟု ညည်းတွားရလောက်အောင် မဟာ့မဟာအဧဓာတ်ကြီးကား မင်းမူလျက်ရှိတော့သည်။
ပြာသိုလဆုတ် ၁ ရက်နေ့ ည ၇ နာရီအချိန် အဧဓာတ်ကို ကြောက်လန့်၍လားမသိ၊ မှိတ်တုတ်မှိတ်တုတ်နှင့် ကြောက်ဆုတ်ဆုတ်တောက်ပလျက်ရှိသော ဖယောင်းတိုင် မီးရောင်ကလေးအောက်၌ ပေါင်နှစလုံးအကြား သို့ ဦးခေါင်းရောက်၍သွားရလုမတတ် ကွေးလျက် အဧဓာတ်၏ ညှဉ်းဆဲခြင်းကို အလူးအလဲခံ၍နေရချိန်တွင် ဘယ့်နှယ်အစောကြီးရှိသေး အိပ်ပလားဟု အလန့်တကြား နှုတ်ဆက်လိုက်သောအသံကြောင့် ဆတ်ခနဲ ခေါင်းကိုထောင်လိုက်မိသည်။
အသံရှင်က ကုတင်အနီး၌ မတ်တတ်ရပ်လျက် စာအိတ်ကြီးတအိတ်ကို လက်ကမ်းနေသဖြင့် လှမ်း၍ ယူပြီးလျှင် စာအိတ်ပေါ်တွင်ပါသော ကမ္ပည်းစာကို ဖတ်၍ကြည့်လိုက်ရာ ဘဝနတ်ထံ ပြန်လွန်တော်မူသော စစ်ကိုင်းတောင်ရိုး ကျစွာချောင်ဆရာတော်ကြီး၏ အန္တိမဈာပန ပင့်လျှောက်လွှာဟု တွေ့ရှိရပါသည်။
ဤစာပိုဒ်မှ ပေါ်ထွက်၍လာသော အဆက်ဆက်သော အဓိပ္ပါယတ္ထတို့သည် စာရေးသူ၏ မျက်လုံးအစုံကို အဖန်ဖန်ဆိတ်ဆွ၍ နေလေတော့သဖြင့် ထိုနေ့ညဥ့်တညဥ့်လုံးပင် အိပ်၍မရတော့ပါ။ နတ်တော်လဆုတ် ၉ ရက်နေ့က မိတ်ဆွေတဦးထံမှ ဆရာတော်ကြီး ရောဂါပြင်းထန်လာသဖြင့် ဆေးဝါးကုသရန် မန္တလေးသို့ ရောက်ရှိနေပါကြောင်း ကြားသိရသဖြင့် ဆေးဝါးကုသရန် မန္တလေးသို့ရောက်ရှိနေကြောင်းကို ကြားသိရပြီး သည်ဖြစ်ပါလျက် သွားရောက်ဖူးတွေ့ခြင်းကို မပြုနိုင်လိုက်သည့်အတွက် အလွန် စိတ်လက်မကောင်းခြင်း ဖြစ်ရပါတော့သည်။
ဆရာတော်ကြီးသည် ပရိယတ္တိဝိသာရဒ၊ ဘာသန္တရဆေက၊ ဝိနိစ္ဆယကောသလ္လစသော ဂုဏ်တို့နှင့် ပြည့်စုံတော်မူသဖြင့် ပရိယတ္တိကို သင်ယူသောတပည့်၊ ဘာသန္တရကို သင်ယူသောတပည့်၊ ဝိနိစ္ဆယကို နာခံမှတ်သားသောတပည့် စသောအားဖြင့် တပည့်တပန်း အလွန်ပေါများတော်မူပါသည်။
စာရေးသူသည် မူကား အထက်ဖော်ပြပါနည်းတို့ဖြင့် တော်စပ်ခဲ့သော တပည့်တပန်း မဟုတ်ပါချေ။ အမှန်အတိုင်းဝန်ခံရသော် စာရေးသူသည် ဆရာတော်ကြီးနှင့် ခင်မင်ရင်းနှီးကာ ဆရာတော်ကြီး၏ တပည့် အဖြစ်သို့ရောက်ရှိလာခြင်းမှာ နိုင်ငံရေးတရားကို ကြားနာရသည့်ကိစ္စမှ အဦးအစ နိဒါန ခံခဲ့ခြင်းဖြစ်ပါသည်။
ထို့ကြောင့် စာရေးသူကို မည်သည့်တပည့်နှင့်မျှမတူ တမူ ထူးဆန်းသည့် ဆရာတော်ကြီး၏ နိုင်ငံရေး တရားနာတပည့်တပန်းတယောက်ဖြစ်သည်ဟု ဆိုရပေမည်။
ဆရာတော်ကြီးနှင့် မတွေ့ကြုံရမီ ယခင့်ယခင်အခါက စာရေးသူသည် နိုင်ငံရေး ဝါသနာမပါ နိုင်ငံရေးအတ္ထုပ္ပတ်စကားများကို ကြားရ နာရကောင်းမှန်းမသိသည့်အပြင် နိုင်ငံရေး စကားပြောသူများကို အလကား အချိန်ဖြုန်းတီးနေသူတွေဟူ၍ပင် ပြစ်တင် ကဲ့ရဲ့မိခဲ့ပါသည်။
သို့သော်လွန်ခဲ့သော ၈နှစ်ခန့်လောက်ကပင် စစ်ကိုင်းတောင်ရိုး ချောင်တချောင်းအတွင်း အလှူပွဲတခု၌ ဆရာတော်ကြီးအား ပဋ္ဌမဦးစွာဖူးတွေ့ခဲ့ရပါသည်။ အခြားအခြားသော ထေရ်ကြီးဝါကြီးပုဂ္ဂိုလ်ကြီးများမှာ ဘန်ကောက်သင်ကန်း၊ ပေါ်ပလင်သင်ကန်း၊ ပိတ်ချောသင်ကန်းစသော ကောင်းမြတ်ချောမွေ့သော သင်ကန်းများကို ဝတ်ရုံသပ္ပါယ်တော်မူကြသည်ဖြစ်ပါလျက် ဤဆရာတော်ကြီးသည်ကား မြန်မာဖြစ် ဖျင်ကြမ်းသစ်ခေါက်ဆိုး သင်ကန်းညိုကြီးသာဝတ်ရုံသပ္ပါယ်တော်မူသည်ကို တွေ့ရသဖြင့် စာရေးသူ၏ မျက်စိတွင် အံ့သြမခန်း အင်မတန့် အဆန်းကြီးဖြစ်၍နေပါသည်။
သို့နှင့် အနီးရှိမိတ်ဆွေတဦးအား ချောမွေ့တဲ့အဝတ်အထည်တွေ အလွန့်အလွန်ပေါများတဲ့ဒီခေတ်ကြီးမှာ ဘာ့ကြောင့် ဒီဆရာတော်ကြီးက ဖျင်ကြမ်းသင်ကန်းညိုကြီးကို ဝတ်ရပါသလဲဟု မေးမြန်း၍ကြည့်မိပါသည်။
ထိုမိတ်ဆွေဖြစ်သူက ဒီဆရာတော်ကြီးဟာ သံဃာ့သာမဂ္ဂီသမိုင်းတရှောက်မှာ ဂျီ၊စီ၊ ဘီ၊အေရုံးအုပ် ဘုန်းကြီး ရွှေမျက်မှန် ဦးဝိဇယဆိုတဲ့နာမည်နဲ့ အလွန်ထင်ရှားခဲ့တဲ့ပုဂ္ဂိုလ်ကြီးဖြစ်တယ်။ ဝံသာနုစိတ်ဓာတ် ပြင်းထန်လှလို့ အသက်နှင့်ကိုယ်တည်ရှိသမျှ ကာလပတ်လုံး နိုင်ငံခြားဖြစ်ကိုမဝတ်၊ အမျိုးသားဖြစ် အဝတ်အထည်ကိုသာ ဝတ်မည်ဟု ချမှတ်ခဲ့ဘူးတဲ့ဆုံးဖြတ်ချက်ကြောင့် ယခုထက်တိုင် ဖျင်ကြမ်းဝံသာနု သင်ကန်းညိုကြီးကို ဝတ်ရုံနေခြင်းဖြစ်တယ်၊ ဝံသာနုစကားလုံးဟာ မြန်မာပြည်မှ ပျောက်ကွယ်ခဲ့သည်မှာ နှစ်ပရိစ္ဆေဒ ကြာမြင့်ခဲ့ပြီဖြစ်ပေမယ့် ဒီဆရာတော်ကြီးရဲ့ ကိုယ်သန္တာန်မှာတော့ ဝံသာနုအမူအရာတွေ မပျောက်ကွယ်သေးဘူးဟု ဖြေဆိုပါသည်။
မိတ်ဆွေဖြစ်သူ၏ ဤအဖြေစကားရပ်သည် စာရေးသူနှင့် ဆရာတော်ကြီး၏စပ်ကြားတွင် ပဋ္ဌမဦးစွာ ချမှတ်လိုက်သော ဂဟေတပွင့်ဖြစ်ပါတော့သည်။ ဤစကားကို ကြားနရပြီးနောက် တစတစ ဆရာတော်ကြီး၏အနားသို့ အသွား အရောက်များခဲ့ရာ နောက်ဆုံးတွင် နိုင်ငံရေးအတ္ထုပ္ပတ်များကို ကြားနာရကောင်းမှန်းသိပြီး ဆရာတော်ကြီး၏ နိုင်ငံရေး တရားနာတပည့်ကြီး ဖြစ်၍လာခဲ့ပါသည်။
ဆရာတော်ကြီးသည် ၁၂၈၂ခုနှစ်မှ ၁၃၀၃ ခုနှစ်အထိ ၂၁ နှစ်ခန့်မျှကာလတိုင်အောင် အမျိုး ဘာသာ သာသနာ ပညာကြီးပွားရေးဟူသောဆောင်ပုဒ်ဖြင့် အင်္ဂလိပ်မျက်နှာဖြူ တိုင်းတပါးသားတို့၏ လက်အောက်မှတိုင်းပြည်ကြီး လွတ်မြောက်ရေးအတွက် နှလုံးရည်တော်လှန်ရေး မျက်နှာဖြူဆန့်ကျင်ရေး လုပ်ငန်းများကို မလျှော့တန်းလုပ်ဆောင်တော်မူခဲ့လေသည်။
ယင်းသို့ နိုင်ငံရေးကို လုပ်ဆောင်ရာ၌ သာမန်နောက်လိုက်တဦးအနေနှင့်မဟုတ်ဘဲ အမှုဆောင်အဖွဲ့ဝင်၊ သြဝါဒါစရိယ၊ ဂျီ၊စီ၊ဘီ၊အေ ရုံးအုပ်စသောရှေ့တန်းမျက်နှာမှပါဝင်ခဲ့ရသဖြင့် ဝှိုက်ကော်မတီသပိတ်၊ ဝေလာမင်းသားသပိတ်၊ မလှိုင်အခွန်အမှု၊ မြစ်ငယ်အခွန်အမှု၊ ဆရာတော်ဦးစန္ဒိမာ ဈာပနမှုခင်းစသော နှလုံးရည်တိုက်ပွဲကြီးများတွင် ကိုယ်တိုင်ကိုယ်ကျ ဦးဆောင်ပုဂ္ဂိုလ်ဖြစ်ခဲ့ရလေသည်။
ယင်းသို့ အတိတ်နိုင်ငံရေးဇာတ်လမ်းကြီးများကို ကိုယ်တိုင်ဦးဆောင်ပါဝင်ခဲ့ရသည်ဖြစ်သဖြင့် ခယေစေ့တွင်းကျ ဂနသေချာမှတ်မိသားမိခဲ့သည်ဖြစ်ရာ တဆင့်ကြားနာရသော စာရေးသူအဖို့ ယခုပင် ဖြစ်ပျက်တွေ့မြင်နေရသကဲ့သို့ အလွန်ထင်ရှား နားအရသာရှိလှတော့သည်။
ဆရာတော်ကြီးသည် ကိစ္စတခုကို ဆောင်ရွက်ရာ၌ ပြီးလျှင်ပြီးတာဘဲဆိုသည့်သဘောမျိုးဖြင့် ပေါ့ပေါ့တန်တန် ပြန်လှန်ကျော်လွှား၍ ဆောင်ရွက်လေ့မရှိ။ ဆုံးဖြတ်ချက်ချထားသည့်အတိုင်း မဖြစ်မနေ ဇွဲနဘဲနှင့် ဆောင်ရွက်တော်မူလေ့ရှိသည်။ ချမှတ်လိုက်သောအခါ ထိုကိစ္စထမြောက်အောင်မြင်ရေးအတွက် သံဃာတော်ဘက်မှ ဆရာတော်ကြီးက ဦးဆောင်တပါးအနေဖြင့် ပါဝင်ခဲ့ရလသည်။ ဝေလာမင်းသားကို ပြန်ပေးဆွဲ၍ သီပေါမင်းနှင့်လဲလိမ့်မည်ဟူသော သတင်းကြောင့် မျက်နှာဖြူအာဏာပိုင်များ ထိတ်ထိတ် ပျာပျာဖြစ်ကာ အထူးအလုပ်များ၍နေလေသည်။ နိုင်ငံရေးခေါင်းဆောင်များကို ဟိုနယ်ဒီနယ်ပို့သည်။ စာပုံနှိပ်စက်မှန်သမျှ အားလုံးချိတ်ပိတ်၍ထားသည်။ သတင်းအစအနရှိခဲ့ဘူးသည့် ပုဂ္ဂိုလ်တို့၏နောက်သို့ စုံထောက်များတကောက်ကောက် လိုက်၍နေသည်။ ဆရာတော်ကြီးနေထိုင်သော ကျောင်း၏ ထွက်ပေါက်၌ကား ပုလိပ်အစောင့်များပင် ချထားသဖြင့် အပြင်သို့ထွက်ခွင့်မရချေ။ ဤမျှတင်းတင်းကြပ်ကြပ် ပိတ်ဆို့ထားသော်လည်း မိမိဆောင်ရွက်ရမည့် ဝတ္တရားကို မဖြစ်မနေအားထုတ် ဆောင်ရွက်တော်မူပုံ ကတော့-
ကိုယ်တော်အချို့က ကျောင်းဝင်ပေါက်တွင် စောင့်၍နေသောပုလိပ်သားနှင့် စကားဖောင်လောက်အောင် ပြောဆိုနေကြရသည်။ ကျောင်းအပေါ်ထွပ်တွင် လျှို့ဝှက်စွာ ရှာဖွေစီမံ၍ထားသော ပစ္စည်းများဖြင့် ကျောက်ကျောတလင်ဗန်းရအောင် ဖော်စပ်ပြီးလျှင် သပိတ်မှောက်လှုံ့ဆော်ရေးစာများကို ကလောင်သွားတုံး တုံးဖြင့် စာရွက်တရွက်ပေါ်၌ ရေးသား၍ ကျောက်ကျောပြားပေါ်အုပ်ပြီး ခွလိုက်သောအခါ စာလုံးများထင်၍ ကျန်ရစ်သည်။ ယင်းကျန်ရစ်သော စာလုံးများကို အလွတ်စာရွက်ဖြူတခုဖြင့် နှိပ်ယူလိုက်သောအခါ ကူးပြီးသားစာရွက်တရွက် ရရှိလာလေသည်။ ဤသို့လက်ဖြစ် ကျောက်ကျောပုံနှိပ်စက်ဖြင့် စာရွက် လေးငါးဆယ်လောက်ရအောင် နှိပ်ယူပြီးသောအခါ ချက်ခြင်းခြောက်အောင် ပေယပ်ကြီးများဖြင့်ခတ်၍ လေဓာတ်ပေးရလေသည်။ အားလုံးကိစ္စပြီးစီး၍ ညဥ့်နာရီပြန် ၁ချက်တီးလောက်သို့ ရောက်သောအခါ ကျောင်းအောက်မှ ပုလိပ်အစောင့်မသိရအောင် နောက်ဖက်လေသာတခါးဒေါက်ဘောက်ချိတ်ကို ဧကသီသင်ကန်းအစွန်းနှင့် ခိုင်ခိုင်ချည်ပြီး ၄င်းသင်ကန်းကို ဘုံလုံခို၍ ကျောင်းအောက်သို့ အရောက်ဆင်း ကြရသည်။ ယင်းမှတဆင့် ကျောင်းတိုက်ပရဝဏ်နံရံတံတိုင်းကြီးများကို ကျော်ဖြတ်၍ မြို့တွင်းသို့ အရောက် သွားကြပြီး ဘူတရာရုံ၊ ဈေးဝ၊ ဘုရားမုခ်ဦးစသော လူများများစုဝေးမည့်နေရာတို့၌ ၄င်းစာရွက်များကို ကြဲချကြလေသည်။ ဤနည်းဖြင့် မျက်နှာဖြူအစိုးရတို့၏ ကြော်ငြာမကမ်းရဟူသော အမိန့်ကို မဖြစ်မနေ ဖောက်ဖျက်ခဲ့လေသည်။ ဤပုံစံအတိုင်း ဆရာတော်ကြီးသည် ငယ်ရွယ်စဉ်အခါက မိမိ၌ ကျရောက်လာ သော တာဝန်များကို အကျော်အလွှားမရှိ အတိအကျ မဖြစ်မနေ ဆောင်ရွက်တတ်သော သတ္တိရှိပေသည်။
စာရေးသူ နောက်ဆုံးဖူးတွေ့လိုက်ရသောရက်ကား လွန်ခဲ့သော နတ်တော်လဆုတ် ၁ရက်နေ့ (၁၃၂၉ခု၊ နတ်တော်လဆုတ် ၁ ရက်နေ့)ဖြစ်သည်။ ဆရာတော်ကြီး၏ နိုင်ငံရေးလုပ်ဆောင်ချက်များကို အထည်ကိုယ် သဘွယ်ပြ၍ ရေးသားအပ်သော သံဃာ့သာမဂ္ဂီ သမိုင်းစာမူသည် လွန်ခဲ့သော နတ်တော် လဆန်း၁ရက်နေ့ ကမှ အပြီးသတ်ခဲ့ပါသည်။
၎င်းစာမူတခုကို ဆရာတော်ကြီးအား ဆက်ကပ်ရန် စစ်ကိုင်းတောင်ရိုး ကျစွာချောင်သို့ သွားရောက်ခြင်း ဖြစ်ပါသည်။
ထိုသည့်ရက်ကပင်လျှင် ဆရာတော်ကြီး၏ရောဂါမှာ သက်သာတော်မမူလှချေ၊ အညစ်အကြေးစွန့်ရေးကိစ္စ တို့၌ ကိုယ်တော်တိုင်ထ၍ အားမထုတ်နိုင်တော့ဘဲ ဘေးလူ၏အကူအညီ အဆောင်အရွက်ဖြင့်သာ ခက်ခက်ခဲခဲကိစ္စပြီးတော်မူရသည်ကို တွေ့ရှိခဲ့ရပါသည်။
သမိုင်းစာမူကို လက်ထဲသို့ထည့်လိုက်သောအခါ မျက်နှာတော်မှာ အတော်ကလေးကြည်လင်လာပြီး စာမူမျက်နှာဖုံးတွင်ပါသော စာလုံးကြီးများနှင့် သံဃသာမဂ္ဂီတံဆိပ်ပုံကို အဖန်ဖန်ရှုကြည့်တော်မူပြီး ဒို့နှစ်ပရိစ္ဆေဒများစွာ ကြိုးကြိုးပမ်းပမ်းဆောင်ရွက်ခဲ့ရတဲ့ကိစ္စအကြောင်းအရာတွေကို ယခုခေတ် ကာလသားသမီးတွေက အရေးမထားကြဘူးကွယ့် မောင်ပုညာနန္ဒရဲ့။ ဒီလို မောင်တို့က စိတ်ပါလက်ပါ ရေးသားဖော်ထုတ်ဖော်ရတာကို အထူးဘဲ ကျေးဇူးတင်ပါတယ်ကွယ်ဟု ပီတိဖုံးသော မျက်လုံးဖြင့် ပြုံးပြုံးကြီးကြည့်ကာ မိန့်ဟတော်မူပါသည်။
ထိုရက်မှ နောက်၂၈ရက်တိတိ ဆရာတော်ကြီးသည် အသက်နှင့်ကိုယ်တည်မြဲ၍နေတော်မူသေးသော်လည်း ဤဆောင်းပါး၏ နိဒါန်းအစတွင်ဖော်ပြခဲ့သည့်အတိုင်း ဆရာတော်ကြီးနှင့်တပည့်ဖြစ်သူတို့ နောက်ထပ်တွေ့ ဆုံနိုင်ခွင့်မရတော့ပါ။ ဈာပနအခမ်းအနားနေ့ကလည်း မိုဠ်းတွေရွာ၍ လေနာထနေပါသဖြင့် အလောင်းတော် ကိုမျှ သွားရောက်မဖူးမြှော်လိုက်နိုင်ပါ။
ကျွန်ုပ်၏ အိပ်ရာနံဘေးရှိ ဈာပနပင့်လျှောက်လွှာကလေးကသာ ဆရာတော်ကြီး၏ ကိုယ်စားသဘွယ် စာရေးသူကျွန်ုပ်အား နှုတ်ခွန်းအထပ်ထပ်ဆက်၍ နေလေယောင်တကား။ ။
ပုည
၁၃၂၉ခု ပြာသိုလဆုတ် ၆ရက်
(၂၀-၁-၆၈)