(ကျစွာဆရာတော်ဘုရားကြီး၏ ထေရုပ္ပတ္တိစာအုပ်ဖြစ်ပါတယ်။ ၁၉၈၁ခုနှစ် မေလမှာ ထုတ်ဝေခဲ့တဲ့စာအုပ်ပါ။ စာအုပ်ပါမိတ်ဆက်စကားအရ ကျစွာဆရာတော်ကြီးအကြောင်းကို အခန်းခွဲပြီး စာတန်းပြုစုထားတာပါ။ အခန်း(၆)ခန်းရှိပြီး အခုတင်ပြမည့်အခန်းကတော့ အခန်း(၃) “ရွှေမျက်မှန် ဦးဝိဇယ၏ နယ်ချဲ့ဆန့်ကျင်ရေး လုပ်ရပ်နှင့် ဝံသာနုရက္ခိတ တရားများစာတန်း” ဖြစ်ပါတယ်။
ဆရာတော်ဦးပုညာနန္ဒာဘိဝံသ ပြုစုထားတာပါ။
အခုခေတ်နှင့်တိုက်ဆိုင်နေလို့ ပြန်လည် တင်ပြခြင်းဖြစ်ပါတယ်။ တို့ပိုင်နက်တွေကို အဓမ္မသိမ်းယူတာ ဘယ်သူတွေလဲဟေ့- အင်္ဂလိပ် အင်္ဂလိပ် တို့တတွေကိုဒုက္ခပေးနေတာ ဘယ်သူတွေလဲဟေ့ – အင်္ဂလိပ် အင်္ဂလိပ် တို့လူမျိုးတွေကို နှိပ်စက်နေတာ ဘယ်သူတွေလဲဟေ့ – အင်္ဂလိပ် အင်္ဂလိပ် ဒို့ရန်သူအစစ်တွေဟာ ဘယ်သူတွေလဲဟေ့ – အင်္ဂလိပ် အင်္ဂလိပ် ဒို့မကြောက်ရမှာ ဘယ်သူတွေလဲဟေ့ – အင်္ဂလိပ် အင်္ဂလိပ် အင်္ဂလိပ်ကိုကြောက်သေးလား ပရိသတ်ကြီး – မကြောက်ဘူး မကြောက်ဘူး(စာ-၁၁၈)
အမျိုးသားရေးလုပ်ရင် ဘုန်းကြီးအချင်းချင်း အမြင်မကြည်ချင်ဘူး၊ လူတွေက နှာခေါင်းရှုံ့တယ် စတာတွေပါဝင်တဲ့ ဒုဋ္ဌဂါမဏိအကြောင်းလည်း ပါပါတယ်။ အခန်းဆက်တင်ပြပေးပါ့မယ်။
ဝီရသူ(မစိုးရိမ်)
22.11.2017
PM 10:16
========================================================
“ဘုန်းတော်ကြီးများနှင့် နိုင်ငံရေး”
ရဟန်းတော်များ၌ ပါတိမောက္ခဝံသရသီလ၊ ဣန္ဒြိယဝံသရသီလ၊ အာဇီဝပါရိသုဒ္ဓိသီလ၊ ပစ္စယသန္နိဿိတသီလဟု သီလကြီး ၄ပါးရှိ၏။ ယခု ကျွန်ုပ်ဖတ်ကြားခဲ့သော စာတန်းသည် ကျစွာဆရာ တော်ဘုရားကြီး၏ ဂုဏ်ကျေးဇူးတော်ကိုရည်မှန်း၍ ဖတ်ကြားအပ်သော စာတန်းဟုပင်ဆိုရသော်လည်း အဆိုပါသီလကြီးလေးပါးတို့တွင် တပါးပါးရဲ့ အကြောင်းအရာမျှမပါဘဲ ဆရာတော်ကြီး၏ ဗြိတိသျှနယ်ချဲ့ ဆန့်ကျင်ရေးဆောင်ရွက်ချက် နိုင်ငံရေးလုပ်ကွက် အကြောင်းအရာသက်သက်မျှသာဖြစ်၍နေသဖြင့် သီလသံ၊ သမာဓိသံပါပါမှ ကြည်ညိုစိတ်ဝင်နိုင်မည့်သူတော်စင်တို့သည် ဂုဏ်မဟုတ်သည်ကို ဂုဏ်လုပ်၍ ဖွဲ့နွဲ့သည်ဟု ကဲ့ရဲ့ဘွယ်ရာပင် ဖြစ်ကောင်းဖြစ်ပေလိမ့်မည်။
ထို့ကြောင့် ဘုန်းတော်ကြီးများ နိုင်ငံရေးနှင့်ပတ်သက်ကောင်း မပတ်သက်ကောင်းဟူသော ပြဿနာကို အနည်းငယ်စိစစ်၍ ပြလိုပေသည်။
ဝိဋဋူဘမင်းသားသည် ပေဿနဒီကောသလမင်းနှင့် သာကီဝင်မင်းတို့၏ကျွန်မ ဝါသဘခတ္တိယာတို့မှ ဖွားသော အမျိုးမသန့်သော မင်းသားဖြစ်သည်။ ထို့ကြောင့် ယင်းဝိဋဋူဘမင်းသားသည် သာကီဝင်မင်းတို့၏ အပိလနေပြည်တော်သို့ အလည်အပတ်သွားသောအခါ သာကီဝင်မင်းတို့က အလယ်လဲကြောက်ကျက် ဟက်ဟက်ပက်ပက် မဆက်ဆံကြသည့်အပြင် ဝိဋဋူဘမင်းသားပြန်သည့်အခါ ထိုင်၍သွားသောနေရာ ကိုပင် ကျွန်မရဲ့သား ထိုင်သွားတဲ့နေရာဟုဆိုကာ ဆိုမြည်ဆဲရေး၍ နို့ရောသောရေဖြင့် ဆေးကြောပစ်ကြ လေသည်။ ဤအကြောင်းအရာကို ဝိဋဋူဘမင်းသားကြားသိရသောအခါ ငါဘုရင်ဖြစ်မှ ဒင်းတို့ရဲ့ လည်ချောင်းသွေးနှင့် ငါထိုင်တဲ့နေရာ ဆေးကြောမည်ဟု ကြီးစွာသောအာဃာတနှင့် သန္နိဋ္ဌာန်ချမှတ်ခဲ့ လေသည်။
ဝိဋဋူဘမင်းသည် သာဝတ္ထိပြည်ရှင် ဘုရင်အဖြစ်သို့ ရောက်သောအခါ ယင်းသို့ မဟာအာဃာတသန္နိာန် ချမှတ်ခဲ့သည့်အတိုင်း သာကီဝင်မင်းမျိုးအားလုံး ပြုတ်ပြုတ်ပြုန်းသတ်ဖို့ရန် ကြီးစွာသော စစ်တပ်ကြီးဖြင့် သာကီဝင်မင်းတို့၏ဌာန ကပိလနေပြည်တော်သို့ ချီတက်၍လာလေသည်။
မြတ်စွာဘုရားသည် ဤအကြောင်းအရာကို တွေးဆဆင်ခြင် သိမြင်တော်မူရ၍ ကောင်းကင်ခရီးဖြင့်ကြွကာ ကပိလဝတ်ပြည်၏ နယ်ဆုံးအနီး နေပျောက်ထိုး၍နေသော သစ်ပင်ကြီးအောက်၌ အဖော်မပါ ကိုယ်တော် တပါးတည်း သီတင်းသုံးနေတော်မူလေသည်။
ဝိဋဋူဘမင်းရောက်လာ၍ မြတ်စွာဘုရားကို ဖူးတွေ့ရသောအခါ မိမိသာဝတ္ထိနေပြည်တော်၏ နယ်နိမိတ်အနီး အလွန်အရိပ်ကောင်းသောပညောင်ပင်ကြီးကို ညွှန်ပြလျက် ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား အဘယ်အကြောင်းကြောင့် ဤသို့ ပူပြင်းသောအခါရာသီဝယ် ဤမလုံမလဲ နေပျောက်ကြဲ၍ နေသော သစ်ပင်အောက်၌ သီတင်းသုံးနေတော်မူပါသနည်း၊ အလွန်ဧမြ၍ အရိပ်အာဝါသနှင့်ပြည့်စုံသည့် ဟောဟိုညောင်ပင်ကြီးအောက်သို့ရွှေ့ပြောင်း သီတင်းသုံးတော်မူပါဘုရားဟု လျှောက်ထားလေသည်။
မြတ်စွာဘုရားက မြတ်သောမင်းကြီး ရှိစေတော့ ဆွေတော်မျိုးတော်တို့၏ အရိပ်မည်သည့် ဧမြပါ၏ ဟု မိန့်တော်မူလေသည်။ ဤဖြစ်ရပ်ကို အများနားလည်လွယ်သော စကားလုံးနှင့် ပညတ်ပါလျင် မြတ်စွာဘုရားသည် အမျိုးသားရေးအတွက် ဆန္ဒပြသည်ဟူ၍ပင် ဆိုရမည်မဟုတ်ပါလော။
ကပိလနှင့် ကောလိယမြို့ကို မှီတင်းနေထိုင်ကြသော တောင်သူလယ်သမားတို့သည် ထိုမြို့နှစ်မြို့ကြားရှိ ရောဟိဏီမြစ်မှရေကို မြောင်းသွယ်ယူဆောင်လျက် လယ်ယာစိုက်ပျိုးကာ အသက်မွေးကြရလေသည်။
ပြင်းထန်သောအပူရှိန်နှင့် ကြုံသည့်တခုသော နယုန်လအခါတွင် လယ်သမားတို့ ရေမလုံလောက်ဖြစ်ကြရာ ကောလိယလယ်သမားတို့က ငါတို့၏ကောက်စပါးသည် တရေလောက်သောက်ရခါမျှဖြင့် ပြည်ဝအောင်မြင် မည်ဖြစ်၍ ဤမြစ်ရေကို ငါတို့အားပေးပါဟု တောင်းဆိုလေသည်။
ကပိလလယ်သမားတို့ကလည်း သင်တို့စပါးကျည်၌ စပါးများပြည့်နေသည့်အခါ ငါတို့က မျက်နှာငယ်ငယ်နှင့် သင်တို့အိမ်ပေါက်သို့လာရောက်ပြီးမဝယ်နိုင်၊ ငါတို့၏စပါးများသည်လည်း ဤတရေသောက်လောက် ရခါမျှဖြင့် ပြည့်ဝအောင်မြင်မည်ဖြစ်၍ ငါတို့အားသာ ဤမြစ်ရေကိုပေးရမည်ဟု တောင်းဆိုလေသည်။
ဤသို့ ရောဟိဏီမြစ်ရေကို သူရသင့်သည်၊ ငါရသင့်သည်ဟု လယ်ယာလုပ်သားများအချင်းချင်း အငြင်းပွားရာမှ တစတစကျယ်ပြန့်ကာ တိုင်းပြည်အုပ်ချုပ်သည့် မင်းစိုးရာဇာ အကြီးအကဲများ ပါဝင်လာသည်အထိ ရန်ငြိုးရန်စ ငြင်းခုံကြသည့်အသံ အလွန်ကျယ်လောင်လျက် တကယ့်စစ်ပွဲကြီး အသွင်ကို ဆောင်လေတော့သည်။
ယင်းသို့ မပြောပလောက်သောမြစ်ရေကိုအကြောင်းပြု၍ ကပိလနှင့် ကောလိယ နှစ်ပြည်ထောင်မင်းတို့ စစ်ခင်းကြရန် ရဲမက်ဗိုလ်အစုံနှင့် ရောဟိဏီမြစ်ကမ်းခြေသို့ စစ်ထွက်ကြလေသောအခါ မြတ်စွာဘုရားသည် ကောင်းကင်ခရီးဖြင့် ကြွလာတော်မူ၍ ရောဟိဏီမြစ်အလယ် အာကာသကောင်းကင်ထက်၌ ထက်ဝယ်ဖွဲ့ခွေ တန်ခိုးတော်ဖြင့် သီတင်းသုံးနေတော်မူလျက်…..
၁။ သုသုခံ ဝတ ဇီဝါမ၊
ဝေရိနေသု အဝေရိနော။
ဝေရိနေသု မနုေဿသု၊
ဝိဟရာမ အဝေရိနော။
၂။ သုသုခံ ဝတ ဇီဝါမ၊
အာတုရေသု အနာတုရာ။
အာတုရေသု မနုေဿသု၊
ဝိဟရာမ အနာတုရာ။
၃။ သုသုခံ ဝတ ဇီဝါမ၊
ဥဿုကေသု အနုဿုကာ။
ဥဿုကေသု မနုေဿာသု၊
ဝိဟရာမ အနုဿုကာ။
ဤသုံးဂါထာဖြင့် စစ်ပြေငြိမ်းရေးတရား ဟော်ကြားတော်မူလေသည်။ ဤချက်သည်လည်း နှစ်ပြည်ထောင် စစ်ပြေငြိမ်းရေးအတွက် မြတ်စွာဘုရားကိုယ်တော်တိုင် ပါဝင်ဆောင်ရွက်ချက်ပင် ဖြစ်သည်ဟု ဆိုရမည် မဟုတ်ပါလား။
မာဂဓတိုင်း ရှင်ဘုရင် အဇာတသတ်မင်းသည် ဝိဇ္ဇီမင်းတို့နှင့် စစ်ခင်းရန်ကိစ္စ ကြုံကြိုက်၍လာခဲ့ရာ ဝဿကာရပုဏ္စားကြီးအား မြတ်စွာဘုရားထံ စေလွှတ်၍ မိမိအလိုရှိအပ်သည့်ကိစ္စကို လျှောက်ထားစေ လေသည်။
မြတ်စွာဘုရားထံသို့ရောက်၍ ပုဏ္ဏားကြီးက ဘုရင်မှာကြားလိုက်သောစကားကို လျှောက်ကြားသောအခါ အဇာတသတ်မင်းသည် ယခုအချိန် စစ်ဆင်ခဲ့လေလျှင် တရက်နှစ်ရက်အတွင်းမှာပင် ဝဇ္ဇီတိုင်းကို အောင်နိုင်စွမ်းရှိသည်၊ သို့သော် ဝဇ္ဇီမင်းတို့၌ သုံးနှစ်ခန့်မျှ အသက်တိုး၍ ရှည်ခဲ့ပါမူ ကုသိုလ်တရားတိုးပွား အောင် စွမ်းဆောင်နိုင်ရာသည်ကို မြင်တော်မူသော မြတ်စွာဘုရားသည် အနီးတွင်ရှိသော အရှင်အာနန္ဒာအား ချစ်သားအာနန္ဒာ ဝဇ္ဇီမင်းတို့ မပြတ်မလပ်စည်းဝေးခြင်း၊ အညီအညွတ်စည်းဝေးခြင်း၊ ရှေးမင်းတို့၏ ပညတ်ချက်ကို မပယ်ခြင်းစသော အပရိဟာနိယတရားများကို လိုက်နာကျင့်ကြံနေသမျှ ကာလပတ်လုံး ဆုတ်ယုတ်ခြင်းမရှိ တိုးတက်ကြီးပွား၍နေမည်သာ ဟု မိန့်တော်မူလေသည်။
ဤသို့ မြတ်စွာဘုရားမိန့်တော်မူသည့် စကားကို မင်းနှင့်ပုဏ္ဏားနှစ်ဦးသားတို့ ဆွေးနွေးဝေဘန် အတန်တန်ကောက်ချက်ချပြီး နောက်ဝဿကာရပုဏ္ဏားကြီးသည် ဝဇ္ဇီတိုင်းသို့သွားရောက်၍ ဝဇ္ဇီမင်းတို့၏ စိတ်ဝမ်းကွဲရေးကို သုံးနှစ်တိတိ ကြိုးစားရလေသည်။ ယင်းသို့ ကြိုးစားသဖြင့် ဝဇ္ဇီမင်းများသည် တဦးနှင့်တဦး မျက်နှာချင်းမဆိုင်နိုင်လောက်အောင် အကြီးအကျယ် စိတ်ဝမ်းကွဲပြားကြသောအခါ အဇာတသတ်မင်း စစ်ချီလေရော ဝဇ္ဇီတိုင်းကို လွယ်လင့်တကူ အောင်မြင်တော်မူလေသည်။
ဤအချက်သည်လည်း နှစ်ပြည်ထောင်မင်းတို့၏ စစ်ခင်းမှုညင်သာရေးအတွက် မြတ်စွာဘုရားကိုယ်တော် တိုင် ဝင်္ကဝုတ်အားဖြင့် ပါဝင်ဆောင်ရွက်ချက်ပင် မဟုတ်ပါလော။
ဤသည်တို့ကား ဘုန်းတော်ကြီးများ နိုင်ငံရေးနှင့်ပတ်သက်ကောင်း မပတ်သက်ကောင်းဟု သံသယဝင်၍လာသောအခါ မိမိတို့ကိုယ်တိုင် ဝိနိစ္ဆယချနိုင်ရန် နောက်ဆုံးပါးလိုက်သောစကား မှတ်စု လက်ဆောင်ဖြစ်ပေ၏။ ထို့ကြောင့် မိမိတို့၏စိတ်အစဉ်၌ ဘုန်းတော်ကြီးများ နိုင်ငံရေးဆောင်ရွက်ချက်မှ ဆောင်ရွက်ကောင်းပါ၏လော၊ သို့မဟုတ် မဆောင်ရွက်ကောင်းဘဲများရှိနေသလောဟု သံသယပသင်္ဂဝင်၍လာတိုင်း ဤမှတ်စုမှ ကမ်းလှမ်း၍နေသော ဗဟုသုတဖြင့် မိမိတို့ကိုယ်တိုင် ဝိနိစ္ဆယချ၍ မိမိတို့၏ သံသယပသင်္ဂကို မှုတ်လွှင့်ပယ်ရှားနိုင်ကြပါစေသောဟု တမ်းတယင်း ဤစာတန်းကို နိဂုံးချုပ်လိုက်ရပါတော့သတည်း။
ရွှေမျက်မှန် ဦးဝိဇယ၏ နယ်ချဲ့ဆန့်ကျင်ရေးလုပ်ရပ်နှင့် ဝံသာနုရက္ခိတတရားစာတန်း ဤတွင်ပြီးပါပြီ။