သတင်း

ဘန်ကောက်ဘုရားဖူးမိသားစု လာရောက်ဖူးမြော်

ဒီနေ့ 5.12.2017 ရက်နေ့ မနက် ၈း၃၀ နာရီမှာ ထိုင်းမိသားစု ရောက်ရှိလာပါတယ်။ ဘာသာပြန်ပေးတဲ့သူနှင့် မစိုးရိမ်တိုက်သစ်မှ ဦးဇင်းတစ်ပါး ချိတ်ဆက်ပြီး ဖူးမြော်ခွင့်တောင်းတာပါ။ နိုင်ငံရေး အမျိုးသားရေး စတာတွေ လုံးဝမပါပါဘူး။ ဘာသာ သာသနာအကြောင်းလဲ မပါပါဘူး။

ဝိပဿနာအကြောင်းသက်သက်ပဲ မေးလျှောက်သွားပါတယ်။ ထိုင်းနိုင်ငံဘန်ကောက်မြို့မှ ဆရာတော်တစ်ပါး ပြောပြထားလို့ စာရေးသူအကြောင်း သိထားပြီးပြီလို့ ဆိုပါတယ်။ စာရေးသူအကြောင်းပြောပြတဲ့ဆရာတော်က ထိုင်းလူမျိုးဆရာတော်တစ်ပါးပါပဲ။

သူတို့ရဲ့ ဆရာဘုန်းကြီးလို့ ဆိုပါတယ်။ အဝေးကြီးကနေ တကူးတကလာပြီး ဖူးမြော်ရအောင် ပြောပြပေးတဲ့ ထိုင်းဆရာတော်ကို ကျေးဇူးတင်ကြောင်း အရင်ဦးဆုံးပြောပြလိုက်ပါတယ်။ ကျန်တာတွေကတော့ ဝိပဿနာနှင့်ပတ်သက်တာတွေပဲ မေးကြဖြေကြ နည်းညွှန်ပြကြတာတွေပဲဖြစ်ပါတယ်။

မိသားစုသုံးဦးမှ နှစ်ဦးက သုံးသောင်းလေးထောင်ကျပ်စီ၊ တစ်ဦးက သုံးသောင်းသုံးထောင်ကျပ် နဝကမ္မအလှူငွေ စုစုပေါင်း တစ်သိန်းတစ်ထောင်ကျပ် လှူဒါန်းသွားပါသည်။ မစိုးရိမ်တိုက်သစ်မှာ နာယကဆရာတော် အပါး၂၀ရှိတယ်လို့ စုံစမ်းသိရှိရတဲ့အတွက် သင်္ကန်းအစုံ၂၀ ယူလာခဲ့တာ ဆရာတော်တစ်ပါးကို တစ်စုံလှူလိုက်လို့ ၁၉စုံပဲ ပါပါတော့တယ်။ ခရီးထွက်နေတဲ့ မဟာနာယကဆရာတော်ကြီးနှင့် အပြင်ရောက်နေသည့် နာယကဆရာတော်တစ်ပါးကို ချန်လှပ်ပြီး နာယက၁၉ပါးအား လှူဒါန်းလိုက်ပါတယ်။