သတင်း

ဒီလိုရေးကြစမ်းပါဗျာ

“ရဟန်းတစ်ပါးကို ထိုးကြိတ်ခဲ့မှု လွှတ်တော်ကော်မတီ စတင်စစ်ဆေး”

ရန်ကုန်၊ ဒီဇင်ဘာ ၎
မင်္ဂလာဒုံမြို့နယ်၊ ထောက်ကြန့်မြို့၊ စားသောက်ဆိုင်တစ်ဆိုင်တွင် ရဟန်းတစ်ပါးကို ထိုးကြိတ်ခံရမှုနှင့်ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်တရားစီရင်ရေး၊ တရားဥပဒေစိုးမိုးရေးနှင့် တိုင်ကြားစာများ အသနားခံစာများ စိစစ်ရေးကော်မတီက ယနေ့ ဒီဇင်ဘာ ၄ ရက်မွန်းလွဲပိုင်းတွင် ကွင်းဆင်း စစ်ဆေးခဲ့သည်။ “ဒီနေ့လွှတ်တော်ပြီးတာနဲ့ အရေးပေါ်အစည်းအဝေးပြုလုပ်ပြီး ကွင်းဆင်းစစ်ဆေးလိုက်တာပါ၊ နယ်မြေရဲတပ်ဖွဲ့တို့၊ အထွေထွေအုပ်ချုပ်ရေးအဖွဲ့တို့က ဥပဒေနဲ့အညီ ဆောင်ရွက်ထားတာ ရှိမရှိ သိရအောင် စစ်ဆေးခဲ့တာ၊ စစ်ဆေးတွေ့ရှိချက်တွေကတော့ ပြစ်မှုကျူးလွန်သူတွေကို ဖမ်းဆီးထားပြီးပြီ၊ ဆောင်ရွက်ထားတာက ဥပဒေနဲ့အညီ ဆောင်ရွက်ထားတယ်ဆိုတာ တွေ့ရှိခဲ့ရတယ်”ဟု တရားစီရင်ရေး၊ တရားဥပဒေစိုးမိုးရေးနှင့် တိုင်ကြားစာများ အသနားခံစာများ စိစစ်ရေးကော်မတီဥက္ကဋ္ဌ ဦးမြင့်လွင်က ရှင်းပြသည်။


ယနေ့ စစ်ဆေးပေါ်ပေါက်ချက်နှင့်ပတ်သက်၍ တိုင်းဒေသကြီးလွှတ်တော်မှတစ်ဆင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ကို တင်ပြသွားမည်ဖြစ်ကြောင်း၊ လွှတ်တော်အနေနှင့် သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများ၏ မှန်ကန်စွာဆောင်ရွက်ခြင်း ရှိ၊ မရှိ စောင့်ကြည့်သွားမည်ဖြစ်ကြောင်း ၄င်းကဆက်လက်ရှင်းပြသည်။


လှည်းကူးမြို့နယ်ရှိ ကုမ္မာဝတီကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တဣန္ဒကသည် နိုဝင်ဘာလ ၂၈ ရက် မွန်းလွဲ၁နာရီခန့်က ထောက်ကြန့်မြို့ရှိ ကမ္ဘောဇဘဏ်တွင် ငွေနှစ်သိန်းအပ်နှံပြီး ပြန်ထွက်လာရာ ဗိုက်အောင့်ဝေဒနာခံစားနေရပြီး ဆေးသောက်ရန် ဆိုင်တစ်ဆိုင်အတွင်း ဝင်ရောက်ကာ ရေနွေးတောင်းခံရာက ဘီယာဆိုင်ပိုင်ရှင် အမျိုးသားနှင့် စားသောက်ဆိုင်လာရောက်သူ အမျိုးသားတစ်ဦးတို့၏ ဝိုင်းဝန်းထိုးကြိတ်ရိုက်နှက်ခံခဲ့ရကြောင်း၊ ထိုသို့ ဝိုင်းဝန်းထိုးကြိတ်ခံရသည်မှာ သုံးနာရီနှင့်လေးနာရီနီးပါးကြာမြင့်ပြီး ဆရာတော်၏ ပိုက်ဆံအိတ်အတွင်းက ငွေကျပ်ငါးသိန်း ပျောက်ဆုံးသွားကြောင်း ဗဟန်းမြို့နယ်၊ ရေတာရှည်လမ်းဟောင်းရှိ သမ္မတသင်္ကန်းတိုက်တွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲထံမှ သိရသည်။


“ဆရာတော်က အမှန်တကယ်တရားအားထုတ်နေတဲ့ဆရာတော်၊ စာပေတွေလည်းရေးတယ်၊ ဆရာတော်က ငယ်ငယ်ကတည်းက ရဟန်းပြုထားတာ၊ ဇာတိက ရမ်းဗြဲမြို့နယ်ဇာတိ၊ ပုသိမ်မြို့၊ ပစ္ဆိမာရုံကျောင်းတိုက်မှာ ပညာသင်ပြီး ရဟန်းဖြစ်တယ်၊ သာသနာရေးနဲ့ပတ်သက်ရင် တရားပြ၊ တရားအားထုတ်တာတွေလုပ်နေတာ၊ ဝိနည်းတော်နဲ့အညီ နေထိုင်နေတဲ့ဆရာတော်ပါ”ဟု ထိုးကြိတ်ရိုက်နှက်ခံရသော ရဟန်း၏ ဆရာရင်းဖြစ်သူ ပုသိမ်မြို့ နိုင်ငံတော် သံဃာ့ဝန်ဆောင်ဆရာတော် ဦးအဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တခေမိန္ဒက မိန့်ကြားသည်။


ဆရာတော်အား ထိုးကြိတ်ရိုက်နှက်သူများကို ထောက်ကြန့်နယ်မြေရဲစခန်းက (ပ)၁၂၅၆/၁၇၊ ရာဇသတ်ကြီးပုဒ်မ ၂၉၅(က)/၃၂၃/၄၀၃/၁၁၄ဖြင့် အမှုဖွင့်ဆောင်ရွက်ပြီး ဖမ်းဆီးအရေးယူထားကြောင်း ယင်းသတင်းစာရှင်းလင်းပွဲထံမှ သိရသည်။
J 16