စာရေးသူနှင့် ရွှေညဝါဆရာတော်တို့ စတင်တွေ့ဆုံတာက ၂၀၀၁ ခုနှစ်မှာပါ။ ထိုစဉ်က ဝီရသူ(မစိုးရိမ်)ဟူသော ကလောင်အမည်က သာသနာလောကမှာ တတက်နေတစ်စင်းလို ထင်ရှားနေပါပြီ။ ရွှေညဝါဆရာတော်ကိုယ်တိုင် သူ့သင်တန်းမှာဟောပြောဖို့ ဖိတ်ကြားလို့ လာခဲ့တာပါ။ ရွှေညဝါဆရာတော်ကိုယ်တိုင် ဘူတာကြီးအထိ လာကြိုပေမယ့် စာရေးသူနှင့် လမ်းလွဲသွားခဲ့ပါတယ်။
သူ့သင်တန်းမှာ သုံးညဆက်တိုက် ဟောကြားခဲ့ဖူးပါတယ်။ ထိုစဉ်က စာရေးသူဟောကြားခဲ့တဲ့ နောက်မကျစေနဲ့ တရားတော်တို့ မိခင်ရွာက သာသနာတရားတော်တို့ဟာ BA MA Ph-D ဆရာတော်လေးတွေရဲ့ ရင်ထဲမှာ ယခုထိ တည်ရှိနေဆဲပါပဲ။
ရွှေညဝါဆရာတော်က စာရေးသူကို လက်အုပ်ချီပြီး လျှောက်ထားခဲ့ဖူးပါတယ်။ တပည့်တော် ပညာသီဟပါ။ ကျမ်းတော့ မပြီးသေးပါဘူးဆိုတာတော့ ခုထိ မှတ်မိနေပါတယ်။
စာရေးသူထက် သိက္ခာတော်ကြီးပေမယ့် ဓမ္မကထိကဂုဏ်ကို ရည်မှန်းပြီး လူချင်းတွေ့တဲ့အချိန်တုန်းက လက်အုပ်ချီ နှုတ်ဆက်တာဖြစ်နိုင်ပါတယ်။ အဘိဓမ္မာရွှေညဝါသင်တန်းအမည်ကြောင့်သာ ရွှေညဝါဆရာတော်ဟု အမည်တွင်လာပေမယ့် သူကိုယ်တိုင်တော့ စာဝါပို့ချမှု လုံးဝ မရှိခဲ့ပါဘူး။
နောက်တော့ စာရေးသူက မော်စကိုရောက်သွား၊ သူက ရွှေညဝါဆရာတော်အဖြစ်ထင်ရှား၊ စာရေးသူပြန်ရောက်လာတဲ့အခါကျတော့လည်း ရွှေညဝါအရေးအခင်းကြီးက ကြိုဆိုနေတော့တာပါ။ (ရွှေညဝါအရေးတော်ပုံ ပို့စ်ဟောင်းလေး ပြန်တင်ပေးပါ့မယ်။)
အဲဒီအချိန်မှာ စာရေးသူက ဖိုးသူတော်ဝတ်စုံနဲ့ပဲ ရှိပါသေးတယ်။ သင်္ကန်းပြန်မဝတ်သေးပါဘူး။ ဆရာတော် တော်တော်များများက လာနှုတ်ဆက်ကြ၊ ဖုန်းဆက်မေးကြ လုပ်ကြပေမယ့် ရွှေညဝါဆရာတော်ကိုတော့ စာရေးသူကပဲ ဖုန်းနံပါတ်ရှာပြီး အားပေးစကားလျှောက်ထားခဲ့တာပါ။
တွံတေးအရှင်ဣန္ဒက ဆရာတော်ရဲ့ မွေးနေ့မှာ တွေ့ရစဉ်တုန်းကလည်း စာရေးသူရယ်၊ ရွှေညဝါရယ်၊ ဒယ်အိုးဆရာတော်ရယ် လက်တွဲပြီး တိုက်ပွဲဝင်ကြဖို့ တိုင်ပင်ခဲ့ကြပါတယ်။
အဲဒီနောက်ပိုင်းတော့ စာရေးသူက မဘသဖြစ်၊ သူတို့နှစ်ပါးက မဘသရဲ့ အတိုက်အခံဖြစ်သွားကြပြီး လမ်းကွဲသွားကြတာပါ။ စာရေးသူ တရားဟောကြား၇ာမှာ ရွှေညဝါအကြောင်း တစ်ခွန်းတစ်ပါဒမျှ ထည့်သွင်းဟောကြားခြင်း မရှိပေမယ့် ရွှေညဝါကတော့ စာရေးသူမကောင်းကြောင်းတွေ တက်ထောင်မောင်းနင်း ဟောကြားလေ့ရှိပါတယ်။
သူဟောတဲ့အထဲမှာ စာရေးသူကပဲ သွေးကြောင်လို့ ဘေးရှောင်သွားသလို အောင်သောင်းတို့ ခရိုနီတို့ရဲ့ စပွန်ဆာကြောင့် ဦးသိန်းစိန်နဲ့ပူးပေါင်းသွားသလိုတွေပါပါတယ်။
အဲဒီနောက်မှာမှ အင်မတန်ဆိုးဆိုးဝါးဝါးတိုက်ခိုက်လာလို့ ရွှေညဝါအရေးတော်ပုံဆောင်းပါး ရေးခဲ့တာပါ။ ရွှေညဝါဆရာတော်ဟာ လူအထင်ကြီးအောင် ဟိတ်ဟန်တွေသုံးတတ်သလို အာပေါင်အာရင်းသန်သန်နဲ့လည်း စကားလုံးထွားထွားကြီးတွေ ပြောဆိုတတ်ပါတယ်။
မသိတဲ့သူတွေကသာ အထင်ကြီးကြပေမယ့် သိတဲ့သူတွေက လုပ်စားကြီးလို့ သတ်မှတ်ထားကြတာပါ။ သူ့အကြောင်းကို သံဃာတော်များ အသိဆုံးပါ။ အထူးသဖြင့် ရွှေညဝါဗုဒ္ဓတက္ကသိုလ်မှာ နေခဲ့ဖူးတဲ့ သံဃာတော်များ အသိဆုံးဖြစ်ပါတယ်။
ရွှေညဝါဆရာတော်မှာ ကိုယ်ပိုင်အတွေးအခေါ်မရှိပါဘူး။ မြှောက်ပေးရင် ဟိုဟာတက်အောင် က-တတ်သလို ဘုန်းကံကြီးမယ်ဆိုရင် ဘယ်သူနဲ့ပေါင်းရပေါင်းရ အောက်ကျို့ပြီးပေါင်းသင်းတတ်တဲ့သူကြီးပါ။ အင်းစိန်ရွာမဆရာတော်ကြီးရဲ့ ယမိုက်ပဋ္ဌာန်းသင်တန်းအောင်မြင်ချိန်မှာ သူကလည်း အဘိဓမ္မာရွှေညဝါ သင်တန်းဆိုပြီး ထ-လုပ်ပါတယ်။ စာရေးသူ နာမည်ကြီးနေချိန်မှာ စာရေးသူကို ပင့်ဖိတ်ပြီး ဟောပြောပွဲလုပ်လိုက်ပြန်ပါတယ်။
တက္ကသိုလ်တွေပေါ်ပေါက်လာပြန်တော့လည်း ရွှေညဝါဗုဒ္ဓတက္ကသိုလ်ဆိုပြီး ထ-လုပ်လိုက်ပြန်ပါသေးတယ်။ စာရေးသူ မော်စကိုရောက်သွားပြန်တော့လည်း ဗိုလ်ချုပ်ခင်ညွန့်နှင့်ပေါင်းကာ ဘုန်းကံကြီးအောင် ထူထောင်ပြန်ပါတယ်။ သူဖိတ်လို့ ဗိုလ်ချုပ်ခင်ညွန့်လာတဲ့အခါ သူက နိဂြောဓသာမဏေလေးလို မဟုတ်ဘဲ မြင့်မြတ်ရာမှဆင်းပြီး မြဝတီမင်းကြီးကျောင်းတိုက်ဆရာတော် အီရန်မူဆလင်တွေနဲ့ တွေ့ဆုံတဲ့အခါ ထိုင်သလိုမျိုးလေး အောက်ဆင်းထိုင်ပါတယ်။
ဗိုလ်ချုပ်ခင်ညွန့်အရှိန်အဝါနဲ့ နာမည်ကြီးအောင်ထပ်လုပ်လာတာက သူ့ပုံနှင့် ဗိုလ်ချုပ်ခင်ညွန့်ပုံတွေကို မျက်နှာဖုံးတင်ပြီး ပြက္ခဒိန်ထုတ်တာပါပဲ။ အခု သူကိုင်နေတဲ့ဖုန်းဟာ ဗိုလ်ချုပ်ခင်ညွန့်ထံ အောက်ကျခံပြီး တောင်းထားတဲ့ဖုန်းပါ။ အထက်စီးကနေ လှူလို့ယူတာမျိုး(အလှူခံရရှိထားတာမျိုး)မဟုတ်ပါဘူး။
ဗိုလ်ချုပ်ခင်ညွန့်တို့အဖွဲ့ အရေးနိမ့်သွားတဲ့အခါ ၈၈ အဖွဲ့တို့၊ ဒေါ်အောင်ဆန်းစုကြည်အဖွဲ့တို့နှင့် ပူးပေါင်းသွားပြန်ပါတယ်။
စာရေးသူပြန်ရောက်ပြီး Freedom Religion ဆုကို လန်ဒန်မှ ဆရာတော်ဦးဥတ္တရတို့က ပေးအပ်တဲ့အခါ စာရေးသူကိုပူဇော်ပွဲတွေ ကျင်းပပေးပြီး မြှောက်စားလိုက်ပြန်ပါတယ်။
အဲဒီလို စစ်အစိုးရခေါင်းဆောင်နဲ့ ပလူးပလဲလုပ်ခဲ့သူက ခုကျမှ ဒီလိုစကားမျိုးပြောလာတယ်ဆိုတော့ ရွှေညဝါသရုပ်မှန်ကို အများသိအောင် ထုတ်ပြန်ပေးလိုက်တာပါ။ “စိတ်မကောင်းတာက စစ်တပ်ဘက်မှပြတ်ပြတ်ကြီးကို ထင်ထင်ရှားရှားရပ်လိုက်တာက ဒကာမကြီးအတွက် စိတ်မကောင်းဘူး” “ဟိုတုန်းက စစ်ဖိနပ်အောက်မှာ ပြားပြားဝပ်ပြီးတော့ စစ်သေနတ်နဲ့ ချိန်ထားတဲ့ခေတ်တုန်းက လက်ချိုးရေလို့ ရတဲ့အခါမျိုးမှာ ထောင်မကြောက် တန်းမကြောက်နဲ့ ဆင်းရဲသားပြည်သူလူထုဘက်က ရပ်ခဲ့တာ”
သူ့စကားအရပဲ ပြန်မေးပါ့မယ်။ ရွှေညဝါဆရာတော် ထောင်မကြောက်တန်းမကြောက်နဲ့ စစ်အစိုးရကို တော်လှန်ခဲ့တာလေး ထုတ်ပြန်ပေးပါလို့။ စစ်ဖိနပ်အောက်မှာ ပြားပြားဝပ်တာကတော့ ဗိုလ်ချုပ်ခင်ညွန့်နဲ့တွဲရိုက်ထားတဲ့ ပြက္ခဒိန်က သက်သေပြနေပါတယ်။
ရွှေညဝါဆရာတော်ရဲ့မူက သာကူးဝါဒပါ။ တက်လာတဲ့အစိုးရ ငါ့အစိုးရဆိုတာမျိုးပါပဲ။ အဲဒီအတွက် စကားကြီးစကားကျယ်ပြောတတ်တာကိုတော့ လက်လံတယ်လို့ပဲ မှတ်ယူရပါမယ်။
မိတ္ထီလာအရေးအခင်းဖြစ်ပြီးစ BJနမ်ဘီးယားလာတော့ စာရေးသူက ပွဲထုတ်လိုက်ပါသေးတယ်။ သူက လူကြီးလူကောင်း မဆန်ပါဘူး။ UN အထူးဧည့်သည်တော်တွေရဲ့ရှေ့မှာ ကုလားနဲ့စကားများ ရန်ဖြစ်နေတာများ မြင်မကောင်းရှုမကောင်းပါ။ စာရေးသူ ဝင်ဆွဲတဲ့အချိန်မှာ အသားတွေ တစ်ဆတ်ဆတ်တုန်နေပါတယ်။
နောက်တစ်ခုက ရွှေညဝါဆရာတော်ဟာ ဖားတတ်တာ ရောတတ်တာ ဖော်ရှိုးလုပ်တတ်တာလည်း ကျွမ်းတယ်ဗျ။ ခင်ဗျားစကားတစ်ခွန်း သိပ်ကြိုက်တယ်ဗျာဟု ဦးအောင်မင်းအနားကပ်သွားပြီး လက်မောင်းချိတ်ပြောတာတွေ့ရတော့ စာရေးသူတောင် သူ့ကိုကြည့်ပြီး အံ့အားသင့်သွားပါတယ်။ ဦးအောင်မင်းက အလိုက်အထိုက်ပဲနေပြီး ဘာတစ်ခွန်းမှ ပြန်မပြောပေမယ့် သူကတော့ ရွှန်းရွှန်းဝေအောင် ချီးကျူးပြီး မြှောက်ပင့်ပေးနေတာပါ။
ဒီလိုနဲ့ သန္တိသုခအရေးတော်ပုံကြီး ပေါ်ပေါက်လာခဲ့ပါတယ်။ စာရေးသူကို သူတိုက်ခိုက်တာတွေ ဘာမှမသိသလိုပုံစံမျိုးနဲ့ သူ့ကို ဆရာတင်ပြီး ပွဲထုတ်လိုက်ပါတယ်။
ကြေညာချက်ထုတ်တဲ့အခါရော အစီအစဉ်တွေဆွဲတဲ့အခါမှာပါ သူဟာ ဘာတစ်ခုမျှ အကြံမပြုနိုင်ပါဘူး။ စာရေးသူနဲ့ ဦးပါမောက္ခနဲ့ပဲ ဦးဆောင်ခဲ့ကြရတာပါ။ စာရေးသူက သူရှက်သွားမစိုးလို့သာ သူ့ကို လက်အုပ်ချီပြီး ဒီလိုရေးလိုက်မယ်နော်ဘုရား စသည်ဖြင့် အရိုအသေပေးရေးသားခဲ့ရတာချည်းပဲ ဖြစ်ပါတယ်။
အဲဒီအချိန်မှာ စာရေးသူတို့ မဘသနဲ့ ဦးသိန်းစိန်အစိုးရ ဆက်ဆံရေး ပြေလည်နေပါတယ်။ ဒါပေမဲ့ ဒီသံဃာငါးပါးကို ဝင်စီးပြီး သင်္ကန်းချွတ် လူဝတ်လဲ ထောင်ထဲသွင်းတာတွေကို မကျေနပ်လို့ စာရေးသူနဲ့ ဦးပါမောက္ခက ရှေ့ထွက်ရပ်တည်ခဲ့တာပါ။ စာရေးသူတို့နှစ်ပါးလုပ်ရပ်ကြောင့် ရွာမဆရာတော်ကြီးဟာ မဟနခေါ်ယူသတိပေးကြိမ်းမောင်းတာကိုတောင် ခံခဲ့ရပါတယ်။
အဲဒီလို အစိုးရနဲ့ မျက်နှာအပျက်ခံပြီး ဘုရားသားတော်အချင်းချင်း ရိုင်းပင်းခဲ့ကြပေမယ့် ဒီကနေ့ ဦးပါမောက္ခအပေါ်ထားရှိတဲ့ ရွှေညဝါသဘောထားကို တွေ့မြင်လိုက်ရတဲ့အခါ ပိုပြီး ရွံမုန်းသွားပါတော့တယ်။
“ပါမောက္ခဖမ်းသင့်တာကြာပြီ”
“နောက်ထပ်လည်း ဖမ်းဦးမယ်ပြောတယ်”
နောက်ထပ်ဖမ်းဖို့ စီနီယာတွေ အများကြီးရှိသေးတယ်လို့ ပြောတာပဲ”
“ဘယ်သူတွေဆိုတာ လယ်ပြင်မှာ ဆင်သွားသလို ထင်ရှားနေတယ်”
ဘုရားသားတော်အချင်းချင်း ဒီလိုစိတ်မျိုးထားရှိတာဟာ တော်တန်ရုံ ဒေါသအာဃာတမျိုးနဲ့ မဖြစ်နိုင်ပါဘူး။
စာရေးသူတို့က ဘယ်အစိုးရတက်တက် သံဃာတော်တွေ အနိုင်ကျင့်မခံရအောင် ညွှန်ကြားလွှာတွေ ပြင်ဆင်ရေး ကြိုးပမ်းနေချိန်မှာ ရွှေညဝါဆရာတော်က ရဟန်းအချင်းချင်းမှ မစာနာ ဖမ်းသင့်တာကြာပြီဆိုတဲ့ စကားတွေ နောက်ထပ်ဖမ်းဦးမှာတွေအစား ဝမ်းသာပျော်မြူးပြီး သိသိကြီးနဲ့ ဖိန့်လုံးထွားနေတာတွေဟာ အစိုးရကို ဖားရာရောက်သလို သံဃာတွေကို ထပ်ဖမ်းခိုင်းရာလည်း ရောက်ပါတယ်။
ဒုဋ္ဌဂါမဏိတရားတော်ကြောင့် သီတဂူဆရာတော်ကြီးကိုလည်း ကျေနပ်ပုံမပေါ်ပါဘူး။ သီတဂူဆရာတော်ကြီးဆိုတာ ခေတ်အဆက်ဆက်မှာ နိုင်ငံရေးတရားတွေဟောပြီး အမှန်တရားဘက်မှ ရပ်တည်ခဲ့တဲ့ ပြည်သူ့အုတ်တံတိုင်းကြီး၊ သာသနာ့ခံတပ်မှူးကြီးပါ။ ရာဇောဝါဒသုတ္တန်ကြောင့် သီတဂူဆရာတော်ကြီး ပြည်ပမှာသွားနေခဲ့ရတဲ့ ပေးဆပ်မှုတွေကို ရွှေညဝါဆရာတော် သိပြီးသားဖြစ်မှာပါ။
ရွှေညဝါဆရာတော်ရဲ့ ရင်ထဲကိုဝင်ကြည့်လိုက်ပါ။ လောဘ ဒေါသ အာဃာတတွေ ပြည့်နှက်နေတာတွေ့ရပါလိမ့်မယ်။
အလောင်းအစားလုပ်တာတွေ၊ ပလ္လင်ပေါ်မရှောင် သံဃနာယကဆရာတော်တွေကို စိန်ခေါ်တာတွေ၊ တရားပွဲအပိတ်ခံရလို့ မဟနကို ချမယ် နှက်မယ်တကဲကဲ သတိလက်လွတ်ပြောဆိုနေတာတွေ၊ ဟိုဖားဒီဖား ဟိုမြှောက် ဒီမြှောက် အချီအပင့်ကြီးတွေ လုပ်နေတာတွေဟာ လောဘ ဒေါသ အာဃာတတွေရဲ့ သရုပ်သကန်တွေပါပဲ။
စာရေးသူဟာ ပုဂ္ဂိုလ်ရေးအရဆို အတော်သည်းခံတတ်သူပါ။ သံဃနာယကဆရာတော်ကြီးတွေကို စိန်ခေါ်ဖို့ မဆိုထားနှင့် ပလ္လင်ပေါ်မှာ ရဟန်းအချင်းချင်း မကောင်းသတင်းပြောကြားဖို့တောင် အင်မတန်ဝန်လေးသူပါ။
ဝီရသူ နဝတလက်ထက်မှာလည်း အမျိုးသားရေးလုပ်ခဲ့ပါတယ်။ ဝီရသူ ဦးသိန်းစိန်လက်ထက်မှာလည်း အမျိုးသားရေးလုပ်ခဲ့ပါတယ်။ ဝီရသူ NLD လက်ထက်မှာလည်း အမျိုးသားရေးလုပ်နေပါတယ်။
ဝီရသူဟာ အမျိုးသားရေးဘက်မှ တစ်ဆံချည်မျှ မရွေ့ခဲ့သလို ဦးခင်ညွန့်ဆီကလည်း ဘာအခွင့်အရေးမှ မယူခဲ့ပါဘူး။
ဦးသိန်းစိန်ဆီကလည်း ဘာအခွင့်အရေးမှ မယူခဲ့ပါဘူး။ NLD အစိုးရဆီကတော့ လက်ထိပ်ကလေးတွေ သံခြေကျင်းလေးတွေ မျှော်လင့်ထားတာတော့ ရှိပါတယ်။
အမျိုးသားရေးနဲ့ နိုင်ငံရေး အဲဒီမှာ ကွာခြားသွားတာပါ။ အမျိုးသားရေးသမားက ရဟန်းအချင်းချင်း သံဃာအချင်းချင်းဆို ဝေးဝေးရှောင်ပါတယ်။
နိုင်ငံရေးသမားတွေက ဘုန်းကြီးလည်းချမ်းသာမပေး၊ ဘုရားသားတော်အချင်းချင်းလည်း မစာနာ၊ ထေရ်ကြီးဝါကြီးတွေလည်း မညှာတာနိုင်ဘဲ ကိုယ်ကျိုးစီးပွားတစ်ခုတည်းပဲ ကြည့်တတ်တာပါ။
(ဤဆောင်းပါးအတွက် အပြည့်အဝ တာဝန်ယူပါသည်။)
ဝီရသူ(မစိုးရိမ်)
9.12.2017
PM 11:19